Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the publisher domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/burmesehearts/public_html/wp-includes/functions.php on line 6121
ကိုယ်မြည်းစမ်းမိသောအရသာ – BurmeseHearts

ကိုယ်မြည်းစမ်းမိသောအရသာ

0

အရသာလို့ဆိုလိုက်ရင် ချို ၊ ချဉ် ၊ ဖန် ၊ စပ် ၊ ငန် ၊ ဆိမ့် စသဖြင့် အရသာမျိုးစုံရှိပါတယ်။ လူတိုင်း အချို ၊ အဆိမ့်ဆိုတာကို ကြိုက်နှစ်သက်ကြတာ မဟုတ်ပါဘူး။ တချို့တွေကျတော့လည်း စပ်တယ်ဆိုတာကို အရသာတခုအနေနဲ့ တရှူးရှူး တရှဲရှဲ ခုံခုံမင်မင် စားလိုကြတယ်။ ဆိုလိုတာက လူတွေဟာ စိတ်အထွေထွေ ကွဲပြားတာနဲ့အမျှ အကြိုက်တွေလည်း မတူကြပါဘူး။ တချို့တွေက စမြည်းစမ်းကြည့်မိတုန်းက ဒီအရသာကို မကြိုက်ပေမယ့် အဲဒီမကြိုက်တဲ့အရသာကို စားဖြစ်နေရင်းက စွဲသွားတာမျိုးလည်း ဖြစ်တတ်ပါသေးတယ်။

လူ့ဘဝကြီးမှာလည်း လူမျိုးစုံနဲ့ ရသမျိုးစုံကို ခံစားကြရတာပါ။ “လူပဲ စိတ်ချမ်းသာချင်တာပေါ့” လို့ ဆိုပေမယ့် ကိုယ်တွယ်ဖက်နေမိသူက ကိုယ့်ကို စိတ်ဆင်းရဲအောင် လုပ်သူဆိုရင် စိတ်ဆင်းရဲအောင်လုပ်တတ်တဲ့ ဒီလူ့အမှားလား ၊ ကိုယ့်ကို စိတ်ဆင်းရဲအောင်လုပ်သူကိုမှ မခွဲနိုင်မခွါရက်ဖြစ်နေတဲ့ ကိုယ့်အမှားလေလား။ တခါတလေကျတော့ အကြောင်းကြောင်းတွေကြောင့် အခါးကို ကြိတ်မြိုနေရတာတွေလည်းရှိပါတယ်။ ငဲ့ညှာထောက်ထားစရာတွေကြောင့် ကိုယ့်ကို စိတ်ဆင်းရဲအောင် လုပ်တဲ့သူနဲ့ ကြိတ်မှတ်နေထိုင်ပေါင်းသင်းနေရတာတွေလည်း ရှိပါတယ်။

တခါတလေကျ ချိုမြိန်သယောင် အပေါ်ယံသကြားဖုံးထားတဲ့ အရာကို ခါးမှန်းမသိ ပါးစပ်ထဲရောက်သွားမှ ထွေးထုတ်ရအခက် ၊ ဆက်ဝါးရအခက် ဖြစ်နေတာမျိးလည်း ကြုံရတတ်တယ်။ ဒီအချိန်မှာ ပြတ်သားဖို့လိုတယ်။ ဆက်ဝါးရင် ဆက်ခါးလာမယ့်ဒဏ်ကို ခံနိုင်ရမယ်။ အခါးလုံးဝမနှစ်သက်ဘူးလို့ ကိုယ့်ဘာသာ သေချာနေရင် ဆက်ခါးလာနိုင်တယ်လို့ ခံစားမိတာနဲ့ ပါးစပ်ထဲက အဲဒီ သကာဖုံးထားတဲ့အရာကို ထွေးထုတ်နိုင်ရမယ်။

လောကကြီးထဲမှာ လှည့်ဖြားတတ်သူတွေရှိတဲ့အတွက်ကြောင့်မို့လို့ နူးညံ့ကြင်နာယောင်ဆောင်ထားတဲ့ ရက်စက်ကြမ်းကြုတ်ပြီး ယုတ်မာတတ်တဲ့သူတွေလည်း ရှိနေပါတယ်။ ကြင်နာတတ်သူပဲလေလို့ ထင်မှားမိလို့ လက်တွဲမိတယ်ဆို ဒီလူမကြင်နာတော့တာတွေ ၊ ပြောင်းလဲလာတဲ့အချိုးတွေ ၊ မညှာတာတဲ့လုပ်ရပ်တွေကို ခံစားမိတာနဲ့ ဒီအပြုအမူ ၊ အပြောအဆိုတွေကို သတိရှိနေသင့်တယ်။ စပြောင်းလဲရာကနေ အတော်ပြောင်းလဲလာပြီ။ အတော်ပြောင်းလဲရာကနေ တော်တော့ကို ပြောင်းလဲလာပြီး အရင်က နူးညံ့ကြင်နာမှုမျိုးတွေ ဒီလူ့ဆီမှာ ကိုယ့်အတွက် မရှိတော့ဘူးဆိုရင် ဘာအတွက် ဒီလူကို တွယ်ဖက်နေမလဲ။ ဆက်လက်ဆိုးရွားလာနိုင်တယ်ဆိုတာ ခံစားသိသင့်တယ်။ ခြေလှမ်းမကျွံခင် အလိမ္မာနဲ့ နှုတ်ဆက်လမ်းခွဲသင့်တယ်။

ချစ်လက်စ ခံစားချက်လက်ကျန်လေးတွေကြောင့်ပဲဖြစ်ဖြစ် ၊ သူ့လုပ်ရပ်တွေကြောင့်ပဲဖြစ်ဖြစ် ရင်ထဲမှာ ခါးသည်းနေတယ်ဆိုရင် ရင်ထဲကခံစားမှုတွေကို ရင်ထဲက အင်အားတွေနဲ့ပဲ တွန်းလှန်သင့်တယ်။ စိတ်ကို စိတ်နဲ့ပဲ ဆေးကြောရမယ်။ ခံစားချက်တွေကို အတွေးအခေါ်နဲ့ တိုက်ထုတ်ရမယ်။ ကိုယ်ဟာ မှန်ကန်တဲ့လုပ်ရပ်ကို ရွေးချယ်လုပ်ကိုင်လိုက်တယ်လို့ ယုံကြည်မှုရှိပါမှ ခံစားမှုတွေကို အတွေးအခေါ်က အောင်နိုင်ပါလိမ့်မယ်။

ကိုယ့်ကို စိတ်ဆင်းရဲမှုတွေ တတိတိပေးနေတဲ့ ဒီလူနဲ့မခွဲနိုင်ဘူးလား။ ရှေ့ဆက်လိုရင် ရှေ့ဆက်နိုင်ပါတယ်။ ကိုယ့်ရဲ့ ရွေးချယ်မှုပဲလေ။ ကိုယ့်ဆုံးဖြတ်ချက်ရဲ့ရလဒ်ကို ကိုယ်ပဲခံရမှာပေါ့။ ကိုယ့်အစား ဝင်ခံပေးမယ့်သူမရှိပေမယ့် ကိုယ်နဲ့ထပ်တူနီးပါး ခံစားရမယ့်သူတွေတော့ ရှိနေနိုင်ပါတယ်။ သူတို့တွေက လုံးဝအပြစ်ကင်းစင်လွန်းတဲ့ ကိုယ့်မျိုးဆက်လေးတွေပါ။ သူမူးတဲ့အချိန်တိုင်း ကိုယ့်ကိုရိုက်တတ်ရင် ကိုယ့်ကလေးတွေလည်း ကိုယ့်လို အရိုက်ခံရနိုင်တယ်။ ကိုယ့်ကို ဆဲရေးတိုင်းထွာတတ်လေ့ရှိသူကြောင့် ကိုယ့်ကလေးတွေဟာလည်း ဆဲရေးတိုင်းထွာ ခံရနိုင်တယ်။ ကိုယ့်အပေါ် သူလုပ်ခဲ့တဲ့ မနှစ်မြို့စရာတွေကို ဘာမှ မသိ ၊ နားမလည်သေးတဲ့ ကလေးတွေက ခံရမှာပါ။

လက်ထပ်ပြီး ပြောင်းလဲသွားမှာပေါ့။ ကလေးရရင် ပြောင်းလဲသွားမှာပေါ့လို့ တွေးနေမယ်ဆိုရင် လက်ထပ်ပြီး မပြောင်းလဲခဲ့ရင်ကောလို့ တွေးလိုက်ပါဦး။ လက်ထပ်ပြီး ကောင်းလာမှာပေါ့လို့တွေးနေရင် လက်ထပ်ပြီး ပိုဆိုးလာရင်ကောလို့ တွေးလိုက်ပါဦး။ အကောင်းကိုမျှော်လင့်ချင်တယ်ဆို အဆိုးကိုလည်း ရင်ဆိုင်နိုင်ဖို့ တွေးခေါ်ပြီး အားမွေးထားပါဦး။ ပစ္စုပ္ပန်တည့်တည့်ရှုရမယ်ဆို ကိုယ့်လူက လက်ရှိမှာ ဆိုးနေတာမဟုတ်လား။

၉၉.၉ ရာခိုင်နှုန်းသော ဆိုးလက်စ အမျိုးသားတွေဟာ နောင်မှာ ထို့ထက်ပိုဆိုးဖို့ပဲရှိပါတယ်။ တစ်ရာခိုင်နှုန်းကတော့ ဖခင်မေတ္တာရဲ့ ပြောင်းလဲမှုကြောင့် အိမ်ထောင်ကျပြီးရင် ပြောင်းလဲပြီး လူကောင်းတစ်ယောက်လို ၊ ဖခင်ကောင်းတစ်ယောက်လို နေထိုင်သွားကြပါတယ်။ ဒါပေမယ့် လူဆိုးတစ်ရာမှာ တစ်ယောက်လောက်ပဲ လူကောင်းဖြစ်ဖို့ကြိုးစားပြုပြင်တာနော်။ အဲဒီတစ်ယောက်ဟာ ကိုယ့်လူဖြစ်နိုင်တယ်လို့ စိတ်ကူးနေရင် ကိုယ်ဟာ ကိုယ့်ဘဝတွေတင်မက နောင်ဖြစ်လာမယ့် ကိုယ့်မျိုးဆက်တွေရဲ့  ဘဝတွေကိုပါ ကိုယ့်မျှော်လင့်ချက်နဲ့ လောင်းကြေးထပ်လိုက်တာပါ။ ဒီလိုလောင်းကြေးထပ်ဖို့ ထိုက်တန်ပါရဲ့လား။

မိတ်ဆွေ ၊ သူငယ်ချင်း ၊ ပတ်ဝန်းကျင်က အိမ်ထောင်ရေးတွေကို မျက်စိဖွင့် ၊ နားစွင့်ပြီး လေ့လာလိုက်ပါ။ လက်ရှိမှာ ဖြစ်ပျက်နေတာတွေကို အတိုင်းသားကြားနိုင်ပါတယ်။ အရင်က ကောင်းလှပါချည်ရဲ့ ၊ ချစ်လှပါချည်ရဲ့ဆိုတဲ့ ချစ်သူတော်တော်များများ လက်ထပ်ပြီး ငါးနှစ်အကြာ ၊ ဆယ်နှစ်အကြာ ၊ နှစ်နှစ်ဆယ်အကြာမှာ ဘာတွေ ဖြစ်နေကြသလဲလို့။

လက်ရှိကာလမှာ နှစ်ပင်လိမ် ၊ သုံးပင်လိမ် ၊ မလည်ပဲရှုပ် ၊ မရှင်းနိုင်ဘဲရှုပ် ၊ မကျွေးနိုင်ပဲရှုပ် ၊ ယူထားတဲ့အိမ်ထောင်တွေပစ် ၊ မယားတွေ တခုလပ်မဖြစ်ချင်ဘဲဖြစ်ကြ ၊ ကွဲချင်လဲ ထောက်ထားစရာတွေကြောင့် မျက်နှာအောက်ချ ပေါင်းနေရတာတွေ ၊ မပျော်တဲ့အိမ်ထောင်ရေးမှာ တဘဝစာ မြှုပ်နှံလိုက်ရတာတွေ ၊ အိမ်ထောင်ရေးသုခဆိုတာကို နားလည်ခံစားဖို့ထက် အိမ်ထောင်ရေးဒုက္ခတွေကို ရင်ဆိုင်ဖြေရှင်းလို့မပြီးတာတွေ ပြောရရင် အများကြီးပဲပေါ့။ ဒါကြောင့် အိမ်ထောင်ရေးဆိုတာကို ပေါ့ပေါ့လေးတွေးပြီး အပေါ်ယံခံစားချက်ကလေးကြောင့် ဇွတ်မတိုးကြပါနဲ့။

BurmeseHearts Blog

လူ့သက်တမ်းက (၇၀)တန်းပဲထားပါတော့။ အခု ကိုယ့်အသက်က (၂၀)ဆိုပါစို့။ လာမယ့် နှစ်ငါးဆယ်ဆိုတဲ့ ကာလထဲမှာ ကိုယ်ဟာ ဘယ်လိုဘဝမျိုးရဖို့ ရည်စူးထားသလဲ။ ဘယ်လိုလူနဲ့ လက်တွဲသွားချင်သလဲ။ ကိုယ်က အချိုလိုချင်ရင် အခါးကို မဖက်တွယ်သင့်ဘူးနော်။ ပျော်ရွှင်တဲ့အိမ်ထောင်ရေး တည်ဆောက်လိုပြီး ရည်းစားဘဝမှာကတည်းက ကိုယ့်ကိုနားလည်မှုမပေးနိုင်ဘဲ တကျက်ကျက် စကားများနေရတဲ့သူနဲ့ လက်တွဲသွားမယ် ၊ ဒါမှမဟုတ် ကိုယ့်အပြင် နောက်တယောက်ထားတဲ့ချစ်သူကို အဲဒီတစ်ယောက်လက်က ပြန်ဆွဲယူပြီး ပေါင်းသင်းမယ် ၊ ကိုယ့်မငဲ့ညှာတတ်တဲ့ အတ္တကြီးတဲ့သူ့ကို သူ့အပြင် သူ့အတ္တပါ လက်ထပ်ပေါင်းသင်းမယ် ၊ ကိုယ်မကြိုက်တာတွေ လုပ်လေ့ရှိသူကို မခွဲနိုင်တာ ၊ ချစ်စိတ်တခုတည်းကြည့်လို့ ပေါင်းသင်းမယ် ၊ အရက်စွဲလည်းစွဲပေါ့ ၊ ဆေးစွဲလည်းစွဲပေါ့ ၊ ဂိမ်းစွဲလည်းစွဲပေါ့ ၊ အလုပ်မဲ့လည်းမဲ့ပေါ့ ၊ နောင်တော့ သူ့အလိုလိုဖြစ်သွားမှာပေါ့ဆိုတဲ့ ခံယူချက်တွေနဲ့ ပေါင်းသင်းသွားမယ်ဆိုရင် ကျန်တဲ့သက်တမ်းမှာ ကိုယ်ဟာ တကယ်ပဲ ပျော်နိုင်ပါ့မလား။ ဒါဟာ ကိုယ်တွေးခေါ်ရမယ့်အလုပ်ပါ။

ကျွန်မ မိတ်ဆွေကောင်မလေး နှစ်ယောက်ရဲ့အကြောင်းကို ဝေမျှပါရစေ။ ပထမစုံတွဲက အမျိုးသားဟာ ကောင်မလေးထက် အသက်(၁၀)နှစ်လောက်ကြီးတယ်။ အကြောင်းမသိတဲ့သူဆို သူ့ကို အရမ်းအေးဆေးတဲ့သူလို့ ယုံကြည်ရလောက်အောင်ကို စကားနည်းပြီး “အေးပါ အေးပါ”ဆိုတဲ့စကားကို အမြဲလို ပြောလေ့ရှိသူမို့ သဘောကောင်းလှသူကြီးပေါ့။ ဒါပေမယ့် သူဟာ စိတ်ဆိုးပြီဆိုရင် သူ့ရည်းစားကောင်မလေးကို လက်ပါတာမှ ပုံခနဲလဲအောင်ကို ရိုက်တာ ၊ ညိုမဲစွဲအောင်ကိုရိုက်တာ ၊ ကောင်မလေးဟာ သူ့ကို ကြောက်ရလွန်းလို့ သူ့အရုပ်တစ်ရုပ်လိုဖြစ်သွားပါတယ်။

သူမူးတဲ့အခါ ကောင်မလေးက တခြားကောင်လေး ကြည့်တယ်လို့ စွပ်စွဲပြီးတော့လည်း ရိုက်တတ်တယ် ၊ မကြည့်လည်းကြည့်တယ် ၊ မလုပ်လည်းလုပ်တယ် ၊ သူပြောတာအမှန်ဆိုတဲ့လူစားမျိုးသူ့ကို ကောင်မလေးက အဲလိုအချိန်မျိုးတွေမှာ သူ့ရဲ့အဝေးဆုံး ထွက်ပြေးသွားချင်ပေမယ့် ကြောက်ရလွန်းလို့ လမ်းမခွဲရဲဘဲ ၊ နောက်တယောက်ဆိုတာလည်း မစဉ်းစားရဲဘဲ ၊ ဒီလူကလည်း ကောင်မလေးကို လက်မထပ်ဘဲ လိုတိုင်းပေါင်းသင်းနေရင်းနဲ့ ကောင်မလေးဘဝ သေသွားတာပေါ့။ ကောင်မလေးအိမ်ကိုတောင် ဒီလူ ဆိုးကြောင်း ပြန်အသိမပေးရဲတဲ့အထိ ဒီလူ့ကိုကြောက်ရပြီး ညိုမဲစွဲတိုင်း အိမ်မပြန်ဘဲ ဒဏ်ရာတွေပျောက်တဲ့အထိ ဒီလူနဲ့ နေပါတယ်။

နောက်တစုံတွဲကတော့ သက်တူရွယ်တူစုံတွဲလေးပါ။ (living togeter) လို့ခေါ်တဲ့ လက်မထပ်ဘဲ အတူပေါင်းသင်းနေတဲ့စုံတွဲလေးပါ။ သူတို့မိသားစုတွေက ရပ်ဝေးမှာမို့ သူတို့ပတ်ဝန်းကျင်က သူတို့ကို လက်ထပ်ပြီးသားစုံတွဲအဖြစ်ပဲ သိကြတယ်။ ကောင်လေးက ပျော်ပျော်နေတတ်တယ်။ ဖော်ရွေတယ် ။ သဘောကောင်းတယ်။ ကူညီတတ်တယ်။ ဟင်းချက်လည်းကောင်းတယ်။ အိမ်သန့်ရှင်းရေးကအစ ယောက်ျားအလုပ် ၊ မိန်းမအလုပ် သူက အကုန်လိုက်လုပ်တယ်။

ပြောစရာက လောင်းကစားမက်ပြီး ညတိုင်းသောက်တယ်။ မူးလာပြီဆိုရင် ကပြရင်ကပြ ၊ ဒီလိုမှမဟုတ်ရင် ကောင်မလေးနဲ့ အကြောင်းရှာပြီး ရန်ဖြစ်စကားများတော့တာပဲ။ ရိုးရိုးစကားများရုံတင်မဟုတ်ဘူး။ ကောင်မလေးကို လည်မြိုညှစ်ပြီး နံရံနဲ့ခေါင်းတိုက်တဲ့အထိကို သွေးဆိုးတတ်တယ်။ ဒါပေမယ့် မနက်မိုးလင်းရင် သူမလုပ်ခဲ့သလို ငိုယိုပြီး ဒူးထောက်တောင်းပန်တတ်တယ်။ အရက်မမူးခင်အထိ ကောင်မလေးကို အလိုလိုက်ပြီး ချစ်လိုက်တာမှတုန်လို့ ။ မသောက်ဘဲလည်း မနေနိုင်ဘူး။ သောက်ရင်သွေးဆိုးပြန်ရော။ ဒီလိုနဲ့သံသရာလည်နေတာပေါ့။

သူတို့နှစ်စုံတွဲစလုံးကို နှစ်နဲ့ချီသိခဲ့တဲ့ကျွန်မ သူတို့နဲ့အဆက်အသွယ်ပြတ်သွားချိန်အထိ သူတို့ဟာ အဲဒီအမျိုးသားတွေနဲ့ တွဲမြဲတွဲနေဆဲပါ။ သာယာတဲ့အိမ်ထောင်ရေးကို ထူထောင်ချင်တာပါလို့ အဲဒီကောင်မလေးတွေက ကျွန်မကိုပြောတယ်။ ကျွန်မမြင်နေရတာကတော့ သည်းထိတ်ရင်ဖိုအိမ်ထောင်ရေးထူထောင်ဖို့ သူတို့ဟာ လမ်းတဝက်ကျော်ကျော်တောင် ရောက်နေပေါ့လေ။ ရုန်းထွက်ဖို့အကြံပေးကြည့်မိတော့ ကြားစကားဖြစ်သွားတယ်။ တကယ်ဆို မိန်းမသားတွေဖြစ်တဲ့ သူတို့ကိုယ်တိုင်က ဖန်တန်တန် ၊ စပ်တပ်တပ် အရသာမှာ ငြိတွယ်နေမိသူတွေပါ။

ဟင်းပွဲတစ်ခု အရသာမကောင်းရင် နောက်ဟင်းပွဲတခုနဲ့ လဲလိုက်လို့ရပေမယ့် ဘဝဟာ ဟင်းပွဲမှ မဟုတ်ဘဲလေ။ တဘဝမှာ တအိမ်ထောင်ပဲထူထောင်ရင် မသာယာတဲ့ ဒီအိမ်ထောင်ရေးက ရုန်းထွက်ဖို့ကြိုးစားတာထက် မသာယာတဲ့အိမ်ထောင်ရေးကို မထူထောင်ခဲ့ရင် ပိုမကောင်းဘူးလားနော်။

ခြေလှမ်းကျွံပြီးမှ ပြန်နှုတ်ဖို့ကြိုးစားတာထက် ခြေလှမ်းမကျွံအောင် မလှမ်းသင့်တဲ့အရပ်ကို မလှမ်းတာပိုကောင်းပါတယ်။ မပေါင်းသင့်တဲ့သူနဲ့ မနီးစပ်တာ ပိုကောင်းပါတယ်။ မစမ်းသင့်တဲ့လူနဲ့ မစမ်းသင့်တဲ့အချစ် ခွဲခြားသိတတ်တာ ပိုကောင်းပါတယ်။ တကယ်တော့ အချစ်ဟာ နှလုံးသားခံစားချက်ချည်းပဲ မသင့်တော်လှဘူး။ ဦးနှောက်ကလေးကူပါမှ သာယာပျော်ရွှင်တဲ့ အိမ်ထောင်ရေးကို ထူထောင်နိုင်ပါတယ်။ ကျွန်မကတော့လေ အိမ်ထောင်ဘက်တိုင်းကို ပျော်ရွှင်သာယာတဲ့အိမ်ထောင်ရေးကိုပဲ ရစေချင်ပါတယ်။ တကယ်ချစ်တယ်ဆို သူ့အတွက် တကယ်ပြောင်းလဲနိုင်ရမှာပေါ့နော်။ မပြောင်းလဲနိုင်ဘူးဆိုရင် သူဟာ ကိုယ့်ကိုချစ်တယ်ဆိုတာထက် သူ့ကိုယ်သူ ပိုချစ်နေသူပါ။

ရတု (Burmesehearts.com)

You might also like