Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the publisher domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/burmesehearts/public_html/wp-includes/functions.php on line 6121
ကိုယ့်အိုးနှင့်ကိုယ့်ဆန် တန်အောင် စဉ်းစားပါလေ – BurmeseHearts

ကိုယ့်အိုးနှင့်ကိုယ့်ဆန် တန်အောင် စဉ်းစားပါလေ

0

မိသားစုဦးရေ ကန့်သတ်ခြင်းသည် ကလေးဖျက်ချခိုင်းခြင်းမဟုတ်။
မိသားစုဦးရေ ကန့်သတ်ခြင်းသည် ကလေးဖျက်ချခိုင်းခြင်းမဟုတ်။

ပြည့်စုံချမ်းသာသော မတောင့်မတ မိသားစုများမှလွဲ၍ အိမ်ထောင်တစ်ခုတွင် ကျွေးမွေးနိုင်သော လူအရေအတွက်မှာ အကန့်အသတ်နှင့် ဖြစ်ပေရာ မိသားစုဝင်ငွေနှင့် မိသားစုဦးရေ ၊ ၎င်းတို့၏ နေထိုင်စားသောက်ရေး ၊ ပညာရေး ၊ ကျန်းမာရေး အစရှိသည်တို့ကို ကြိုတင်တွက်ချက်၍ ဖူလှုံသည်ဟု ယုံကြည်မှုရှိပါမှ သားသမီးဦးရေ မည်မျှယူမည်ကို စဉ်းစားချင့်ချိန်ပြီး ယူသင့်သည်။

မိမိက ဖူလှုံသည်ဟု ယုံကြည်သည့်တိုင် အလုပ်အဆင်မပြေ၍ သော်လည်းကောင်း ၊ ရန်သူမျိုးငါးပါးကြောင့်သော်လည်းကောင်း အခြားအကြောင်းကြောင်းကြောင့် မိသားစုဝင်ငွေနှင့် စုဆောင်းငွေများ လျော့ကျသွားနိုင်သေးသည်။ သားသမီးယူပြီးမှ ဝင်ငွေနှင့် ထွက်ငွေ မမျှတ ၊ မလောက်ငခြင်းသည် သားသမီးများ အပြစ်မဟုတ် ။ မိဘများ၏ ပေါ့လျော့မှု အပြစ်သာဖြစ်သည်။

မိဘတွေခေါ်သွင်းလာလို့ လူ့လောကထဲရောက်လာသည့် သားသမီး၏ နေထိုင်စားသောက်ရေး ၊ ပညာရေး ၊ ကျန်းမာရေး ၊ ဗာဟီရကိစ္စရပ်များသည် မိဘနှစ်ဦးတာဝန်သာဖြစ်သည်။

သားသမီးမယူခင်က ကြိုတင်မစဉ်းစားခဲ့ဘဲ အရွယ်မရောက်သေးသည့် သားသမီးများကို အိမ်မိသားစုတာဝန်များ မျှထမ်းခိုင်းခြင်းသည် မတရားမှုသက်သက်သာ ဖြစ်သည်။

ပြည့်စုံချမ်းသာသော မိဘများမှ မွေးဖွားလာသည့်တိုင် မိမိမွေးထားသော သားသမီးများအား ငယ်စဉ်ကတည်းက ရင်အုပ်မကွာ ထိန်းသိမ်းကြပ်မတ်မှု ၊ လိမ္မာနားလည်အောင် သွန်သင်ဆုံးမခြင်းမျိုးမရှိဘဲ မသိတတ် ၊ မလိမ္မာသည့် သားသမီးတွေအဖြစ် ကြီးပြင်းလာမှ သားသမီးဆိုးရထားသည်ဟု ဆိုတတ်ကြသည်။

သားသမီးများ ဆိုးရခြင်းသည် ဤသားသမီးများကို နားလည်အောင် နည်းမှန်လမ်းမှန် ဆိုဆုံးမမှုမပြုခဲ့သော ၊ သားသမီးအတွက် အချိန်မပေးခဲ့သော မိဘများ၏ အပြစ်ဖြစ်သည်။

ရရှိထားသော သားသမီးများ ဆိုးသွမ်းနေပါက မြွေပွေး ခါးပိုက် ပိုက်ထားသကဲ့သို့ဖြစ်မည် ။ သားသမီးများကို သွန်သင်ဆုံးမဖို့ အချိန်မပေးနိုင်ဘဲ တသက်လုံးရှာထားသမျှ စည်းစိမ်ဥစ္စာများသည် (မိမိ အရင်လို မရှာဖွေနိုင်တော့သည့်အချိန်ကျမှ) ထိုသားသမီးများကြောင့် ကုန်သွားနိုင်သည်။ ထိုအခါ အိုမှဒုက္ခရောက်သည့် မိမိအား မည်သူက လာရောက်ကြည့်ရှု စောင့်ရှောက်မည်နည်း။

ထိုကဲ့သို့သော အသက်ကြီးမှ အထီးကျန် ၊ ဒုက္ခရောက်သည့် အဖြစ်များသည် တိုးတက်သည်ဆိုသည့် နိုင်ငံများ ၊ ချမ်းသာသည်ဆိုသော အသိုင်းအဝန်းများတွင် ဖြစ်ပွားလျက်ရှိနေသည်။

ထို့ကြောင့် သိတတ်နားလည်လိမ္မာသည့် သားသမီးလိမ္မာများ ရလိုသည်ဆိုပါက ၎င်းတို့ငယ်စဉ်ကတည်းက ၎င်းတို့အား ထောက်ပံ့ခြင်း ၊ မိသားစုတွင်း ပျော်ရွှင်စွာ ကြီးပြင်းစေခြင်း ၊ နည်းမှန်လမ်းမှန် ဆုံးမသွန်သင်ပေးခြင်း ၊ ၎င်းတို့အပေါ် နားလည်မှုပေးခြင်းတို့ဖြင့်သာ သားသမီးလိမ္မာများကို ရရှိပေမည်။

ရတု (Burmesehearts.com)

You might also like