မိဘနဲ့ သားသမီးဆက်ဆံရေး

0

အမေ့ဝမ်းထဲမှာ နေခဲ့ရတဲ့ကလေး ၊ အမေ့နို့ချိုနဲ့ လူဖြစ်လာခဲ့တဲ့ကလေး ၊ အမေ့ပြုစုစောင့်ရှောက်စုအများစုနဲ့ ကြီးပြင်းလာရတဲ့ကလေးတွေဟာ မိနဲ့ဘဆိုတဲ့ မိဘနှစ်ဦးအနက်မှာ အမေကို ခင်တွယ်တဲ့သူများပါတယ်။ သူ့ရဲ့မှတ်ဥာဏ်ထဲမှာ ဒီလူရဲ့ကဏ္ဍခပ်များများကို နေ့တဓူဝ မြင်တွေ့နေရလို့လည်း အဖေထက် အမေကို ပိုတွယ်တာတာ ဖြစ်ပါတယ်။ သူ့ကို နေ့တဓူဝ နားလည်စွာ ဂရုစိုက်ပြုစုစောင့်ရှောက်တဲ့သူကို သူက ပြန်တွယ်တာ ချစ်ခင်လာတာဖြစ်ပါတယ်။

တကယ်လို့များ သူ့ကို နေ့တဓူဝ နားလည်စွာ ဂရုစိုက်ပြုစုစောင့်ရှောက်တဲ့သူဟာ ကလေးထိန်း ၊ အိမ်အကူတွေ ဖြစ်နေရင်လည်း ဖြူစင်တဲ့ကလေးဟာ သူ့အနွံအတာခံသူကိုပဲ တွယ်တာမှာဖြစ်ပါတယ်။ မိဘက ပေးငှါးထားလို့ ဂရုစိုက်တယ်ဆိုတာ သူက နားမလည်နိုင်သေးဘူးလေ ။ သူ့ကို ဂရုစိုက်သူကို သူတွယ်တာမှာဖြစ်ပြီး သူ့ကို ဂရုမစိုက်နိုင်တဲ့သူကို သူဟာ အနေစိမ်းမှာဖြစ်ပါတယ်။ ကြီးတဲ့အထိ ပစ်ပယ်ထားခြင်းခံရရင် ကြီးတဲ့အထိ အနေစိမ်းသွားနိုင်ပါတယ်။ သွေးသားတော်စပ်တာက တော်စပ်တာတပိုင်း ၊ မေတ္တာတရားက မေတ္တာတပိုင်းပါ။ မေတ္တာပေးမှ မေတ္တာရတာကို ယုံကြည်ရပါမယ်။

ငါ့သွေးကဖြစ်လာတာ ငါ့သာ ချစ် ၊ ငါ့သာဦးစားပေးရမယ်ဆိုတဲ့ စိတ်ထား မိဘတွေထားရင် သားသမီးတွေနဲ့ ပိုဝေးကွာလို့သွားမှာပါ။ ကျွန်မအမြဲတမ်းပေးပြောပါတယ်။ သားသမီးတွေဆီက ကိုယ်လိုချင်တဲ့အရာကို ကိုယ်က ဦးစွာပေးပြီး တစ်ဦးနဲ့တစ်ဦး နွေးထွေးတဲ့မေတ္တာနဲ့ နားလည်မှုကို အခြေခံထားပါလို့ ဆိုထားတာဖြစ်ပါတယ်။ ကိုယ်ပေးတာတွေကို သူဟာ ခံစားရင်းနဲ့ နွေးထွေးတဲ့မေတ္တာကို သင်ယူမယ်။ ပြီးရင် သူကဒီလိုအပြုအမူ ၊ အလေ့အကျင့်မျိုးကို သူ့မျိုးဆက်အထိ ကျင့်သုံးယူသွားမှာဖြစ်ပါတယ်။ အင်္ဂလိပ်စကားမှာရှိတယ် ” Monkey see Monkey do.”တဲ့ ။ လူဟာမျောက်ကဆင်းသက်လာတာလို့ ယုံကြည်ကြတာမို့ မျောက်ဟာ သူမြင်တာအတုယူ လိုက်လုပ်တတ်တဲ့အကျင့်ရှိတယ်ဆိုတာနဲ့ တင်စားထားတာဖြစ်ပါတယ်။

မိနဲ့ဘ နှစ်ဦးမှာတောင် သားသမီးနဲ့ အနေဝေးပြီး စိမ်းတဲ့မိဘကို သားသမီးက စိမ်းနေနိုင်ပါတယ်။ အိမ်မှာရှိလျက် ၊ အတူနေလျက်က အနေစိမ်းတဲ့ မိခင် ၊ ဖခင်တွေကို သားသမီးကလည်း စိမ်းမှာပါ။ အိမ်စီးပွားရေးအတွက် အလုပ်ထွက်လုပ်ရတာ ၊ တနယ်ခြားမှာ အလုပ်တာဝန်အရသွားရလို့ သားသမီးနဲ့ ခွဲရတာ ၊ တမြေခြား တိုင်းတပါးမှာ စီးပွားရှာရတဲ့ မိဘတွေ သားသမီးနဲ့မစိမ်းအောင် နေ့စဉ်မဟုတ်တောင် အပတ်စဉ်ဖြစ်ဖြစ် ၊ နှစ်ပတ်ခြားတစ်ခါဖြစ်ဖြစ် ၊ လစဉ်ဖြစ်ဖြစ် အချိန်ပေးလို့ရရင် ရတဲ့အချိန်လေးမှာ သားသမီးကို ဖုန်းခေါ်ဖြစ်အောင် ၊ အွန်လိုင်းကဖြစ်ဖြစ် ရုပ်မြင်လျက် စကားပြောဖြစ်အောင် ရင်းနှီးနွေးထွေးမှု ယူရမှာဖြစ်ပါတယ်။

ဒီလိုတွေ့ချိန်ခဏလေးမှာ အပြစ်တင်တာတွေ ၊ မျက်စိထဲအမြင်မတော်တာတွေကို အသားပေး ပြောနေတာမျိုး မလုပ်ရပါဘူး။ စိတ်အလိုမကျတာရှိတာတော့ ရှိနေနိုင်ပါတယ်။ စိတ်အလိုမကျတာကို ရှေ့တန်းတင်နေတဲ့အခါ ရင်းနှီးနွေးထွေးမှုလုပ်ယူဖို့ဆိုတာ အချိန်ရနိုင်ပါဦးမလား။ ရလည်း စိတ်အလိုမကျမှုရှေ့တန်းတင် ပြောဆိုနေတာမို့ စိတ်ကြည်ကြည်လင်လင် ပြုံးပြုံးရွှင်ရွှင်နဲ့ သာယာချမ်းမြေ့တဲ့ လေလှိုင်းပေါ်က မိသားစုအချိန်လေးဆိုတာကို ရနိုင်ပါဦးလား။ ဒါကြောင့် ခဏတာ စကားပြောချိန်မှာ သာယာပျော်ရွှင်ဖွယ်ကောင်းတဲ့ မိသားစုအချိန်ကလေးကို လေလှိုင်းပေါ်ကဖြစ်ဖြစ် အင်တာနက်ပေါ်ကဖြစ်ဖြစ် ဖန်တီးလုပ်ယူပေးရမှာဖြစ်ပါတယ်။ ဒီလိုမှမဟုတ်ရင် ကလေးဟာ ကိုယ်နဲ့စိမ်းရုံအပြင် စကားပြောဆိုဖို့ ငြင်းဆိုလာတာတွေ ၊ မပြောချင်တာတွေ ၊ မပြောတော့တာတွေကိုလည်း ကြုံလာရနိုင်ပါတယ်။

အဝေးရောက် မိဘတွေဟာ စကားပြောတတ်တဲ့ သားသမီးနဲ့ စကားပြောတော့မယ်ဆိုရင် သူပြောချင်တာတွေကို အရင်ဆုံးဦးစားပေးနားထောင်ပါ။ စိတ်ဆင်းရဲမှု ၊ ကိုယ်ပင်ပန်းမှုတွေ ဘယ်လောက်ရှိနေလို့ စိတ်ဖိစီးနေပစေ ကလေးရှေ့မှာတော့ မျက်နှာကိုအချိုဆုံးထားပါ။ ကလေးပြောတာတွေကို စိတ်ရှည်လက်ရှည် ပြုံးပြုံးလေး နားထောင်နိုင်အောင် ကြိုးစားပါ။ အိမ်မှာ ၊ ကျောင်းမှာ နေ့တဓူဝ ဖြတ်သန်းပုံအကြမ်းဖျဉ်းနဲ့ စိတ်ထဲစွဲစွဲထင်ထင်ရှိတဲ့ အရာတွေကို မေးမြန်းဆွေးနွေးပါ။ သူမေးတာတွေကို အကောင်းဘက်ကနေ ဖြေပေးပါ။

အကောင်းဘက်က ဖြေပေးပါလို့ ဆိုတာဟာ အဆိုးဘက်က မဖြေခိုင်းတာဖြစ်ပါတယ်။ ပိုနားလည်အောင် ရှင်းရမယ်ဆိုရင် ကိုယ်ခံစားနေရတဲ့ စိတ်ဒုက္ခဝေဒနာတွေ ကလေးဆီကို မကူးစက်အောင် ဖြစ်ပါတယ်။ ဒါပေမယ့် နတ်ဘုံနတ်နန်းမှာ နေရတဲ့အလားတော့ ဖြစ်နေတာနဲ့တခြား ပိုမပြောမိစေနဲ့ပေါ့။ ဒီလိုပြောမိတဲ့အခါ သူတို့ (မိဘ)တွေကျတော့ ခမ်းနားတဲ့နေရာမှာနေပြီး သူ့ကိုကျတော့ မပြည့်စုံတဲ့နေရာမှာ ထားခဲ့တယ်လို့ ကလေးဟာ ထင်မှတ်မှားပြီး သိမ်ငယ်ဝမ်းနည်းစိတ်တွေ ဝင်သွားနိုင်လို့ ဖြစ်ပါတယ်။ ဒီလိုစိတ်ဝင်ပြီး ဖွင့်ထုတ်မပြောပေမယ့် သူ့စိတ်ထဲစွဲသွားရင် မိဘနဲ့သားသမီးဆက်ဆံရေးဟာ ကောင်းသင့်သလောက် မကောင်းတော့ဘူးပေါ့။

BurmeseHearts Blog

ကိုယ်ပြောသင့်တာက ကလေးနဲ့မိသားစုကို ပိုမိုပြည့်စုံအောင်ထားနိုင်ဖို့ မိသားစုရဲ့အဝေးမှာ နေထိုင်နေရတယ်။ မိသားစုကိုချစ်လျက်နဲ့ ခွဲနေရတယ်။ ကလေးကိုချစ်လျက်နဲ့ ခွဲနေရတယ်။ ဘယ်လိုလွမ်းတယ်။ ပြန်လာခွင့်ရတာနဲ့လာခဲ့မယ်ဆိုတာကို ဦးစားပေးပြောရမှာဖြစ်ပါတယ်။ အချိန်အတိအကျကို လေယာဉ်လက်မှတ်ရမှ ၊ ကားလက်မှတ် ၊ ရထားလက်မှတ် ၊ သင်္ဘောလက်မှတ် ဖြတ်ပြီးမှ ပြောပါ။

မသေချာပဲနဲ့ ခဏတာ ကလေးစိတ်ကျေနပ်အောင် ဘယ်တော့ ပြန်လာမယ်လို့ ကတိပေးပြောဆိုတာတွေ လုပ်ခဲ့ပြီး ပြန်မလာတဲ့အခါ ကိုယ်ဟာ ကလေးရဲ့မျှော်လင့်ချက်ကို ရိုက်ချိုးလိုက်သလို ၊ သူ့စိတ်ကို ဝမ်းနည်းအောင် လုပ်လိုက်သလိုပါပဲ။ တနည်းအားဖြင့် သူ့ရဲ့မျှော်လင့်ချက်နဲ့ ကိုယ်ဟာ ကစားခဲ့သလိုဖြစ်သွားတာပါ။ ဒါကြောင့် ကလေးကို အလွယ်တကူ ကတိပေးတာမျိုးကို ရှောင်ပြီး အတတ်နိုင်ဆုံး ကြိုးစားမယ်။ လုပ်ကိုင်မယ်ဆိုတာကိုပဲ သိစေရမှာပါ။ ဘယ်လမှာ ပြန်လာမယ့်လို့ ကိုယ့်စိတ်ထဲသေချာနေရင်တောင် မသေချာမှုတွေ ဝင်မလာခင် ကလေးကို ကြိုတင်ပြောဆိုတာတွေ မလုပ်မိဖို့ပါပဲ။ ကိုယ်တိုင်လုပ်ကိုင်ဆုံးဖြတ်ခွင့် မရရှိသေးတဲ့ ကလေးဘဝမှာ မျှော်လင့်ချက်ထားစရာဆိုလို့ မိဘနဲ့ ဆွေမျိုးအသိုင်းအဝန်းပဲရှိတယ်။ သူတို့စကားနဲ့ ကတိကိုပဲ အဟုတ်လုပ် ယုံကြည်မျှော်လင့်ရတာပါ။

ကလေးဘဝမှာ ကိုယ်ချစ်တဲ့သူပြန်လာမယ့်ရက်ကို ကြိုသိနေရင် ရက်တွေကို လက်ချိုးရေနေတတ်တယ်။ အဲဒီရက်ရောက်ဖို့ကို နေ့စဉ်အချိန်အကြာကြီးဖြတ်သန်းခဲ့ရသလို စောင့်မျှော်နေတတ်တာပါ။ မလာခဲ့ရင် သူ့မျှော်လင့်ချက်တွေဟာ ပျက်စီးရသလို မျှော်လင့်သလို ဖြစ်မလာတဲ့ အခြေအနေကို ဝမ်းနည်းတတ်တယ်။ ဖြစ်ချင်တာ ဖြစ်မလာခဲ့လို့ စိတ်ဓါတ်ကျတတ်တယ်။ အထပ်ထပ်အခါခါ ဒီလိုဖြစ်လာရင်တော့ စိတ်ဒဏ်ရာ ရမှန်းမသိ ရလာတယ်။ ဒါဟာ လူကြီးမိဘတွေ သတိမထားမိတဲ့အချက်ပဲ။ ဒါကြောင့် ကလေးသူငယ်တွေကို လွယ်လွယ်နဲ့ ကတိမပေးဖို့ ၊ ကတိပေးပြီးရင် မဖျက်ဖို့ ၊ ကလေးကိုပြောတဲ့စကားကို အရေးတယူမှတ်သားထားပြီး ဖြည့်ဆည်းပေးဖို့ကို ကြိုးစားရမှာဖြစ်ပါတယ်။

ဖခင်ကအဝေးမှာ မိခင်က ကလေးအနားမှာ ရှိနေတဲ့ မိသားစုတွေအနေနဲ့ ဖခင်ရဲ့တန်ဖိုးကို မိခင်က သားသမီးနားလည်အောင် ကလေးလသားအရွယ်ကတည်းက ဖခင်ရဲ့ပုံပြပြီး စကားပြောပြီးကစားတာ ၊ ပြောပြတာလေးတွေ လုပ်ရပါမယ်။ ဖခင်ဟာ ကလေးနဲ့မိခင်ရဲ့ စားသောက်နေထိုင်ရေးဖူလုံဖို့ ဒီလိုအဝေးမှာ နေရတယ်ဆိုတာကို ကလေးနားလည်အောင် ပြောရမှာဖြစ်ပါတယ်။ ဒီလိုပြောပေးခြင်းအားဖြင့် ကလေးဟာ ဘက်ပဲ့နေတဲ့ မိဘနေရာကို နားလည်သိတတ်လာပြီး ဖခင်ကို မမြင်ရတဲ့အချိန်မှာလည်း ချစ်ခင်တွယ်တာလို့ လေးစားနေမှာဖြစ်ပါတယ်။

မိသားစုကိုပစ်သွားတဲ့ ဖခင်ဆိုရင်ရော ……  ကလေးငယ်ရှိတဲ့ မိသားစုကို အကြောင်းကြောင်းကြောင့် ပစ်ခွါသွားတဲ့ဖခင်ရှိနေတဲ့ မိခင်ဟာ အတော်စိတ်ဒဏ်ရာ ခံစားရမှာဖြစ်ပါတယ်။ ဘယ်သူ့အမှားဆိုတဲ့ အကြောင်းထက် လူမမယ်ကလေးငယ်ကို လူလားမြောက်အောင် ၊ သူ့ခြေထောက်ပေါ် သူရပ်တည်နိုင်အောင် တစ်ဦးတည်းအားနဲ့ ဖြည့်ဆည်းပံ့ပိုးလို့ ကျွေးမွေးပြုစုသွားဖို့ဆိုတာ အတော်မလွယ်လှတဲ့အလုပ်ပါ။ ဒီတာဝန်ကို တစ်ရက် ၊ တစ်ပတ် ၊ တစ်လ ၊ တစ်နှစ်တည်း ထမ်းဆောင်သွားရမှာ မဟုတ်ဘူးလေ။ ဒီတော့ ရေရှည်ကို ခံစားကြည့်မိလေ စိတ်ထဲမှာ နာကျင်ဒဏ်ရာရလေ ဖြစ်နေမှာပါ။ ကိုယ့်စိတ်ဒဏ်ရာနဲ့ ခံစားချက်တွေက ကလေးစိတ်ဒဏ်ရာနဲ့ ခံစားချက်တွေအဖြစ် သူ့ဘဝတသက်တာလုံး မခံစားသွားရဖို့လိုတယ်လေ။

မိခင်ကိုယ်ဝန်ဆောင်စဉ် ဖခင်ကပစ်သွားတာမျိုး ၊ ကလေးလသား ၊ နှစ်သားအရွယ် လူမမယ်လေးမှာဖြစ်ဖြစ် ကလေး သိတတ်စမှာဖြစ်ဖြစ် ဖခင်ပစ်ပယ်ခြင်း ခံခဲ့ရတဲ့ မိသားစုမှာ ကလေးရဲ့စိတ်ဒဏ်ရာကို မိခင်က မေတ္တာတရား အသွင်ပြောင်းပြီး ကုစားပေးရမှာဖြစ်တယ်။ ကလေးရရှိသွားမယ့် စိတ်ဒဏ်ရာကို မကုစားပေးတဲ့အပြင် ဘယ်လိုမသိတတ်တဲ့ဖခင် ၊ ဘယ်လိုယုတ်ညံ့တဲ့ဖခင် စသဖြင့် မိမိခံစားမှုတွေ ကလေးကို ပြောခဲ့တာ ၊ ဖခင်မုန်းအောင် သင်ပေးတာ စသဖြင့်ဟာ ကလေးရဲ့ ဘဝတသက်တာ စိတ်ခံစားမှုတွေအတွက် မကောင်းပါဘူး။

ဒီအပြောတွေ ၊ ခံစားချက်တွေနဲ့ စိတ်ဒဏ်ရာရသွားတဲ့ကလေးဟာ ဖခင်ကို မုန်းသွားရုံအပြင် ဒီလိင်အမျိုးအစားတွေကိုလည်း မုန်းသွားနိုင်တယ်။ နောက်ဆုံး ကောင်းခြင်း ၊ ဆိုးခြင်း ခွဲခြားမြင်ရမယ်ဆိုတဲ့ အသိကို မမြင်နိုင်တော့ဘဲ အမျိုးသားတွေဟာ ဒီအမျိုးအစားတွေပဲလို့ မိသားစုနဲ့ မိမိစိတ်ခံစားချက်တွေကို အရင်းပြုလို့ ခြုံငုံသုံးသပ်ပြီး ဆုံးဖြတ်လိုက်ပါတော့တယ်။ ဒီတော့ သူ့ဘဝတသက်တာမှာ လူတစ်ဦးရဲ့ ကောင်းခြင်း ၊ ဆိုးခြင်းဆိုတာတွေကို သူ့လုပ်ရပ်နဲ့ ဆုံးဖြတ်ဖို့ထက် လိင်ကို အခြေခံပြီး ဆုံးဖြတ်တာ ဖြစ်သွားနိုင်ပါတယ်။

လူတိုင်းမှားဖူးတယ်။ ပြင်ဆင်လိုစိတ်ရှိသူကို ပြင်ဆင်ခွင့်ပေးရမယ်ဆိုတာကို နားမလည်နိုင်တော့ဘဲ သူ့စိတ်ဒဏ်ရာက ပြင်ဆင်ခွင့်မပေးတော့တဲ့ အခြေအနေကိုလည်း တွန်းပို့စေတယ်။ ဒီလိုစိတ်ဒဏ်ရာရသွားတဲ့သူဟာ တဘက်သတ်ဆန်သူတွေ ဖြစ်လာနိုင်တယ်လေ။ ဒါကြောင့် မိခင်ဟာ မိမိစိတ်ဒဏ်ရာကို ကလေးစိတ်ဒဏ်ရာ ဖြစ်မလာအောင် ၊ နောက်ဆုံး ပတ်ဝန်းကျင်ပြောစကားတွေ ၊ ဆွေမျိုးပြောစကားတွေနဲ့ ကလေးစိတ်ဒဏ်ရာမဖြစ်လာအောင် ပညာသားပါပါနဲ့ ထိန်းကျောင်းပေးသွားရမှာ ဖြစ်ပါတယ်။ မိခင် သို့မဟုတ် မိဘပစ်ပယ်ခြင်းခံရတဲ့ ကလေးတွေကိုလည်း ဖခင် သို့မဟုတ် လူကြီးမိဘတွေက ဒီလို ထိန်းကျောင်းသွားရမှာ ဖြစ်ပါတယ်။

နေ့စဉ်အလုပ်ဝင်ပြီး အိမ်ပြန်လာရတဲ့ မိဘတွေ အလုပ်ခွင်မှာ ပင်ပန်းတယ်။ စိတ်ဖိစီးမှုများတယ်။ ဒါပေမယ့် ဒီစိတ်ဖိစီးမှုတွေကို အိမ်အထိ သယ်မလာဖို့တော့ လိုပါတယ်။ ကားပေါ်က ဆင်းကတည်းက အလုပ်ထဲက စိတ်ဖိစီးမှုတွေကို ကားဂိတ်မှာ ၊ ရထားဂိတ်မှာ ၊ လမ်းထိပ်မှာ အလွှာလိုက်ချထားခဲ့ပါ။ အိမ်ထဲဝင်ပြီဆိုတာနဲ့ မိသားစုစိတ်ဓါတ်ကို ဝတ်ဆင်ပါ။ မျက်နှာကို အိမ်ကမိသားစုဝင်တွေအတွက် အတတ်နိုင်ဆုံး ပြုံးထားပါ။ ကိုယ်ဟာ အလုပ်မှာ စိတ်ဖိစီးမှုတွေရှိနိုင်သလို အိမ်မှာနေတဲ့ အိမ်ရှင်မနဲ့ ကျောင်းတက်နေတဲ့ သားသမီးတွေဟာလည်း သူတို့ဆိုင်ရာ စိတ်ဖိစီးမှုတွေ ရှိကြပါတယ်။ လူရယ်လို့ဖြစ်လာကတည်းက အလိုမကျမှု ၊ အလိုကျမှုတွေနဲ့ စိတ်ဖိစီးမှုအထွေထွေကို ခံစားနေကြရသူတွေပါ။

ကျွန်မအမျိုးသား အလုပ်ကပြန်လာရင် သူ့ကိုရယ်မောကြိုဆိုတတ်တဲ့ သမီးလေးကို အရင်ချီပွေ့ဖက်နမ်းပြီး လက်ဆေးတယ်။ သူ့အိတ်ထဲမှာ ပူဖောင်း ၊ ပူစီဖောင်း ၊ Surprise Egg ၊ တိုလီထွာလီ ကစားစရာလေးတွေကို ဘာရယ်မဟုတ် ထည့်ထားတတ်တယ်။ ကစားစရာအဟောင်းဖြစ်နေပေမယ့် အလုပ်ကပြန်လာတဲ့ ဖခင်အိတ်ထဲက ထွက်လာတဲ့အရာဟာ  စိတ်ဝင်စားစရာ အသစ်အဆန်း ပြန်ဖြစ်လို့နေပါတယ်။ ဒီ့ထက်တတ်နိုင်ရင် ကလေးအတွက်နဲ့ ဇနီးအတွက်ပါ စားစရာတွေ ဝယ်လာပေးတတ်တယ်။ အလုပ်ကပြန်ချိန်လေးဆိုတာကို ကလေးရဲ့ဘဝနဲ့ မိမိရဲ့ဘဝတသက်တာအတွက် ဒီလိုအမှတ်တရတွေကို လုပ်ယူထားပါတယ်။

အလုပ်ကိစ္စ ၊ အိမ်ကိစ္စ စိတ်ဖိစီးစရာတွေ ကျွန်မတို့တိုင်ပင်ဆွေးနွေးစရာရှိတယ်ဆို ကလေးရှေ့မှာ မပြောဘူး။ ကလေးရှေ့မှာ အတတ်နိုင်ဆုံး သဘောထား ကွဲလွဲမှုဆိုတာကို မပြပါဘူး။ အသံမြင့်လို့ကလေးလန့်လာပြီဆို နှစ်ဦးသဘောတူ ဟာသလုပ်လို့ ပြုံးရယ်ပွေ့ဖက်ရင်း စနောက်သလို အသွင်ပြောင်းပါတယ်။ ဒါဟာ ကလေးကို ဘာအကြောင်းကြောင့်မှ စိတ်ဒဏ်ရာမပေးဘူးဆိုတဲ့ နှစ်ဦးသဘောတူခေါင်းစဉ်အောက်မှာ အလိုမတူတဲ့ဆန္ဒတွေကိုလည်း ငြိမ်းအေးစေတာပါ။ ကလေးအိပ်မှ ကောင်းကောင်းဆွေးနွေးတယ်။ နှစ်ဦးသဘောတူညီချက်ယူတယ်။ ဒီအတိုင်း ရှေ့ဆက်လုပ်ဆောင်တယ်။ ကလေးဟာ မပြောတတ်သေး ၊ မသိတတ်သေးပေမယ့် အခက်အခဲကို ကျွန်မတို့ ဘယ်လိုကိုင်တွယ်ဖြေရှင်းတယ်ဆိုတာကို သင်ယူနေပါတယ်။

သူသင်ယူခဲ့တဲ့အတိုင်း သူ့အခက်အခဲတွေကိုလည်း ဖြေရှင်းတတ်တယ်လေ။ မိဘက စိတ်အလိုမကျတဲ့အခါ အော်ဟစ်သောင်းကျန်းရင် သူလည်း အော်ဟစ်သာင်းကျန်းမယ်။ ပစ္စည်းတွေ လွှင့်ပစ်ပေါက်ခွဲရင် သူလည်း ဒီအတိုင်းတုန့်ပြန်လုပ်ကိုင်မယ်။ မိဘတွေဟာ လက်ပါတတ်ရင် သူစိတ်အလိုမကျတိုင်း တပါးသူကို သူလည်း လက်ပါတော့မှာဖြစ်ပါတယ်။ ကလေးဟာ လူကြီးမိဘတွေရဲ့ ကြေးမုံပါ။ ကိုယ်တွေမှာ ဒီစရိုက်မရှိခဲ့ရင် သူ့အနားရှိသူတွေ ၊ သူ့ပတ်ဝန်းကျင်နဲ့ သူကြည့်ရှုနေခဲ့တဲ့ ရုပ်သံတွေမှာ ဒီဟာတွေ လွှမ်းမိုးထားခဲ့လို့ ဒီလိုပြောဆိုလုပ်ကိုင်တာဖြစ်ပါတယ်။

မိဘက သားသမီးကို နွေးထွေးမှ သားသမီးက မိဘကို နွေးထွေးစွာ ဆက်ဆံရကောင်းမှန်းသိမှာပါ။ အလုပ်ကပြန်လာရင် သို့မဟုတ် အဝေးကပြန်လာရင် သားသမီးကို ဂရုစိုက်နွေးထွေးမှုပေးဖို့ထက် ဟိုခိုင်း ၊ ဒီခိုင်း တောက်တိုမယ်ရ လုပ်ခိုင်းတာ ၊ နှိပ်နယ်ခိုင်းတာ စသဖြင့် လုပ်ကိုင်ခိုင်းတတ်သူတွေရဲ့ သားသမီးတွေဟာ မိဘမျက်စိအောက်မှာ မနေချင်ကြတော့ဘူး။ ရှောင်လာတယ်။ မြင်မှာစိုးလို့ ပုန်းကွယ်လာတယ်။ အရိပ်မြင်ရင်တောင် အော်ဟစ်ခိုင်းတတ်တဲ့ မိဘတွေဆိုရင် အရိပ်မမြင်အောင် ကြိုးစားလာကြတယ်။ ဒါဟာ သားသမီးနဲ့မိဘ ဆက်ဆံရေး ဝေးကွာလာမှု ၊ အေးစက်လာမှုတွေပါ။ ရေရှည်ဆို မကောင်းဘူးပေါ့။

မိဘတွေဟာ သားသမီးတွေဆီက မေတ္တာလိုချင်ရင် ကလေးကိုယ်ဝန်ရှိကတည်းက တလျောက်လုံး မေတ္တာပေးပါ။ နွေးထွေးမှုပေးပါ။ နားလည်မှုပေးပါ။ ယုံကြည်မှုပေးပါ။ ရိုးသားစွာဆက်ဆံပါ။ သူ့ဆန္ဒတွေကို လေးစားပါ။ ကလေးကို ကိုယ်ပေးတဲ့အရာတွေသာ စစ်မှန်နွေးထွေးပါစေ။ ဒါတွေတနေ့ ပြန်ခံစားရမှာပါ။ အတိုင်းအဆမရှိ ပြန်ရလာမှာပါ။ မေတ္တာပေးမှ မေတ္တာရတာပါ။

ရတု (Burmesehearts.com)

BurmeseHearts Courses

 

You might also like