Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the publisher domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/burmesehearts/public_html/wp-includes/functions.php on line 6121
ကတိဆိုတာ တည်ဖို့ပါ။ – BurmeseHearts

ကတိဆိုတာ တည်ဖို့ပါ။

0

ဒီနေ့ချက်မယ့် သမီးလေးရဲ့နေ့လည်စာကို သမီးကို ကျောင်းမပို့မီကတည်းက သူဘာစားချင်လဲဆိုတာ မေးထားတတ်တဲ့အကျင့်ရှိတယ်။ ကျွန်မကိုယ်တိုင်ကလည်း အရမ်းကို မေ့တတ်တဲ့အကျင့်ရှိတယ်။ သမီးလေးကိုကျောင်းပို့ပြီး အိမ်အသုံးအဆောင်နဲ့ မီးဖိုချောင်အတွက်လိုအပ်တာတွေ တနင့်တပိုးဝယ်လာခဲ့ပြီး အိမ်ရောက်လို့ အထုပ်အပိုးတွေချမှ သမီးလေးမှာတဲ့ ခေါက်ဆွဲကြော်ကျွေးဖို့ ခေါက်ဆွဲမေ့ခဲ့တယ်။ ဝယ်ဖို့ကိုမေ့ခဲ့တာမို့ အိမ်ကနေ တခေါက် ဈေးပြန်ထွက်ဝယ်မှရမှာ။
သင်ဆိုရင် ဘယ်လိုလုပ်မလဲ?
ခေါက်ဆွဲလေးတခုအတွက် ဈေးပြန်ထွက်ဝယ်မလား?
ဝယ်လာခဲ့တာလေးတွေထဲကပဲ အဆင်ပြေတာ ချက်ကျွေးမလား?
ကျွန်မကတော့ သမီးလေးကို ဒီနေ့သူစားချင်တာ ချက်ကျွေးမယ်လို့ ကတိပေးခဲ့မိတာမို့ အပြင်မထွက်ချင် ၊ ထွက်ချင်နဲ့ပဲ ပြန်ထွက်ပြီးခေါက်ဆွဲပြေးဝယ် သမီးကျောင်းပြန်အမီစားဖို့ အိမ်ပြန်ပြေးချက်ခဲ့တယ်။
သမီးကိုကျောင်းကြိုတော့ ကျွန်မဟာ ခေါက်ဆွဲဝယ်လာဖို့မေ့ခဲ့ပေမယ့် သမီးစားချင်တာ ချက်ကျွေးနိုင်ဖို့ ဈေးတခေါက်ပြန်ပြေးသွားပြီး အမီချက်ထားခဲ့တယ်ပြောတော့ ကျေးဇူးတင်တယ်လို့ပြန်ပြောလာတဲ့ သမီးလေးစကားကိုကြားတော့ ပင်ပန်းသမျှအမောပြေသွားခဲ့တယ်။
ကျွန်မ သမီးကို တိုက်ရိုက်မပြောခဲ့ဘဲ သင်ပေးခဲ့တာကတော့ ကတိဆိုတာ ပေးပြီးရင် တည်ရတယ်။ ဒါ့အပြင် ကျွန်မဟာ သမီးရဲ့ဆန္ဒကို တလေးတစား အလေးထားလုပ်ပေးတတ်တာကိုလည်း မပြောဘဲသိစေခဲ့တယ်။ ငါအမေပဲ ငါချက်ကျွေးတာ ကလေးစားရမယ်။ သူ့ရှေ့ရောက်လာတဲ့ ထမင်းဟင်းပန်းကန်ကိုသာ ကလေးစားရမယ်ဆို သူဘာစားချင်လဲ မမေးခဲ့တဲ့အမေဟာ ကလေးဘာအာသီသရှိနေလဲ သိခွင့်မရနိုင်တော့ဘူး။ ကိုယ်ဘာအာသီသရှိလဲလို့ အမေးလဲ မခံရ ၊ အမေးခံရရင် ငါဘာစားချင်သလဲဆိုတဲ့ အတွေးမျိုးလည်း အလေ့အကျင့်မရှိတော့ တခါတလေ ကိုယ်ဘာစားချင်လို့ စားချင်မှန်းတောင်မသိဘဲ ကျွေးတာလည်း မြိန်မြိန်မစား ဖြစ်နေတတ်တယ်။
ဒီအလေ့အကျင့်ဟာ အစာအာဟာရကိုမှ ကလေးအာသီသရှိတာ ရွေးချယ်ခွင့်ပေးတာမျိုးမဟုတ်ဘဲ ကာတွန်းကား တနေ့၁နာရီလောက် ပြတဲ့အချိန်လေးမှာတောင် မပြခင် သူဘာကာတွန်းကားကြည့်ချင်တာလဲ ၊ ဒီနေ့အိမ်စာအဖြစ် ဘာသင်ယူချင်တာလဲ ၊ ဘယ်သွားချင်တာလဲ ၊ ဘာလုပ်ချင်တာလဲ စသဖြင့်ကို အဖွင့်မေးခွန်းအနေနဲ့ ကလေး သူ့စိတ်သူပိုနားလည်လာအောင် လေ့ကျင့်ပေးလာခဲ့တာ ခုဆို ငါးနှစ်တောင်ရှိပြီပေါ့။
အကျိုးရလဒ်ကတော့ ကလေးဟာ မိဘစီစဉ်ပေးတာကိုပဲ မလုပ်ချင် လုပ်ချင်လုပ်နေ ၊ မစားချင် စားချင်စားနေတာမျိုးမဟုတ်တော့ဘဲ ကိုယ်ဘာလိုချင်လဲဆိုတာ ပြတ်ပြတ်သားသားသိတဲ့ အကျိုးကျေးဇူးကို ရပါတယ်။ ကလေးဟာရေရှည် သူစိတ်ပါဝင်စားရာ လုပ်ကိုင်နေပါမှ သူ့စိတ်နဲ့သူ့ကိုယ် တရှိန်ထိုးတိုးတက်လာနိုင်ပါတယ်။
ကိုယ်ရနေတာလည်း မလိုချင် ၊ ဘာလိုချင်မှန်းလည်းမသိ ၊ ကိုယ်လုပ်နေရတာကိုလည်း စိတ်မဝင်စား ၊ ဘာကို စိတ်အားထက်သန်နေမှန်းမသိ ၊ ဘယ်လိုအလုပ်မျိုးကို ဝါသနာပါမှန်းမသိ ၊ ကိုယ်ဘယ်အရာမှာ အားသန်နေမှန်းမသိရင် ခက်ရချည်ရဲ့နော်။
ရတု (Burmesehearts.com)
You might also like