Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the publisher domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/burmesehearts/public_html/wp-includes/functions.php on line 6121
ကိုယ်ဝန်ဆောင်စဉ်ကာလ ခံစားမှုနှင့် အတွေ့အကြုံ – BurmeseHearts

ကိုယ်ဝန်ဆောင်စဉ်ကာလ ခံစားမှုနှင့် အတွေ့အကြုံ

0

yatu

နေ့ခင်းဘက် အိပ်လေ့မရှိတဲ့ ကျွန်မဟာ စာဖတ်ရင်း အိပ်ပျော်သွားတာမျိုး ၊ ကွန်ပျူတာကြည့်ရင်း အိပ်ပျော်သွားတာမျိုးတွေ ဖြစ်ပြီးနောက် ထူးခြားတဲ့ခံစားမှုကြောင့် ဆီးစစ်ရင်း ကိုယ်ဝန်ရှိကြောင်း သိခဲ့ရတာပါ။
ကိုယ်ဝန်ယူမယ်လို့ ဆုံးဖြတ်ပြီးမှ ရလာတဲ့ ဦးဆုံးသန္ဓေသားမို့ အစစ ဂရုစိုက်ပါတယ်။ အစာမစားနိုင်တဲ့အခါ ၊ အော့အန်နေတဲ့အခါတိုင်း ဒီအဆင့်ကို ကျော်လွန်ချင်မိတယ်။

ကျွန်မကတော့ ကိုယ်ဝန်လေးလခွဲ ၊ ငါးလလောက်အထိ အော့အန်လို့ကောင်းတုန်းပါပဲ။ အဲ့ဒီနောက်ပိုင်းမှ အတော်အဆင်ပြေသွားတယ်။

ကိုယ်ဝန်ခိုင်သွားပေမယ့် Down syndrome မစစ်ပြီးမချင်း ကျွန်မ စိတ်မချနိုင်သေးပါဘူး ။ ရလဒ်မသိမချင်း ကိုယ်လွယ်ထားတဲ့ ရင်သွေးလေးအတွက် ကျွန်မစိတ်ပူမိပါသေးတယ်။

ကိုယ်ဝန် (၁၂)ပတ်နဲ့ (၆)ရက်တိတိမှာ Down syndrome စစ်ပြီး ချက်ချင်းကို အဖြေသိရပါတယ်။ ကျွန်မက ကျွန်းမာရေးနဲ့ပတ်သက်လို့ ဘာပဲစစ်စစ် အဲဒီစစ်ချက်အဖြေကို ကော်ပီတောင်းပါတယ်။ သူတို့ရှင်းမပြတဲ့အရာတွေဆို နားလည်သူနဲ့မေးမြန်းကျင့်ရှိသလို အင်တာနက်မှာလည်း ရှာဖွေကျင့်ရှိပါတယ်။ စစ်ချက်မယူဘဲ သူတို့ပြောသမျှလက်ခံတဲ့သူတွေထဲမှာ စစ်ချက်အမှားပြောမိတာတွေ ရှိနိုင်တယ်လေ။ ဒါကြောင့် စစ်ချက်တိုင်း ကော်ပီရထားနိုင်ရင် အကောင်းဆုံးပါ။ တခုခု မှားယွင်းလာရင် လက်ဆုပ်လက်ကိုင်ပြလို့ရတယ်။

Screening tests နဲ့ စစ်ခဲ့တဲ့ Down syndrome စစ်ဆေးချက်မှာ (၉၀)ရာခိုင်နှုန်း ကောင်းတယ်လို့ အဖြေရခဲ့လို့ ကျွန်မ ပျော်သွားတယ်။ (၁၀၀)ရာခိုင်နှုန်း သေချာအောင်တော့ Diagnostic tests ကို ထပ်မစစ်တော့ဘူး။

ကလေးဟာ ကိုယ်ဝန်(၁၃)ပတ်နောက်ပိုင်းမှာ အရမ်းကိုလှုပ်ပါတယ်။ အိပ်ပျက်တဲ့ ညတွေ ပိုများလာတယ် ။ ခလု ခလု ခံစားချက်တွေလည်း ပိုများလာတယ်။ (သူက အထဲကနေ ဟိုရွေ့ ဒီရွေ့ လုပ်နေတာကိုး။)
ကလေးလှုပ်လွန်းရင် မိခင်လောင်းတွေ စိတ်အနှောင့်အယှက် ဖြစ်တတ်လားတော့မသိဘူး ။ ကျွန်မကလေးကတော့ ကျွန်မကို ဗိုက်ထဲကနေ နေ့စဉ်အချက်များစွာလိုလို ထိုးကြိတ်ကန်ကျောက်နေသလိုပဲ။ အရမ်းလှုပ် ၊ အရမ်းသန်လို့ တခါတလေ စိတ်အနှောင့်အယှက် ဖြစ်လာတဲ့အထိကို ခံစားခဲ့ရတာပါ။

ဆရာဝန်နဲ့ ဆွေးနွေးတော့ ဒါဟာ ကလေးကျန်းမာသန်စွမ်းလို့ပါတဲ့ ။ ဘာမှ စိုးရိမ်စရာမရှိသလို ဗိုက်ထဲက ကလေး မကန်အောင်လည်း လုပ်လို့ မရပါဘူးတဲ့ ။

ဒါနဲ့ ကျွန်မခင်ပွန်းက အင်တာနက်ကနေ အဖြေရှာကြည့်တဲ့အခါ ဗိုက်ထဲကကလေးနဲ့ စကားစမြည်ပြောပြီး ဗိုက်ကလေးပွတ်ပေးကြည့်ပါ ။ ကလေးကန်လို့ အမေစိတ်အနှောင့်အယှက် ဖြစ်ကြောင်း ဖွင့်ပြောကြည့်ပါလို့ အကြံပေးထားကြောင်း ပြောပါတယ်။

စိတ်အနှောင့်အယှက် ဖြစ်တဲ့အထိ ဗိုက်ထဲက ကလေး ကန်လာတဲ့အခါ ဒီအကြံအတိုင်း ဗိုက်ပွတ်ပြီး ကလေးနဲ့ စကားပြောကျင့် ရလာတယ်။ အဲဒါအကြံကောင်းပဲ ။ ဗိုက်ထဲက ကန်ကျောက်နေတဲ့ကလေးဟာ ကျွန်မဗိုက်ကလေးပွတ်လို့ စကားပြောလိုက်ရင် ငြိမ်သွားတယ်။ တချက်ချက်မှ ညင်ညင်သာသာ လှုပ်တော့တယ်။

ဒီကနေ ကျွန်မ သိလိုက်တာတစ်ခုက ကိုယ်ဝန်ဆောင်စဉ်ကတည်းက မိခင် နဲ့ ကလေးဟာ နွေးနွေးထွေးထွေး နားလည်မှု ယူလို့ရတယ်ဆိုတာကိုပေါ့ ။ ဒါဟာ ဆန်းကြယ်တဲ့ ဖြစ်ရပ်တစ်ခုလည်း ဖြစ်တယ်။

ကိုယ်ဝန်ရှစ်လ ကျော်လာတဲ့အခါမှာ ကျွန်မ အတော် ထိုင်ရ ၊ ထရ ခက်ခဲပြီး အအိပ်လဲ ခက်လာပါတယ်။

ကိုယ်ဝန်ရင့်တော့ ကြွက်တက်လာရော ။ တခါမှလည်း မတက်ခဲ့ဖူးတော့ အိပ်နေရင်း ဆိုးဆိုးရွားရွား ခြေထောက် ကြွက်တက်တဲ့အခါမျိုးတွေမှာ ယောင်ရမ်းခါထုတ်မိရင်း ပိုနာကျင်ခံစားရတယ်။

နောက်ပိုင်း ကျွန်မသိသွားတယ်။ ခြေထောက်ကြွက်တက်နေရင် ကြွက်တက်နေတဲ့ခြေထောက်ကို မလှုပ်ဘဲ ဝေဒနာအပေါ် မလှုပ်မယှက် တရားမှတ်လိုက်တယ်။ မိနစ်ပိုင်းအတွင်း ပျောက်သွားတယ်။ ပြီးတော့ ကြွက်တက်တဲ့ အကြိမ်အရေအတွက်လည်း နည်းလာတယ်။ ဒါကတော့ မှတ်မှတ်ရရပေါ့။

နေ့စဉ်အစားအသောက်တွေကိုလည်း ကိုယ်စားချင်တာ ပူပူနွေးနွေး ကိုယ်တိုင်ချက်စားတယ်။ အဲဒါ မွေးတဲ့အထိပဲ။ ဆရာဝန်တားမြစ်တဲ့အထဲမှာမပါတဲ့အရာတွေကို လတ်လတ်ဆတ်ဆတ်ချက်ပြီး ပူပူနွေးနွေးစားတယ်။ မနက်တစ်ကြိမ် ၊ ညနေတစ်ကြိမ် တစ်ခါလျှောက်နာရီဝက်လောက်နဲ့ လမ်းမှန်မှန်လျှောက်တယ်။ ကျောက်တုံးလေးတွေပေါ် (၁၀)မိနစ်လောက် တစ်နေ့နှစ်ကြိမ် ပုံမှန်နင်းပေးတယ်။

ကြားဖူးတဲ့ စကားတစ်ခုရှိတယ် ။ ကိုယ်ဝန်ဆောင်သည်ဟာ မွေးဖွားခါနီးရင် သုံးခါ ဖောရောင်ပြီးမှ မွေးတတ်တယ်တဲ့ ။ ကိုယ်ဝန်ဆောင်စဉ်ကာလမှာ မဖောရောင်ခဲ့ဖူးတဲ့ ကျွန်မဟာ မွေးဖွားခါနီးမှာ တစ်ကြိမ်တော့ ဖောရောင်ဖူးတယ် ။ အစားမမှား ဘာမှမမှားဘဲ ခြေထောက်တွေ ဖောရောင်တာပါ။ တစ်ကြိမ်ပဲ ဖောရောင်ဖူးတာမို့ သုံးကြိမ်ဖောရောင်မှ မွေးစတမ်းဆို ကျွန်မ ကလေး ဘယ်ထွက်လာပါ့ဦးမလဲ။

ကျွန်မကတော့ ကိုယ်ဝန်ဆောင်စဉ်အတွင်း အများအပြောထက် ကိုယ့်ကလေး နဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှု ပိုထားတယ်။ မနက် အိပ်ရာနိုးတိုင်း နဲ့ ည အိပ်ရာဝင်တိုင်း ကိုယ့်ကိုယ်ကို ပြန်ဆန်းစစ်တယ်။ အသက်ကို ဥာဏ်စောင့်တယ်ဆိုတာလည်း လုံးဝယုံကြည်တယ်။ ကိုယ်ဝန်ဆောင်သည်တွေဟာ သင်္ချိုင်းကို တစ်နေ့သုံးကြိမ် မျက်စောင်းထိုးတယ်ဆိုတဲ့စကား တကယ်ဟုတ် ၊ မဟုတ်တော့ ကျွန်မ မသိပါ။

ကျွန်မကတော့ စားသတိ ၊ သွားသတိ ၊ ဘာလုပ်လုပ် သတိထားပြီး ကျွန်မကိုယ်ဝန်နဲ့ ကျွန်မကိုယ်ကို စောင့်ရှောက်ခဲ့ရင်း ကျွန်မရဲ့ကိုယ်ဝန်ကို အောင်မြင်စွာ သဘာဝအတိုင်း မွေးဖွားနိုင်ခဲ့ပါတယ်။

ရတု (Burmesehearts.com)

You might also like