Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the publisher domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/burmesehearts/public_html/wp-includes/functions.php on line 6121
ကိုယ့်ကြမ္မာ ကိုယ်မပိုင်တဲ့ ကလေးဘဝဟာ အပူအပင်ကင်းသလား – BurmeseHearts

ကိုယ့်ကြမ္မာ ကိုယ်မပိုင်တဲ့ ကလေးဘဝဟာ အပူအပင်ကင်းသလား

0

အပြစ်မဲ့ဆုံးလူသားသည် ကလေးသူငယ်များဖြစ်သည်။
အပြစ်မဲ့ဆုံးလူသားသည် ကလေးသူငယ်များဖြစ်သည်။

ကလေးလေးတွေဟာ သူတို့နဂိုမူရင်းစိတ်ထားက ဖြူစင်တယ်ဆိုတဲ့ပြောစကား ကျွန်မအကြွင်းမဲ့ လက်ခံပါတယ်။ လူကြီးတွေက သူတို့ရဲ့ မွေးရာပါဖြူစင်နေတဲ့ စိတ်ထားလေးကို လာပြီးလွှမ်းမိုး အရောင်မဆိုးသရွေ့ သူတို့လေးတွေဟာ ဖြူစင်နေခဲ့တာပါ။

ကလေးတွေ အပူအပင်ကင်းတယ်ဆိုတဲ့စကားကိုတော့ နက်နက်နဲနဲ တွေးကြည့်လေ လုံးဝလက်မခံနိုင်လေပါပဲ။ ဒီလိုပြောဆိုသူတွေဟာ ကလေးတွေရဲ့ စိတ်ဖိစီးမှု ၊ အတိဒုက္ခတွေကို မျှဝေ မခံစားကြည့်မိသူတွေလို့တောင် ကျွန်မတွေးမိတယ်။

ဗုဒ္ဓဘာသာဝင်တစ်ဦးဖြစ်တဲ့ ကျွန်မဟာ ကံအကျိုးကြောင့် ကလေးတွေ သက်ဝင်မွေးဖွားလာခဲ့ရတာကို ယုံကြည်ပါတယ်။ အဲဒီကစလို့ တွေးကြည့်ကြရအောင်။

ပဋိသန္ဓေဝင်စားလာရတဲ့ ကလေးတွေမှာ ဘယ်မိဘထဲဝင်စားမယ်ရယ်လို့ ရွေးချယ်ခွင့် မရလာခဲ့ပါဘူး။ (ဗုဒ္ဓဘာသာအယူအဆအရ ကောင်းတဲ့ အတိတ်ဘဝက အကျိုးကြောင့် ကောင်းတဲ့မိဘဆီမှာ လူဖြစ်လာရပြီး မကောင်းတဲ့ အတိတ်ကံကြောင့် မကောင်းတဲ့မိဘဆီ ဝင်စားရတယ် ထားပါတော့။)

မိမိကိုအလိုမရှိဘဲ ဗိုက်ထဲမှာကတည်းက ငြိုငြင်နေတဲ့ မိခင်ဆီမှာ ၊ ကိုယ်ဝန်ဖျက်ချမယ့် မိခင်ဆီမှာ ၊ လူတစ်လုံးသူတစ်လုံး ဖြစ်အောင် မကျွေးမွေး မစောင့်ရှောက်နိုင်တဲ့ မိခင်ဆီမှာ ၊ မွေးပြီးပစ်ခွါသွားမယ့်မိခင်ဆီမှာ ၊ ခိုင်းစားမယ့်မိဘဆီမှာ ၊ ပတ်ဝန်းကျင်အလယ် မျက်နှာငယ်ရမယ့် မိဘများထံမှာ မဝင်စားချင်ဖူးလို့ ဒီကလေးငယ်ဟာ ရွေးချယ်ခွင့်မရှိသူပါ။

မွေးဖွားပေးပါအမေရယ်လို့ မိခင်ကိုယ်ဝန် ဖျက်မချအောင်လည်း မတားနိုင်သူပါ။ ချမ်းလို့မှ ခပ်နွေးနွေးလေး မထားနိုင်တဲ့ မိဘလိုမျိုးမှာ သားသမီးဖြစ်လာတဲ့ကလေး ၊ ရုပ်ပြတောင်းစားခြင်း ခံရတဲ့ကလေးတွေမှာ ဒီလိုမလုပ်ပါနဲ့ ၊ ဒီလိုလုပ်ပေးပါလို့ ပြောမရတဲ့ဘဝပါ။

နောက်ဆုံး နို့ဗူးမတိုက်ပါနဲ့ အမေ့နို့ချိုတိုက်ပါ ။ ဒီလူတွေနဲ့မထားခဲ့ပါနဲ့ အမေနဲ့နေပါရစေ စတာတွေကို မွေးကင်းစကလေးတွေဟာ ပြောခွင့် ၊ သူတို့အကြိုက် ရွေးချယ်ခွင့် မရကြပါဘူး။

ဘာမှမသိသေးတဲ့ လူ့လောကကြီးထဲ စကားပြောတတ်လာချိန်မှာ ကျင်လည်ရာ မိဘပတ်ဝန်းကျင်အပေါ် တည်မီပြီး လူကြီးတွေသင်ပေးတာပြောရင်း ဒီစကားတော့မပြောချင်ဘူး ။ ဒီလိုတော့မလုပ်ချင်ဘူး ကလန်ကဆန် လုပ်ခွင့်မရကြပါဘူး။

လူကြီးတွေမကြိုက်တာ ပြောရင် ၊ လုပ်ရင် အရိုက်ခံရမယ်။ အနည်းဆုံး အဆူခံရမယ်။ ဒီလိုနဲ့ လူကြီးတွေအကြိုက် လိုက်ပြော ၊ လိုက်လုပ်ရင်း ကိုယ့်အကြိုက်ဆိုတာကို သေသေချာချာ မသိဘဲ ကြီးပြင်းလာတဲ့ ကလေးတွေလဲ ဒုနဲ့ဒေးပါ။

ကိုယ်ပိုင်ဝင်ငွေနဲ့ ကိုယ်တိုင်ချက်ပြုတ်စားသောက်ခွင့် ၊ ကြိုက်ရာဝယ်စားခွင့် လူကြီးတွေလို မရှိတဲ့ ကလေးဘဝမှာ ဗိုက်ဆာရင်တောင် လူကြီးကျွေးမှ စားရမယ့်ဘဝပါ။ လူကြီးခေါ်သွားမှ ရောက်ရတဲ့ ကလေးကစားကွင်း ၊ လူကြီးသင်ပြမှ သိတတ်နားလည်တဲ့အရာများ အစစ အရာရာ လူကြီးအပေါ်တည်မီပြီး ရှင်သန်နေရတဲ့ နွယ်ပင်တစ်ခုလို ကလေးငယ်တွေရဲ့ဘဝဟာ တကယ်ပဲ အပူအပင် ကင်းရဲ့လားနော်။

ယေဘူယျအားဖြင့် လူတွေဟာ ဘယ်အချိန်မှာ ငိုကြွေးတတ်ပါသလဲ ။ ကိုယ်လိုချင်ရာနဲ့ တလွဲဖြစ်လာတဲ့ အခြေအနေမျိုးမှာ ၊ ဝမ်းနည်းလွန်းတဲ့အခါမျိုးတွေမှာ ၊ ဖြစ်နေတဲ့ အခြေအနေကို ဘယ်လိုမှ လက်ခံလို့မရတဲ့ အခါမျိုးတွေမှာ စတဲ့အခြေအနေမျိုးတွေမှာ ငိုကြွေးတတ်ကြပါတယ်။

မပြောတတ်သေးလို့ ငိုကြွေးတဲ့ကလေး ၊ အလိုမကျလို့ ငိုကြွေးခြင်းနဲ့သာ ဆန္ဒဖော်ထုတ်နိုင်တဲ့ ကလေး ၊ ဒီလို ဆန္ဒဖော်ထုတ်ရင်း လူကြီးမိဘများရဲ့ ရိုက်နှက်ခြင်းခံရတဲ့ ကလေးတွေဟာ အပူအပင်ကင်းပါသလား။ စိတ်ဖိစီးမှု လုံးဝမရှိဘူးတဲ့လား။

ကျွန်မခံစားမိသလောက်ကတော့ လူကြီးတွေထက်မသာရင်နေမယ်။ လူကြီးတွေထက်မလျော့တဲ့ အပူအပင်မျိုး ၊ စိတ်ဖိစီးမှုမျိုးတွေ ကလေးတွေမှာ ရှိကြပါတယ်။ လူကြီးမိဘတွေက သူတို့အပေါ် နားလည်မှုပေးပြီး လိုတိုးပိုလျှော့ ဆက်ဆံရေးနဲ့ နာယူချင်အောင် ဆုံးမပဲ့ပြင်ပေးမယ်ဆိုရင် ကလေးတွေရဲ့ အပူအပင်တွေ ၊ စိတ်ဖိစီးမှုတွေ သက်သာတတ်ပါတယ်။

အလုပ်မအားတဲ့ကြားထဲ ဒီကလေး တငိုငို ၊ တပူပူနဲ့လို့ မြည်တွန်တောက်တီးပြီး အငိုမတိတ်မချင်း ချတတ်တဲ့ မိဘလိုမျိုး ၊ အချိန်တန်လို့ မောလာရင် အငိုတိတ်သွားလိမ့်မယ်လို့ ပစ်ထားတဲ့ မိဘလိုမျိုး ၊ ဘာဖြစ်နေနေ မသိချင်တဲ့ မိဘလိုမျိုးတွေကို မိဘတော်ထားရတဲ့ ကလေးတွေရဲ့ အပူအပင်ကို နှိုင်းဆကြည့်ပါ။

အဲ့ဒီအချိန် ၊ အဲ့လိုအခါမျိုးမှာ ခါးသည်းအောင် နာကျည်းငိုကြွေးခဲ့ကြပေမယ့် ကိုယ်တိုင် မိဘနေရာရောက်လာရင် ငါ့တုန်းက ဒီလိုခံစားခဲ့ရပါလားလို့ ပြန်သတိမရတတ်ကြတော့ဘူး။ ကလေးဆိုတာဒီလိုပဲ။ ငိုလည်းခဏပေါ့လို့ ပေါ့ပေါ့လေး တွေးတတ်ကြတဲ့ မိဘမျိုးတွေရဲ့ ကလေးတွေမှာ စိတ်ဒဏ်ရာကြီးကြီး စွဲသွားပါတယ်။

အဲ့ဒီစိတ်ဒဏ်ရာဟာ စွဲလို့ စွဲသွားမှန်း ကိုယ်တိုင်တောင် မသိလိုက်ရဘဲ ကိုယ့်သားသမီးအလှည့်ရောက်ရင် ဒီလိုပဲ ပြန်ခံစားစေရင်း ဒါဟာ သဘာဝပဲလို့ ထင်နေတတ်ပါတယ်။

မိဘအချင်းချင်း ချစ်လို့ပဲဖြစ်ဖြစ် ၊ မုန်းလို့ပဲဖြစ်ဖြစ် ၊ လိုလားလို့ပဲဖြစ်ဖြစ် ၊ မလိုလားလို့ပဲဖြစ်ဖြစ် လူဖြစ်လာရတဲ့ ကလေးတွေဟာ မိဘများရဲ့ ချစ်ခြင်း ၊ မုန်းခြင်း ဓါးစာခံလေးတွေပါ။

မျိုးဆက်တွေလို့ လူတွေဆိုတတ်ပြီး ရတနာနဲ့ ခိုင်းနှိုင်းထားပေမယ့် အဲဒီရတနာကို ဘယ်လိုတန်ဖိုးထားရမှန်း သေချာမသိကြသူတွေက ကလေးတွေဟာ အပူအပင်ကင်းတယ်လို့ ခပ်လွယ်လွယ် သတ်မှတ်လိုက်ပြန်ရော။

ဒါပေမယ့် ကလေးတွေဟာ တကယ်ပဲ အပူအပင်ကင်းရဲ့လား ဆိုတာကို နက်နက်နဲနဲ တွေးကြည့်ကြဖို့တော့ ကျွန်မတို့တွေ မေ့နေကြတယ်နဲ့တူတယ်။

ရတု (burmesehearts.com)

You might also like