ကလေး – BurmeseHearts http://www.burmesehearts.com Online courses marketplace in Burmese language. Become a student, become a teacher, learn Thu, 29 Nov 2018 07:26:45 +0000 en-US hourly 1 https://wordpress.org/?v=5.1.1 http://www.burmesehearts.com/wp-content/uploads/2015/09/cropped-SortingBurmeseNumbersA-32x32.png ကလေး – BurmeseHearts http://www.burmesehearts.com 32 32 ရိုးစင်းသော ကလေးတို့၏ပျော်ရွှင်မှု http://www.burmesehearts.com/%e1%82%90%e1%80%ad%e1%80%af%e1%80%b8%e1%80%85%e1%80%84%e1%80%b9%e1%80%b8%e1%80%b1%e1%80%9e%e1%80%ac-%e1%80%80%e1%80%b1%e1%80%9c%e1%80%b8%e1%80%90%e1%80%ad%e1%80%af%e1%82%94%e1%81%8f%e1%80%b1%e1%80%95/ http://www.burmesehearts.com/%e1%82%90%e1%80%ad%e1%80%af%e1%80%b8%e1%80%85%e1%80%84%e1%80%b9%e1%80%b8%e1%80%b1%e1%80%9e%e1%80%ac-%e1%80%80%e1%80%b1%e1%80%9c%e1%80%b8%e1%80%90%e1%80%ad%e1%80%af%e1%82%94%e1%81%8f%e1%80%b1%e1%80%95/#respond Sat, 18 Feb 2017 11:43:10 +0000 http://www.burmesehearts.com/?p=73893

ကလေးငယ်တွေရဲ့ ပျော်ရွှင်မှုဟာ လူကြီးတွေလိုမဟုတ်ဘဲ ရိုးစင်းလွန်းလှပါတယ်။ မွေးကင်းစကနေ တော်တော်လေးအရွယ်လောက်တဲ့အထိ သူတို့ အလိုလားဆုံးက သူချစ်ခင်တွယ်တာသူတွေရဲ့ အချိန်ပေးဂရုစိုက်မှုဖြစ်ပါတယ်။ ကလေးကို အချိန်ပေးလိုက်တာနဲ့အမျှ သူ့ကို ပိုနားလည်လာတယ်။ ဒီနားလည်မှုတွေထဲမှာ သူ့လိုအပ်မှု ၊ သူ့ဆန္ဒ ၊ သူ့အကြိုက်တွေအပြင် သူ့အားသာချက်နဲ့ သူ့အားနည်းချက်တွေကိုပါ သိနားလည်လာတာပါ။

နှစ်နှစ် ၊ သုံးနှစ်အောက် ကလေးတွေလောက်ပဲ အချိန်ပေးစောင့်ကြည့်ရတာလို့  လူကြီးမိဘတွေ အများစုက ထင်နေကြတယ်။ ကိုယ်က ကလေးကို အချိန်ပေးတာတွေ လျော့လာလေလေ ကလေးနဲ့ ကိုယ့်အကြား နွေးထွေးမှု လျော့နည်းလာလေလေလို့ မှတ်ရမှာပါ။ ကိုယ်ကအချိန်မပေးလေလေ ကလေးတွေနဲ့ ကိုယ်တွေဟာ အနေဝေးလာလေလေ။ ဒီတော့ ကလေးနဲ့ကိုယ့်ရဲ့ဆက်ဆံရေးဟာ စိမ်းလာလေလေ ဖြစ်လာမှာပေါ့။ ဒါဟာကောင်းတဲ့လက္ခဏာမဟုတ်ပါဘူး။

သုံးနှစ်အထက် ကလေးငယ်တွေဟာ သုံးနှစ်အောက် ကလေးငယ်တွေထက် ပိုသိတတ်လာတာမှန်ပါတယ်။ ဒီလိုသိတတ်လာတော့ အရွယ်လေးရလာတာနဲ့အမျှ ကလေးကို ကြည့်ရှုစောင့်ရှောက်ရတဲ့ လူကြီးမိဘဟာ ဟိုးအသေးလေးကအစ လိုက်လုပ်ပေးစရာမလိုတော့လို့ လက်လွတ်လာတဲ့အရွယ်လို့ ပြောကောင်း ပြောကြမှာပါ။

သုံးနှစ်အထက် ကလေးကြီးတွေဟာ ပိုသိတတ်လာတာနဲ့အမျှ သူတို့ရဲ့ဆန္ဒတွေဟာလည်း များသထက်များလာပါတယ်။ ကလေးတွေကို အချိန်ပေးတာ နည်းလာတဲ့လူကြီးမိဘတွေ ၊ ကလေးတွေကို သူ့ဘာသူ ထိန်းလာနိုင်တယ်ဆိုပြီး အနေဝေးလာတဲ့ မိဘတွေဟာ ကလေးတွေ တဖြည်းဖြည်း ကြီးလာလေလေ ၊ အရွယ်ကလေးရလာလေလေ သူတို့  ဘာကို ဆန္ဒရှိလို့ ဘာတွေလိုအပ်နေတယ် ၊ ဘာတွေ တောင့်တနေတယ် ၊ ဘာတွေဖြည့်ဆည်းပေးဖို့ တကယ်လိုတယ်ဆိုတာ သတိထားမိဖို့ ၊ သိရှိလာနိုင်ဖို့ ခက်လာပါတယ်။

ကလေးတွေနဲ့ အနေဝေးတော့ ဆက်ဆံရေးလည်း အေးလာတာနဲ့အမျှ ကလေးဘက်က ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောဆိုမှုတွေလည်း မရှိသလောက် နည်းလာပါတယ်။ ဒီလိုဆက်ဆံရေးရှိနေတဲ့ ကလေးကြီးတွေနဲ့ မိဘတွေဟာ တစ်ဦးအပေါ်တစ်ဦး နားလည်မှုတွေ လွဲလာတာမျိုး ၊ အထင်အမြင်တွေ လွဲလာတာမျိုးတွေ ဖြစ်လာတတ်ပါတယ်။ ဒီလိုဖြစ်လာတာများလေလေ ကလေးနဲ့လူကြီးမိဘအကြား ဆက်ဆံရေးတွေ ပျက်လာတတ်ပါတယ်။ ဘယ်အချိန်မှာ အသိသာဆုံးလဲဆို ကလေး လူပျိုပေါက် ၊ အပျိုပေါက် ဖြစ်လာတဲ့အချိန်မှာ ပိုသိသာလာပါတယ်။

မိဘနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးမရှိတဲ့ ကလေးတွေဟာ မိဘမဖြစ်စေချင်တာကို ရွေးလုပ် ၊ ရွဲ့လုပ်လေ့ရှိကြတယ်။ အိမ်နဲ့အဆင်မပြေတဲ့ ကလေးတွေဟာ အတတ်ကောင်းတွေကို အရွယ်မတိုင်ခင် ခပ်စောစော စမ်းရာက အရွယ်မတိုင်ခင် ရည်းစားသနာကိစ္စတွေလည်း ပါလာတတ်တယ်။ မြွေကို ခေါင်းကနေ ဘယ်လိုဖမ်းရမယ်ဆိုတာ နားမလည်ဘဲ အမြီးကနေကိုင်ပြီး မြွေနဲ့ကစားတဲ့သူလို တာဝန်ဆိုတာ မသိတတ်သေးခင် ချစ်ကြိုက်သူနဲ့ နယ်လွန်သွားတဲ့အခါ မဖြစ်သင့်တာတွေ ဖြစ်တတ်တာပေါ့။

သုံးနှစ်အောက် ကလေးငယ်တွေကို အချိန်ပေးလို့ အသေးစိတ်ကအစ ကြည့်ရှုစောင့်ရှောက်ပေးဖို့လိုသလို သုံးနှစ်အထက် တဖြည်းဖြည်း သိတတ်နားလည်လာတဲ့ ကလေးတွေကိုလည်း အချိန်ပေးဖို့လိုပါတယ်။ သူတို့ဟာ သိတတ်လာတာနဲ့အမျှ ဖြစ်ချင်တဲ့ဆန္ဒနဲ့ လိုချင်တဲ့ဆန္ဒတွေ များလာပါပြီ။

ဆန္ဒသာရှိပြီး ဖြစ်အောင် ၊ ရအောင် မလုပ်နိုင်သေးတဲ့ ဒီအရွယ်လေးတွေဟာ အလိုမကျစိတ်တွေ ဖြစ်လာပါတယ်။ အလိုမကျတာများလေလေ အလိုမကျစိတ်တွေ ကိန်းအောင်းလေလေမို့ သူတို့မှာ ဖြစ်ချင်တာ ၊ ရလိုတာလေးတွေ ရှိနေတာကို သူတို့မပြောခင် သတိထားမိဖို့ ၊ သင့်တော်ရာကို လိုက်လျောပေးဖို့တွေလည်း လိုပါတယ်။

တကယ်တော့ ကလေးတွေရဲ့ ဆန္ဒတွေဟာ ရိုးစင်းတာများပါတယ်။ သူတို့ဟာ ရိုးရိုးတွေးတာမို့ သူတို့ဖြစ်ချင်တာ ၊ ရလိုတာတွေဟာလည်း ရိုးစင်းနေတာပါ။ ဒါကြောင့် သူတို့ရဲ့ ပျော်ရွှင်မှုဟာလည်း ရိုးစင်းလှပါတယ်။ သူတို့ကို တကယ်ပဲ ပျော်စေချင်တဲ့ဆန္ဒတွေ လူကြီးမိဘမှာ ရှိနေတယ်ဆို သူတို့ကို အချိန်ပေးရုံပါ။ သူတို့ကို အချိန်ပေးပြီး စကားပြောဆွေးနွေးမယ်။ ကစားမယ်။ သူတို့ကို အဖော်လုပ်ပေးမယ်ဆိုရင် ကိုယ်ကအချိန်ပေး ၊ ဂရုစိုက်ပေးတာမို့ သူတို့ဟာ နွေးထွေးတဲ့ မေတ္တာကို ခံစားရပြီး သူတို့ဘဝကို ကျေနပ်ပျော်ရွှင်လာပါတယ်။

လူကြီးတွေးနဲ့ ကလေးတွေးဟာ ခြားနားလှပါတယ်။ လိုချင်တာတွေနဲ့ ပကာသနတွေ ရောထွေးလာတဲ့ လူကြီးမိဘဟာ ကလေးကို လိုလေသေးမရှိ ပံ့ပိုးပေးလိုက်တာ ၊ ဖြည့်ဆည်းပေးလိုက်တာတွေဟာ ကလေးကို ပျော်ရွှင်စေလိမ့်မယ်လို့ ထင်နေတယ်။ မတောင့်မတ ၊ မကြောင့်မကြ မတောင်းပဲလိုလေသေးမရှိ ရနေတဲ့ ကလေးဟာ ဘာအပူအပင်မှမရှိ ပျော်စရာအတိလို့ ထင်နေမယ်ဆို မှားပါတယ်။

ကစားစရာတွေပုံပြီး ကစားဖော်မရှိတဲ့ ကလေးရဲ့ အဖော်မဲ့မှု ၊ သူချစ်တဲ့သူတွေ သူ့ကိုအချိန်မပေးနိုင်တာကို နားမလည်နိုင်ဘဲ လက်ခံပေးနေရတဲ့ အခြေအနေမှာ သူ့အထီးကျန်မှုကို သူကလွဲလို့ ဘယ်သူမှ မသိနိုင်ဘူးလေ။ ကလေးကို တကယ်အချိန်ပေးတဲ့ မိဘတွေကျတော့ ဘာမှ ဝယ်မပေးနိုင်တဲ့ အခြေအနေတွေမှာတောင် ပါးစပ်ထဲရှိရာပုံပြင်တွေ ပြောပြ ၊ ပူစီဖောင်းတွေ ပူဖောင်းတွေ ၊ စက္ကူ လေယာဉ်ပျံနဲ့ စက္ကူလှေလေးတွေဟာလည်း ကလေးပျော်ရွှင်မှုကို ဆောင်ကျဉ်းပေးနိုင်ပါတယ်။

ပျော်ရွှင်မှုထက်ပိုတဲ့အခါ ကလေးဟာ သူ့ဘဝသူ ကျေနပ်နေတာပါ။ ဒီလို သူ့ကို အချိန်ပေးတဲ့သူ ၊ သူ့ဆန္ဒကို နားလည်ပေးတဲ့သူ ၊ သူ့ကို စိတ်ကျေနပ်ပျော်ရွှင်မှုတွေ ရရှိဖို့အလေးထားတဲ့ ဒီလိုမိသားစုထဲမှာ လူဖြစ်လာရတာ စတဲ့ အခြေအနေတွေအပေါ် ကျေနပ်ပြီးသူ့ဘဝကိုသူ ကျေနပ်နေတာပါ။

တခါတလေ ကိုယ်က လိုလေသေးမရှိထားပေမယ့် ကိုယ့်သားသမီးဟာ ဘာကို ကန့်လန့်တိုက်နေမှန်းမသိ မကျေမနပ်နဲ့ ဂျစ်တစ်တစ်ကလေး ဖြစ်နေတယ်ဆိုရင်တော့ သေချာတယ် ကိုယ်နဲ့ ကလေးရဲ့ ဆက်ဆံတွေဟာ နွေးထွေးမှုတွေ ဖြည့်တင်းပေးဖို့ လိုနေခဲ့တာ ဖြစ်နိုင်ပါတယ်။

မကျေမနပ်စိတ်တွေနဲ့ ကြီးပြင်းရမယ်ဆို ဘယ်လိုအခြေအနေမှာမဆို မကြိုက်တဲ့အရာတွေကို ဦးစားပေးတွေးတော့မှာပေါ့။ ဒီလိုဆို စိတ်မကျေနပ်မှုတွေကြောင့် ရခဲလှတဲ့လူ့ဘဝမှာ ပျော်ရွှင်မှုတွေနဲ့ စိမ်းသက်နေနိုင်ပါတယ်။ စိတ်ပျော်မှ လူပျော်တာပါ။

ရတု (Burmesehearts.com)

]]>
http://www.burmesehearts.com/%e1%82%90%e1%80%ad%e1%80%af%e1%80%b8%e1%80%85%e1%80%84%e1%80%b9%e1%80%b8%e1%80%b1%e1%80%9e%e1%80%ac-%e1%80%80%e1%80%b1%e1%80%9c%e1%80%b8%e1%80%90%e1%80%ad%e1%80%af%e1%82%94%e1%81%8f%e1%80%b1%e1%80%95/feed/ 0
မူကြိုတက်စ ကလေးငယ် http://www.burmesehearts.com/%e1%80%99%e1%80%b0%e1%82%80%e1%80%80%e1%80%ad%e1%80%b3%e1%80%90%e1%80%80%e1%80%b9%e1%80%85-%e1%80%80%e1%80%b1%e1%80%9c%e1%80%b8%e1%80%84%e1%80%9a%e1%80%b9/ http://www.burmesehearts.com/%e1%80%99%e1%80%b0%e1%82%80%e1%80%80%e1%80%ad%e1%80%b3%e1%80%90%e1%80%80%e1%80%b9%e1%80%85-%e1%80%80%e1%80%b1%e1%80%9c%e1%80%b8%e1%80%84%e1%80%9a%e1%80%b9/#respond Wed, 18 Jan 2017 05:23:15 +0000 http://www.burmesehearts.com/?p=73491
မွေးကတည်းက ဆိုးလာတဲ့ကလေးရယ်လို့မရပါဘူး။ ဆိုးလာစေတဲ့အကြောင်းတွေကြောင့် ကလေးဆိုးဖြစ်လာတာပါ။

မူကြိုတက်စအရွယ်မှာ ဘာတွေခံစားတတ်ကြသလဲ။ သူတို့ကို ဘယ်လိုနားလည်မှုပေးလို့ ဘာတွေဖြည့်ဆည်းပေးရမလဲ ။ ဘာတွေပံ့ပိုးပေးဖို့လိုသလဲဆိုတာဟာ ကလေးကျောင်းနေပျော်ဖို့ အထူးအရေးကြီးပါတယ်။ ကလေးငယ်ငယ်ကတည်းက Nursery မထားခဲ့ဖူးဘူးဆိုရင် မူကြိုကျောင်းဆိုတာ သူတို့ဘဝမှာ ပထမဆုံး အိမ်နဲ့ခွဲခွါရတဲ့ မှတ်တိုင်တခုပါ။ အဲဒီနေရာမှာ သူတို့ပျော်ပါမှ ဒုတိယအဆင့် ဆည်းပူးခြင်းဆိုတာကို သူတို့ပျော်မှာပါ။

မူကြိုကျောင်းစထားတဲ့နေရာဟာ သူတို့အတွက် စိတ်ဖိစီးစရာနေရာကြီးဖြစ်နေမယ် ၊ အဲဒီမှာရှိတဲ့လူတွေက သူတို့ကို မကြင်နာတတ်တဲ့သူတွေဖြစ်နေမယ်ဆိုရင် သူတို့စိတ်ထဲမှာ အိမ်နဲ့ ၊ မိဘဆွေမျိုးနဲ့ ခဏတာခွဲခွါရတာကို ကြောက်ရွံ့စိုးရိမ်စိတ်ကတမျိုး ၊ သူတို့အပေါ် မကောင်းဘူးလို့ သူတို့မှတ်ယူထားသူတွေနဲ့ နေရတာ ကြောက်ရွံ့စိုးရိမ်စိတ်ကတမျိုး စသဖြင့် ဒီစိတ်တွေ ဖိစီးနေမယ်ဆိုရင်တော့ ဒုတိယအဆင့်ဖြစ်တဲ့ ဆည်းပူးလေ့လာခြင်းဆိုတာကို သူတို့ဟာ စောစီးစွာ ပျော်ပျော်ရွှင်ရွှင် အာရုံမစိုက်နိုင်ကြတော့ဘူးပေါ့။

ဘာဖြစ်လို့ဒီလိုဖြစ်ရတာလဲဆိုရင် အိမ်နဲ့ခွဲရမှာကြောက်တာ ၊ မိဘ သို့မဟုတ် သူအသားကျနေတဲ့လူတွေနဲ့ ခွဲခွါပြီး တစိမ်းတွေအလယ် တစ်ယောက်တည်းနေရမှာကို ကြောက်တာ ၊ အဲဒီသူတွေဟာ သူ့အပေါ်နူးညံ့ညင်သာစွာမဆက်ဆံတတ်ဘဲ အငိုတိတ်အောင် မာန်မဲအော်ဟစ်တတ်တဲ့သူ ၊ ခြေပါလက်ပါဆုံးမပြီး အငိုတိတ်နည်းတွေ သုံးတတ်တဲ့သူတွေ ဖြစ်နေခဲ့မယ်ဆို သူတို့အတွက် ကျောင်းဟာ ကြောက်စရာကြီးဖြစ်နေမှာပါ။

ကျောင်းစထားချိန် (မူကြိုစထားချိန်)မှာ ကလေးငယ်အများစုဟာ ငိုကြွေးတတ်ကြပါတယ်။ ကျောင်းမှာ ပျော်စရာတွေရှိနေမယ်ဆိုရင် ပထမဆုံးအကြိမ် ကျောင်းဆိုတာနဲ့ မိတ်ဆက်ခံရတဲ့ကလေးဟာ အများဆုံးတပတ် ၊ ဆယ်ရက်လောက်အထိပဲ ငိုတယ်လို့ ကျွန်မသိရပါတယ်။  ကျောင်းဆိုတာကို နားလည်တတ်တဲ့ အသက်အရွယ်မဟုတ်သေးရင်တော့ ကိုယ့်ကလေးအခြေအနေအပေါ်မူတည်လို့ ကျောင်းထားဖို့ အချိန်ရွေးသင့်ပါတယ်။

မူကြိုကျောင်းစနေတဲ့ကလေးဟာ Sharing လို့ခေါ်တဲ့ ဝေမျှခြင်းဆိုတာကို ကောင်းကောင်းနားလည်သိထားရမှာပါ။ မောင်နှမသားချင်းရှိတဲ့ကလေးတွေဟာ အိမ်မှာ ကိုယ့်မောင်နှမကို အမြဲမျှဝေလို့ စားအတူ ၊ ကစားအတူ ရှိနေတာမို့ သူတို့အတွက် သိပ်မခက်ခဲလှပေမယ့် အိမ်မှာ ကလေးတစ်ယောက်တည်းရှိတယ်ဆိုရင် ကလေးပစ္စည်း ၊ ကစားစရာ ၊ ဆော့စရာတွေကို ဘယ်သူနဲ့မှ ဝေမျှစရာမလိုဘဲ သူတစ်ဦးတည်း ဆော့ကစားနေရတာမို့ သူဟာ Sharing ဆိုတာကို အတော်ကျင့်ယူရဦးမှာပါ။ ဒါတောင် မိဘတွေက နားလည်အောင် ကောင်းကောင်းကျင့်ယူသင်ဦးမှပါ။ အလိုလိုက်တဲ့မိဘတွေရဲ့ တစ်ဦးတည်းသော  သား ၊ သမီးတွေဟာ ဗိုလ်ကျအနိုင်ယူတတ်တဲ့အကျင့် ၊ ပစားပေးခံရတဲ့အကျင့်စွဲနေပြီဆိုရင်တော့ အဲဒီအကျင့်ကို အတော်ဖျောက်ယူရဦးမှာပါ။

ဒါကြောင့် မိဘတွေကို အစကတည်းက ကျွန်မအကြံပေးလိုတာက မိမိသားသမီးကို အလိုလိုက်တာပဲဖြစ်ဖြစ် ၊ ဆုံးမတာပဲဖြစ်ဖြစ် ရေရှည်ကို တွေးခေါ်ပြီး ပြုမူဆုံးမလို့ သင်ပေးသင့်တာတွေကို သင်ပေးရမှာပါ။ ကိုယ့်သားသမီးမို့ သူစိတ်မကျေနပ်ရင် အော်ဟစ်ပြောဆိုတာ ၊ ပစ္စည်းတွေလွှင့်ပစ်တတ်တာ ၊ လူးလှိမ့်အော်ဟစ်ငိုပြီး ဆန္ဒပြတတ်တာ ၊ မထင်မှတ်ရင် လက်ပါတတ်တာတွေကို ကိုယ်ကအပြစ်မယူဘူး ၊ ဗွေမယူဘူး ၊ သည်းခံနိုင်တယ်ဆိုပေမယ့် ကိုယ့်သားသမီးမှာ ဒီအကျင့်ကြီးစွဲသွားရင်ခက်ပြီ။ အိမ်ထဲကထွက်ပြီး ကျောင်းစတက်ရမယ့်သူဟာ ဆရာမတွေနဲ့ တခြားကလေးတွေက ကလေးဆိုးလို့ အမည်တပ်ခံရတော့မှာပါ။

ကိုယ့်ကလေးကိုတကယ်ချစ်တယ်ဆိုရင် ကလေးလူဝင်ဆံ့မယ့် အကျင့်စရိုက်တွေ ၊ အပြုအမူ ၊ အပြောအဆိုတွေကို ကလေးလူတောမတိုးခင် (မူကြိုမနေခင်) အိမ်မှာကတည်းက လေ့ကျင့်သင်ကြားပေးရမှာ ကလေးအနီးအနားက လူကြီးမိဘတွေရဲ့ တာဝန်ပါ။ ကိုယ်က ကိုယ့်ကလေးမို့ တသက်တာခွင့်လွှတ်သွားနိုင်ပေမယ့် တစိမ်းတွေက ကိုယ့်ကလေးကို ကိုယ်တွေးမြင်ခွင့်လွှတ်သလို ခွင့်လွှတ်ပေးမှာမဟုတ်ဘူး။ အိမ်မှာအကျင့်ဖြစ်နေတဲ့ အမူအကျင့် ၊ အပြောအဆိုတွေကြောင့် တစိမ်းအလယ် ကလေးဆိုးဆိုတဲ့တံဆိပ် အကပ်ခံရတာ ကလေးအပြစ်မဟုတ်ဘဲ ကလေးကို သွန်သင်ဆုံးမဖို့ ပျက်ကွက်ခဲ့တဲ့ မိဘတွေရဲ့အပြစ်ပါ။

“မိမဆုံးမ ဖမဆုံးမကလေး” ဆိုတဲ့စကားဟာ အပြောခံရတဲ့ကလေးအတွက် နာစရာပါ။ ဘာကိုနာရမှန်းမသိဘဲ အတော်နာကျင်ကြရပါတယ်။ ကိုယ့်အပြစ်မဟုတ်ဘဲ ကိုယ်အပြစ်တင်ခံရသလိုမျိုးပေါ့။ ကိုယ်ဟာပြုမူနေကျအတိုင်း ပြုမူပြောဆိုနေပေမယ့် ကိုယ်အသားကျနေတဲ့ အဲဒီအပြုအမူ ၊ အပြောအဆိုတွေဟာ အများအလယ် ပြစ်တင်စရာ ၊ ရှုံ့ချစရာ ၊ ကဲ့ရဲ့စရာတွေဖြစ်လို့ သိမ်ငယ်ခံစားကြရတာဟာ မိဘတွေက နည်းမှန်လမ်းမှန် သွန်သင်ဆုံးမမှုတွေမပြုခဲ့လို့ လူဆိုးတံဆိပ်အကပ်ခံရတဲ့ ကလေးတွေပါ။

ကလေးဆိုးလို့ အမည်တပ်ခံရတဲ့ကလေးတွေဟာ သိမ်ငယ်စိတ်တွေ ၊ အလိုမကျစိတ်တွေနဲ့ ပိုဆိုးလာတတ်တယ်။ သူတို့ကိုနှိမ်ချလေ ၊ လူရာမသွင်းလေ ဆိုးသထက်ဆိုးလာတတ်ကြတယ်။ ဒါကြောင့် ကိုယ့်ကလေးကို ကလေးဆိုးလေးတွေ မဖြစ်စေချင်ဘူးဆိုရင် နည်းမှန်လမ်းမှန် ဆိုဆုံးမသင်ပြတတ်ဖို့ လိုပါတယ်။

ကလေးဟာ သူ့အရွယ်နဲ့ သူ့နားလည်နိုင်မှု အချိန်မတန်သေးဘဲ ကျောင်းနေရတယ်ဆိုရင် သူနားမလည်တဲ့စာတွေ ၊ လိုက်မမီတဲ့စာတွေကြောင့် သိမ်ငယ်စိတ်တွေ ၊ ကိုယ့်ကိုယ်ကို အားမလိုအားမရစိတ်တွေ ၊ ဆရာမနဲ့ အတန်းဖော်တွေ ကြည့်တဲ့အကြည့်တွေ ၊ မိဘရဲ့ အားမလိုအားမရစကားတွေကြောင့် စာဘက်မှာ စိတ်ပျက်သွားတတ်ကြပါသေးတယ်။ ဒါကြောင့် ကလေးကို သူ့အချိန်နဲ့သူ နည်းမှန်လမ်းမှန် သင်ကြားပြသတတ်ဖို့ဟာလည်း အလွန်အရေးကြီးပါတယ်။

ကျွန်မက တစ်ဦးတည်းသောသမီးလေးကို မွေးထားတာမို့ သမီးသုံးနှစ်အရွယ်မှာ Nursery (1) စတက်ဖို့ ကျောင်းအပ်ခဲ့ဖူးပေမယ့် Sharing ဆိုတာ ကောင်းကောင်းနားမလည် ၊ အိမ်မှာလည်း မောင်နှမတွေနဲ့ ဝေမျှဆော့ကျင့်မရှိ ၊ ကျွန်မအမျိုးသားကလည်း ကလေးကို မျက်နှာတချက်အညိုမခံဘဲ ဖြည့်စွမ်းပေးတတ်သူမို့ ကလေးဟာ ကျောင်းစတက်တဲ့အချိန်မှာ သူ့အနီးအနားရှိတဲ့ကစားစရာတွေဟာ သူတစ်ယောက်တည်း ကစားရမယ့်အရာ ၊ တခြားသူတွေလာယူရင် အသည်းအသန်ငိုတာနဲ့ ကလေးရော မိဘတွေပါ သူအငိုတိတ်အောင် ချော့မော့ဖြောင်းဖျရင်း အတော်စိတ်ဖိစီးခဲ့ကြရဖူးတယ်။

အဲဒီနေ့ကစပြီး ကျွန်မတို့ဇနီးမောင်နှံနှစ်ဦး ဆွေးနွေးပြီး ကလေးကို Nursery (1) မထားတော့ဘဲ နောင်နှစ်မှစထားဖို့ သဘောတူခဲ့ကြပါတယ်။ ကျောင်းမှာသင်တဲ့နည်းတွေ ၊ လေ့ကျင့်ဖို့စာတွေ ၊ ဖတ်ပြဖို့စာအုပ်တွေကို ကျွန်မစုဆောင်းပြီး နေ့စဉ် နာရီဝက်လောက် အချိန်ခြားခြားပြီး ကလေးကို စာဖတ်ပြတာ ၊ အတူအရောင်ခြယ်တာ ၊ ပုံဆွဲတာ ၊ Sharing နဲ့ဆိုင်တဲ့ အကြောင်းအရာကို ပုံပြင်ရော ၊ အလေ့အကျင့်ရော အိမ်နဲ့အပြင်မှာပါ အမျိုးမျိုး လေ့ကျင့်သင်ကြားပါတယ်။ Nursery (1) ကို ကျောင်းမှာ မထားတော့ပေမယ့် အဲဒီမှာသိသင့်တဲ့ အကြောင်းအရာတွေကို အိမ်မှာ လေ့ကျင့်သင်ကြားပေးခဲ့တာပါ။

ဒီနှစ်မှာတော့ မတက်မဖြစ်တဲ့ Nursery (2)ကို သမီးလေး လေးနှစ်မပြည့်မီ စတက်နေပါပြီ။ ကျောင်းစတက်တဲ့ရက်မှာ မိဘနှစ်ဦးစလုံး ကလေးကို အတန်းထဲထိ အတူနေပေးခဲ့ပါတယ်။ ကျွန်မတို့ထားတဲ့ကျောင်းက သုံးရက်တိတိ အတန်းထဲ မိဘလိုက်ခွင့်ပေးပါတယ်။ ဒုတိယနေ့မှာတော့ သမီးလေးကို အတန်းမဆင်းမီ နာရီဝက်လောက် အတန်းထဲမှာထားခဲ့ပြီး သူမမြင်တဲ့နေရာမှာ ကျွန်မပုန်းနေခဲ့ပါတယ်။ အမေပျောက်လို့ရှာငိုနေတဲ့ သမီးလေးအသံကို ကြားတာပေါ့။ တခြားမိဘတွေပြောသလို ရင်မနာပါဘူး။ ဒီနေ့ဟာ မလွဲမသွေကြုံတွေ့ရမှာပဲ။ ကလေးကို လူရာဝင်စေချင်ရင် မိဘရင်ခွင်ထဲမှာ အမြဲထွေးပိုက်ထားဖို့ မဖြစ်နိုင်ဘူးလေ။

တတိယနေ့မှာတော့ သမီးလေးအတန်းထဲအထိ မဝင်တော့ဘဲ တံခါးဝကနေ နှုတ်ဆက်ပြီး အပြင်က သမီးကျောင်းဆင်းချိန်အထိ ကလေးမမြင်အောင် စောင့်ခဲ့ပါတယ်။ ဒီမှာက ပထမသုံးရက်ကို တနေ့ တစ်နာရီခွဲပဲသင်တာ။ နောက်ရက်တွေမှာတော့ တနေ့သုံးနာရီနဲ့ တပတ်ငါးရက်သင်ပါတယ်။ တတိယနေ့မှာလည်း သမီးလေး အသည်းအသန်ငိုပါသေးတယ်။ ဒုတိယနေ့မှာ ကျွန်မသိခဲ့တာက ကလေးဟာ အိမ်ကလူကို မမြင်ရရင်ငိုပေမယ့် နောက်ပိုင်းမှာ အတန်းထဲ အတန်းဖော်တွေ ၊ ဆရာမတွေ ၊ Activity တွေနဲ့ အသားကျပြီး အိမ်ကိုခဏမေ့သွားတတ်ပါတယ်။ အိမ်ကလူချောင်းကြည့်နေတာ ပြန်တွေ့ရင်တော့ ပြန်ငိုပါတယ်။ ကိုယ်စိတ်မချသေးရင် အပြင်က စောင့်ချင်စောင့်ပါ။ ကိုယ့်ကလေး စိတ်ဖိစီးလို့ အသည်းအသန် ငိုနေတာမျိုး မမြင်ချင်ရင်ကိုယ်ရှိနေတာ ကလေးကို ပေးမသိပါနဲ့။

စတုတ္ထနေ့မှာတော့ သမီးရဲ့ကျောင်းက တာဝန်ကျဆရာမတွေတွေဟာ ကျောင်းဆင်ဝင်အောက်ကနေ လာသမျှကလေးတွေကို ကျန်းမာရေးအရင်စစ်ဆေးပြီးမှ သက်ဆိုင်ရာအတန်းတွေဆီ ဆရာမတွေကိုယ်တိုင် လိုက်ပို့ပေးတာမို့ ကျောင်းလာပို့တဲ့မိဘတွေမှန်သမျှဟာ ကျောင်းဝကနေ ကလေးပို့ပြီး လှည့်ပြန်ကြရတာပါ။ ကလေးတက်နေတဲ့ ကျောင်းခန်းနားအထိ ပေးမသွားတော့ပါဘူး။ ဘာဖြစ်လို့လဲဆို ကလေးတစ်ယောက်ငိုရင် ကျန်တဲ့ကလေးအချို့ပါ အိမ်ကိုသတိရပြီး လိုက်ငိုကြတဲ့အတွက် ထိန်းရခက်လို့ဖြစ်ပါတယ်။ အဲဒီနေ့မှာတော့ ကျောင်းဝကနေ ငိုနေတဲ့သမီးကို လက်ပြပြီး ကျွန်မဟာ သမီးကြိုက်တတ်တဲ့အစာတွေ အိမ်ပြန်ယူပြီးပြန်လာခဲ့မယ်လို့ ကတိပေးခဲ့ပါတယ်။ ကျောင်းပြန်ကြိုတဲ့အချိန်မှာ ကလေးကြိုက်တဲ့ အစာနှစ်မျိုး ၊ သုံးမျိုး ယူသွားပြီးမှ သွားကြိုပါတယ်။

ကျောင်းစတက်တဲ့ ငါးရက်မြောက်နေ့မှာ ကျွန်မသမီးဟာ ကျောင်းတက်ရင် မငိုတော့ပါဘူး။ ခုမှကျောင်းနဲ့စရင်းနှီးလာတဲ့သမီးဟာ ကျောင်းဝကနေ အမေကိုလက်ပြလို့ သူ့ဘာသာ ကျန်းမာရေးသွားအစစ်ခံတာ ၊ သူ့ဆရာမနဲ့အတူ သူ့အတန်းဘက်ထွက်သွားတာတွေကို တည်တည်ငြိမ်ငြိမ်လုပ်ရင်း သူကြိုက်တဲ့အစာတွေနဲ့ ပြန်လာဖို့ အမေကိုမှာခဲ့ပါသေးတယ်။ ဒါကြောင့် ကျွန်မရဲ့ နည်းဗျူဟာ အောင်မြင်ခဲ့ပါတယ်။ ကျွန်မသမီးဟာ Play Group ဆိုတာတွေကိုတောင် မသွားခဲ့ဖူးသူပါ။

ကျောင်းဖွင့်တာ တပတ်လောက်ရှိတော့ သမီးလေးအတန်းကို အပြင်ကနေ (အတန်းထဲကကလေးတွေမသိအောင်) ချောင်းကြည့်ခွင့်ရတော့ သမီးလေးဟာ ကျောင်းထားစရက်ပိုင်းအတွင်း အတန်းဖော်အသစ်တွေနဲ့ ပြောဟယ် ၊ ဆိုဟယ်နဲ့ ကစားနေပါပြီ။ ကျောင်းကပြန်လာရင် ကျောင်းမှာသင်တာတွေ အမေမမေးဘဲ သူ့ဘာသာ စိတ်လိုလက်ရ ရွတ်ပြတတ်ပါပြီ။

ကျောင်းသွားတော့မယ်လို့ ကျွန်မရေရွတ်လိုက်တာနဲ့ ငိုသံတစက်မကြားရဘဲ မနက်၇နာရီခွဲ အိပ်ယာထ ၊ သွားတိုက်ရေးချိုးပြီး မနက်စာပါစားလိုက်ပါသေးတယ်။ ကျောင်းက မနက်၈နာရီခွဲစတက်တာလေ။ ဆံပင်ညှပ်တာလည်းမကြိုက် ၊ ဆံပင်အရှည်ကို တခါခါနဲ့အမြဲလုပ်နေတတ်တဲ့ ကျွန်မသမီးလေးဟာ ကျောင်းတက်တဲ့ဒုတိယနေ့ကစလို့ တသက်လုံးအကြောက်အကန်ငြင်းလာခဲ့တဲ့ ဆံပင်စည်းနှောင်ခြင်းအလုပ်ကိုလည်း ကြည်ကြည်သာသာလက်ခံတာ ကျွန်မအတွက်ကတော့ အံ့သြစရာပါ။ ဒါဟာ အတန်းဖော်တွေနည်းတူ လုပ်ဆောင်နေထိုင်တတ်လာတဲ့သဘောပါ။ ဒီလိုပဲဖြစ်သင့်တာပါ။

ဒါတွေ ကျွန်မဘာဖြစ်လို့ပြောပြနေသလဲဆိုတော့ ကျွန်မဟာ သူကျောင်းမတက်မီကတည်းက ကျောင်းမှာသူငယ်ချင်းအသစ်တွေနဲ့ ဘာတွေ ဘယ်လိုဆော့ရမယ် ၊ ဘယ်လိုဆေးရောင်ခြယ်လို့ ၊ ဘယ်လိုကခုန် ကစားကြရတယ်ဆိုတာ စာတွေဖတ်ပြ ၊ ပုံတွေပြောပြ ၊ ဗွီဒီယိုဖိုင်တွေလည်း ဖွင့်ပြလို့ ကျောင်းဟာ ပျော်စရာကောင်းကြောင်း ၊ အမေအနားမှာမရှိပေမယ့် အမေဟာ သူ့အကြိုက်စားစရာတွေနဲ့ သူ့ကို ပြန်လာခေါ်မှာဖြစ်ကြောင်း လေ့ကျင့်ပေးထားခဲ့တာပါ။

ကျောင်းဆင်းရင်လည်း ရက်ခြားဆိုသလို သူ့အတန်းကဆရာမတွေကို နှုတ်ဆက်လို့ ကလေးရဲ့အခြေအနေကို မေးမြန်းပါတယ်။ သမီးရဲ့အတန်းဖော်တွေထဲက ကလေးမိခင်တွေနဲ့လည်း မိတ်ဆွေဖွဲ့ထားပြီး သူ့ကလေး ၊ ကိုယ့်ကလေးအကြောင်းနဲ့ ကျောင်းကဆရာမတွေရဲ့ ကလေးဆက်ဆံပုံတွေ ၊ ကျောင်းကပွဲတွေဆိုတာတွေကိုလည်း ကိုယ်တိုင်ကကူတဲ့အခါဝင်ကူလို့ ကျောင်းနဲ့ကိုယ် ၊ ဆရာမတွေနဲ့ကိုယ် ၊ သမီးလေးအတန်းဖော်တချို့ရဲ့ အုပ်ထိန်းသူတွေနဲ့ လိုက်လျောညီထွေရှိအောင်နေပြီး ကိုယ့်ကလေးရဲ့အခြေအနေကို အမြဲလေ့လာပါတယ်။ ဒါမှ လိုအပ်တာလေးတွေကို ကိုယ့်ဘက်က အချိန်မီပြင်ဆင် ပံ့ပိုးစရာရှိတာတွေ ပံ့ပိုးပေးလို့ရမှာပေါ့။

ကလေးကျောင်းပြန်ကြိုတဲ့အခါ သူ့အကြိုက်အစားအစာတွေကို အပြန်လမ်းမှာစားရင်း စိတ်တက်ကြွမှုကို အရင်ယူပါတယ်။ အိမ်ရောက်ရင် သူလုပ်ချင်တာ (ဥပမာ ကာတွန်းကြည့်တာ)ကို တစ်နာရီလောက် လုပ်ခွင့်ပေးပြီး အစာတခုထပ်ကျွေးပါတယ်။ ကျောင်းသွားတုန်းကတော့ အိမ်ကထည့်ပေးလိုက်တဲ့ ထမင်းဗူးစားခဲ့တာပေါ့။ အိမ်ရောက်တော့ ခဏနေပြီးတခုထပ်လုပ်ကျွေးတာပါ။ ပြီးရင် တစ်နာရီလောက် ကာတွန်းကြည့်ခွင့်ပြန်ပေးတယ်။ ပြီးရင် ကလေးကိုတရေးသိပ်ပါတယ်။ မနက်အစောထတဲ့ ကလေးဦးနှောက်ကို နေ့လည်မှာ ပြန်အနားပေးတဲ့သဘောပါ။

အိပ်ရာနိုးရင် အဆာပြေစားသောက်ပြီး ကလေးနဲ့အတူ စာဖတ်တာ ၊ ပုံဆေးခြယ်တာ ၊ ပုံဆွဲတာ ၊ စာရေးတာတွေ တစ်မျိုးပြီးတစ်မျိုး မရိုးရအောင် အတူကစားရင်းနဲ့ တစ်နာရီခွဲ နှစ်နာရီလောက် စာလုပ်ကြပါတယ်။ ပြီးရင် ညစာကျွေးပြီး မိသားစုအတူ ကစားတာမျိုး ၊ သူကြိုက်တဲ့ကာတွန်းကားပေးကြည့်တာမျိုးတွေလုပ်ပြီးမှ ကလေးကိုအိပ်စေတာဖြစ်ပါတယ်။ ကလေးဟာ ကျောင်းနေချိန်မှာ ကျောင်းမှာလည်းပျော် ၊ အိမ်မှာလည်းပျော် ၊ ကျောင်းမှာသင်တာတွေ စိတ်ဝင်စားလို့ အိမ်မှာသင်တာတွေလည်း စိတ်ဝင်စားမယ်ဆို မူကြိုကျောင်းစနေတဲ့ကလေးဟာ ပထမခြေလှမ်းကို အောင်မြင်စွာလှမ်းတက်နိုင်ပါပြီ။

အစကောင်းမှ အနှောင်းသေချာတာလေ။ ကျောင်းစတက်ရတာပျော်မှ ၊ ပထမဆုံးလေ့လာသင်ကြားရတဲ့ ကျောင်းစာတွေကို စိတ်ပါဝင်စားစွာလေ့လာမှ ပညာသင်ယူဖို့ သူတို့ဟာ စိတ်အားထက်သန်မှာဖြစ်ပါတယ်။ ပညာသင်ယူဖို့ စိတ်အားထက်သန်နေမှ သူတို့ရဲ့ ဆန်းသစ်တီထွင်ဥာဏ်တွေဟာ ကွန့်မြူးလာမှာဖြစ်ပါတယ်။ ဒါဟာ ကျောင်းနေမှ ၊ ကျောင်းပျော်မှ ဆန်းသစ်တီထွင်တတ်တယ်လို့ ဆိုလိုတာမဟုတ်ဘဲ မိမိရဲ့ဆန်းသစ်တီထွင်မှုတွေဟာ သင်ယူလေ့လာမှုတွေနဲ့ အရောင်မတင်ထားရင် အရာမထင်ဖြစ်နေတတ်တယ်လို့ ဆိုလိုတာဖြစ်ပါတယ်။

ပြောင်မြောက်တဲ့ ဆန်းသစ်တီထွင်မှုတိုင်းဟာ သင်ယူလေ့လာထားမှုတွေ ရှိမနေဘဲ သူ့အလိုလိုဗြုန်းခနဲ ပေါ်လာတတ်တာမျိုးမဟုတ်တာမို့ မိမိရဲ့ကလေးငယ်တွေကို သင်ယူလေ့လာမှုတွေမှာ ပျော်ရွှင်တတ်ရင်းက သူဝါသနာပါရာတွေမှာ ဆန်းသစ်တီထွင်ပြီး ကြိုးစားလိုစိတ်တွေ ဖြစ်ထွန်းလာအောင် ၊ ဒီကတဆင့် ထူးချွန်အောင်မြင်တဲ့ သားကောင်း ၊ သမီးကောင်းတွေအဖြစ် ပျိုးထောင်ပေးရမှာ မိဘတွေဖြစ်တဲ့ ကျွန်မတို့ရဲ့တာဝန်ပဲဖြစ်ပါတယ်။

ရတု (Burmesehearts.com)

]]>
http://www.burmesehearts.com/%e1%80%99%e1%80%b0%e1%82%80%e1%80%80%e1%80%ad%e1%80%b3%e1%80%90%e1%80%80%e1%80%b9%e1%80%85-%e1%80%80%e1%80%b1%e1%80%9c%e1%80%b8%e1%80%84%e1%80%9a%e1%80%b9/feed/ 0
ကလေးကိုသင်ပေးတဲ့အခါ http://www.burmesehearts.com/%e1%80%80%e1%80%b1%e1%80%9c%e1%80%b8%e1%80%80%e1%80%ad%e1%80%af%e1%80%9e%e1%80%84%e1%80%b9%e1%80%b1%e1%80%95%e1%80%b8%e1%80%90%e1%80%b2%e1%80%b7%e1%80%a1%e1%80%81%e1%80%ab/ http://www.burmesehearts.com/%e1%80%80%e1%80%b1%e1%80%9c%e1%80%b8%e1%80%80%e1%80%ad%e1%80%af%e1%80%9e%e1%80%84%e1%80%b9%e1%80%b1%e1%80%95%e1%80%b8%e1%80%90%e1%80%b2%e1%80%b7%e1%80%a1%e1%80%81%e1%80%ab/#respond Wed, 11 Jan 2017 10:07:57 +0000 http://www.burmesehearts.com/?p=73469

ဒါက အဖေ ၊ ဒါက အမေ ၊ ဒါက အဖိုး ၊ အဖွား ၊ ဦးဦး ၊ ဒေါ်ဒေါ် ၊ ကိုကို ၊ မမ စတဲ့ အခေါ်အဝေါ်တွေကနေ ဘာပစ္စည်း ဘယ်လိုခေါ်တာ ၊ ဘယ်လိုသုံးရတာ ၊ ဘယ်လိုအသုံးဝင်တာ ၊ ဘယ်လိုအန္တရာယ်ပေးတာ စသဖြင့် ဘဝထဲမှာ ကြုံတွေ့ရမယ့် ကိစ္စရပ် အတော်များများကို သင်ကြားပေးတဲ့ လက်ဦးဆရာအများစုဟာ မိနဲ့ဘဖြစ်ပါတယ်။

ကလေးကို ချော့လို့တမျိုး ၊ ခြောက်လို့တဖုံ ၊ မြှူ လို့တနည်းနဲ့ အမျိုးမျိုးအဖုံဖုံ သင်ပေးတဲ့နည်းတွေထဲက ဘယ်နည်းဟာ အကောင်းဆုံးဖြစ်မလဲ။ ဒါကိုအငြင်းမပွားမီ ကိုယ့်သင်ယူမှုအတွေ့အကြုံနဲ့ ကိုယ့်ဘာသာပြန်စဉ်းစားကြည့်လိုက်ပါ။ ကိုယ်ဟာ ဘယ်အခြေအနေမျိုးမှာ သင်လွယ် ၊ တတ်လွတ် ရှိသလဲလို့။

ပညာရပ်အများစုဟာ စိတ်ဝင်တစားရှိနေတဲ့အချိန်မှာ သင်ယူဖို့အလွယ်ကူဆုံးဖြစ်ပါတယ်။ ကလေးကိုသင်မယ်ဆိုရင်တော့ သူစိတ်ဝင်တစားရှိနေချိန်နဲ့ သူစိတ်ဝင်စားမယ့် ကစားနည်းတွေကနေ သင်ပေးရမှာဖြစ်ပါတယ်။ ဒါကြောင့် ကလေးကို သင်ပေးမယ့်သူဟာ ကလေးစိတ်ဝင်စားတဲ့ နည်းအမျိုးမျိုးကိုသုံးပြီး သင်ကြားပြသနိုင်သူ ဖြစ်သင့်ပါတယ်။

ကလေးဟာ သူ့ဘာသာ စိတ်ဝင်တစားဖြစ်နေတဲ့အချိန်မှာ ဘယ်သူမှမသင်ပေးလည်း အလွယ်တကူတတ်မြောက်သွားတတ်ပါတယ်။ တခါတလေ ဘယ်သူမှမသိဘဲနဲ့တောင် အတတ်ကောင်းတွေ တတ်နေတယ်လို့ ဆိုကြသေးတယ်မဟုတ်လား။ တစ်နှစ်အောက် ကလေးငယ်တွေရဲ့ဦးနှောက်ဟာ သာမာန်အလုပ်လုပ်ချိန်တွေရဲ့ နှစ်ဆ အလုပ်လုပ်တယ်လို့ ကလေးစိတ်ပညာရှင်တွေရဲ့ ရေးသားမှုကို ဖတ်ရှု လေ့လာခဲ့ရတာမို့ တစ်နှစ်အောက် ကလေးငယ်တွေရဲ့ သင်ယူနိုင်စွမ်းဟာ အခြားအချိန်တွေထက် နှစ်ဆမြန်ဆန်နေတာပါ။ ဒါကြောင့် ဘာမှမသိသေးတဲ့ တစ်နှစ်အောက်ကလေးကို သင်ပေးစရာမလိုဘူးလို့ ထင်ရင်မှားတယ်နော်။

တကယ်ဆိုရင် သူစိတ်ဝင်တစားရှိနေချိန် ၊ သင်ယူလိုချိန်မှာ သူသိချင်တာလေးတွေ ၊ စူးစမ်းချင်တာလေးတွေ ၊ တတ်ချင်တာလေးတွေကို သိသင့် သိထိုက်တဲ့အလျောက် တတ်သိနားလည်အောင် သင်ပေးတတ်ဖို့လိုပါတယ်။ ပျံသွားတဲ့လိပ်ပြာကလေး ၊ ငှက်ကလေးတွေကို အထူးအဆန်း လိုက်ငေးတတ်တဲ့ကလေးကို ဒါဟာ လိပ်ပြာ ၊ ဒါဟာငှက် သူတို့ဟာ ပျံတတ်တယ်ဆိုတာမျိုးလောက်တော့ ပြောပြပေးဖို့လိုတာပေါ့။ ကလေးအနီးဝန်းကျင်ရှိနေတဲ့အရာတွေကနေ ကလေးကစားစရာ ၊ ကလေးပတ်ဝန်းကျင်က အကြောင်းအရာတွေကို ကလေးဦးနှောက်လေးနဲ့ လွယ်လင့်တကူ မှတ်နိုင်အောင် လိုရင်းတိုရှင်း သင်ပေးတတ်ဖို့လိုပါတယ်။

ကလေးဟာ သေးငယ်တဲ့သတ္တဝါလေးတွေကို သတိထားမိလာတဲ့အခါ ဒီသတ္တဝါလေးတွေရဲ့အမည် ၊ လုပ်ဆောင်မှုနဲ့ အားနည်းသေးငယ်တဲ့ သူတို့တွေကို ကြင်နာတတ်ဖို့ဆိုတာတွေကိုလည်း လေ့ကျင့်သင်ကြားပေးရဦးမယ်။ အပြင်ထွက်တဲ့အခါ ကြီးသူ ၊ ငယ်သူ ၊ ရွယ်တူနဲ့ အိမ်ကလူမဟုတ်တဲ့ မျက်နှာအမျိုးမျိုးနဲ့သူတွေ ၊ အသားရောင်အမျိုးမျိုးနဲ့သူတွေ ၊ အခြေအနေအမျိုးမျိုးနဲ့သူတွေကိုလည်း လိုက်လျောညီထွေရှိအောင် ပေါင်းသင်းနေထိုင် ဆက်ဆံတတ်ဖို့ ၊ ကိုယ့်အန္တရာယ်ကို ကိုယ်ကြိုတင်ကာကွယ်တတ်ဖို့ ၊ အကူအညီလိုသူတွေကို နှုတ်၏ဆောင်မခြင်း  လက်၏ဆောင်မခြင်းပြုတတ်ဖို့ စတဲ့ လူပီသစွာ နေထိုင်ခြင်းကျင့်ဝတ်တွေကိုလည်း သူနဲ့အပြင်ထွက်လေတိုင်း ကြုံရင်ကြုံသလို အခြေအနေနဲ့ အချိန်အခါအပေါ်မူတည်လို့ သင်ပြပြောဆိုပေးရမှာပါ။

ဒါတွေကို ကလေးအတော်အရွယ်ရမှ သင်ပေးရမယ်လို့ တချို့တွေကတွေးကြတယ်။ အဲဒီလို သူတို့သင်ပေးချင်တဲ့အရွယ်ဟာ ဘယ်အရွယ်လို့တော့ သူတို့ရေရေရာရာမသိပါဘူး။ ဒါပေမယ့် လူကြီးအချို့စိတ်ထဲ လက်ခံထားတာကတော့ တစ်နှစ်ကနေ သုံးနှစ်အရွယ် ၊ တချို့ဆို လေးနှစ် ၊ ငါးနှစ်အရွယ်အထိကို မသိတတ်သေးတဲ့အရွယ်လို့ သတ်မှတ်ပြီး အထက်က အကြောင်းအရာတွေကို ပြောဆိုသင်ပြပေးဖို့ ပျက်ကွက်တတ်ကြတယ်။

အရွယ်မတိုင်သေးဘူးလို့ မသင်ပေးခဲ့တဲ့ရလဒ်က ကိုယ့်ကလေးဟာ ပတ်ဝန်းကျင်နဲ့ သဘာဝဆိုတာကြီးကို စိမ်းသက်နေတတ်ပါတယ်။ ကိုယ်တိုင်လမ်းလျှောက် ၊ ပြေးလွှားနိုင်ပြီး ကောင်းကောင်းပြောဆိုနိုင်တဲ့အရွယ်ရောက်သည့်တိုင် မိသားစုနဲ့သာ သဟဇာတဖြစ်ပြီး တစိမ်းပတ်ဝန်းကျင်မှာ သဟဇာတဖြစ်အောင် မနေထိုင်တတ်ဘူးဆိုရင် ကလေးကို သဘာဝလူ့ဝန်းကျင်မှာ ဘယ်လိုအဆင်ပြေအောင် ဆက်ဆံပေါင်းသင်းရမယ်လို့ သင်ပေးဖို့ ကိုယ်ကပျက်ကွက်ခဲ့တာပါ။

ပေါင်းသင်းဆက်ဆံရေးပိုင်းကို သင်ပေးပြီးရင် ကိုယ့်ဘာသာ ပျော်အောင်နေတတ်ဖို့ကိုလည်း ငယ်ငယ်ကတည်းက လေ့ကျင့်သင်ကြားပေးရဦးမယ်။ ဘယ်သူမှအနားမှာမရှိချိန် ၊ ကိုယ့်အနားရှိသူအားလုံး အလုပ်များနေချိန်မှာ ကိုယ့်အရွယ်နဲ့ ကိုယ့်ဘာသာဂရုစိုက်နိုင်အောင် ၊ ကိုယ့်တာဝန်ကိုယ်ယူတတ်အောင် ရင့်ကျက်တဲ့စိတ်သဘောထားနဲ့ တာဝန်ယူမှုဆိုတာတွေကိုလည်း သင်ပြပေးရဦးမယ်။ ဒါကိုရော ဘယ်အရွယ်ကစ သင်ပေးရမလဲဆို ကလေးကို ကိုယ့်ရေဗူး ကိုယ့်ဘာသာ ကိုင်စို့တတ်အောင် စသင်ပေးတဲ့ လသားအရွယ်ကတည်းက လေ့ကျင့်သင်ကြားပေးရမှာပါ။

ရေဗူးကနေစပြောတာမို့ ဒါနဲ့ပဲဆက်ဥပမာပေးပါမယ်။ လက်နှစ်ဖက်က ကောင်းကောင်းကိုင်ထိန်းတတ်တဲ့အရွယ်မှာ သူ့လက်နဲ့သူ ကိုင်စို့နိုင်အောင် သင်ပေးရမှာဖြစ်ပါတယ်။ လမ်းစလျှောက်တတ်တဲ့အရွယ်မှာ သူ့စိတ်သူနားလည်ပြီး သူရေဆာရင် သူ့ဘာသာ ရေဗူးသွားယူပြီး ရေဗူးအဖုံးဖွင့်သောက်တတ်အောင် လွယ်ကူတဲ့ရေဗူးနဲ့ သူမီနိုင်တဲ့နေရာမှာထားလို့ လေ့ကျင့်ပေးရမှာပါ။

ရေဗူးနဲ့ ရေကစားကောင်းကစားနိုင်ပေမယ့် လုပ်သင့်တာနဲ့ မလုပ်သင့်တာကိုလည်း သူနားလည်အောင် အကြောင်း ၊ အကျိုးပြ သင်ပေးတတ်ရမယ်။ ရေဆော့လို့ ကြမ်းပေါ်ရေတွေဖိတ်ပေနေရင် သူချော်လဲနိုင်တယ်ဆိုတာ သူချော်မလဲခင်နဲ့ ချော်လဲသွားတဲ့အခါတွေမှာ ကောင်းကောင်းမွန်မွန် (မဆူမဆဲ) သင်ပေးပြီး ဒီလိုမဖြစ်အောင် ရေမှောက်ရင် အဝတ်နဲ့ ဒီလိုသုတ်ရတယ်လို့ သင်ပေးရမှာပါ။ ဒီလိုနဲ့နောင်မှာ သူ့ကြောင့် ဖိတ်စင်သွားရင် သူ့ဘာသာသူ တာဝန်ယူ သိမ်းဆည်းရှင်းလင်းတတ်အောင်လည်း သင်ပေးရမှာပါ။

သူ့တာဝန်သူယူတတ်အောင် ဘယ်အချိန်က စသင်ပေးရမလဲဆိုရင် ရှင်းပါတယ်။ မှောက်အောင်လုပ်တတ်ရင် သန့်ရှင်းရေးလည်း လုပ်တတ်ပါတယ်။ သူလုပ်ချင်စိတ်ဖြစ်အောင် ကိုယ်က သူနားလည်အောင် ၊ နာခံလိုစိတ်ရှိအောင် ၊ လိုက်နာကျင့်ကြံလိုစိတ်ရှိအောင် အကြိမ်ကြိမ် နည်းအမျိုးမျိုးနဲ့ အခြေအနေအမျိုးမျိုးကြုံလာတိုင်း လေ့ကျင့်ပျိုးထောင်ပေးရမှာပါ။

သင်ယူဖို့ အလွယ်ဆုံးအချိန်က စိတ်ဝင်တစားရှိနေချိန်ပါလို့ ကျွန်မပြောခဲ့တယ်နော်။ စိတ်ဝင်တစား သင်ယူတတ်စိတ်မရှိသေးတဲ့ လသားကလေးအရွယ်ကတည်းက သူသင်ယူဖို့ စိတ်ပါဝင်စားလာတဲ့ နည်းအမျိုးမျိုး အသုံးပြုလို့ သင်ပေးရမှာပါ။ လသားကလေးကို ဘယ်လိုသင်ပေးရမှာလဲလို့ စောဒကတက်လိုသူတွေကို ကျွန်မကိုယ်တိုင်လည်း သမီးလေး လသားအရွယ်ကတည်းက သူပြန်မမေးနိုင် ၊ မပြောနိုင်ပေမယ့် တတွတ်တွတ် ရှင်းပြပြောဆိုရင်း သင်ပေးခဲ့တာလို့ ပြောပါရစေ။

အဲဒီရလဒ်အနေနဲ့ တစ်နှစ်ခွဲအရွယ်မှာ သမီးဟာ သူ့စိတ်သူ ကောင်းကောင်းနားလည်နေပြီ။ အပေါ့သွားချင်တာ ၊ အလေးသွားချင်တာ ကောင်းကောင်းခွဲခြားသိလို့ ထိန်းချုပ်တတ်နေပြီ။ တနေကုန် ခါးတောင်းကျိုက်လွတ်လာပြီး အပေါ့ဆို သူ့ဘာသာသူ ခွက်ယူပေါက်တတ်ပြီ။ ရေသောက်ချင်ရင် သူ့ဘာသာသူသွားသောက်ပြီး ဖိတ်စင်တာတွေ မြင်တွေ့ရင် ဘယ်သူ့ကြောင့်ဖြစ်ဖြစ် သိမ်းဆည်းရှင်းလင်းပေးတတ်နေပြီ။ ကပ်ခွါဖိနပ်တွေဆို သူ့ဘာသာသူချွတ်တတ် ၊ ဝတ်တတ်နေပြီ။ မသင်ခဲ့တဲ့အကျိုးဆက်က သူရေသောက်ရင် အမေကိုပါရေလာတိုက်တတ်ပြီး သူ့ဖိနပ်နဲ့အတူ အမေ့ဖိနပ်ကိုပါ ဆွဲထုတ်လာလို့ အမေလည်းစီး ၊ သမီးလည်းစီး လုပ်ခိုင်းတတ်နေပြီ။

မွေးကတည်းက ဘယ်ကလေးမှ သိလာ ၊ တတ်လာကြတာမျိုးမဟုတ်ပါဘူး။ သူတို့သိတတ်လိမ္မာလာအောင် ဘေးကလူကြီးတွေက နားလည်အောင် သင်ပြပြောဆိုသင့်တာတွေကို သူ့အချိန်အလိုက် မလွတ်တမ်း လုပ်သွားလိုက်ရုံပါ။ ကြားပါများတော့ နားရည်ဝလာသလိုမျိုး သင်ယူနိုင်စွမ်း နှစ်ဆမြင့်မားနေတဲ့ တစ်နှစ်အောက် ကလေးငယ်လေးတွေဟာ ပြန်မမေးနိုင် ၊ ပြန်မပြောနိုင်ကြသေးပေမယ့် သူတို့ဟာ အသံတိတ်သင်ယူနေကြပါတယ်။ မိဘတွေလုပ်တာ ၊ ပတ်ဝန်းကျင်မှာရှိတဲ့သူတွေလုပ်တာ ၊ သူမြင်နိုင်ကြားနိုင်တဲ့အရာတွေဆီက အတုခိုးလို့ အသံတိတ်သင်ယူနေပါတယ်။

အသံထွက်ပြော ၊ အသံထွက်မေး ပွင့်ပွင့်လင်းလင်းရှင်းပြ သင်ပြပေးရတာက ပိုလွယ်တယ်နော်။ ဘယ်အချိန်က ဘာတွေသင်ယူလိုက်မှန်းမသိတဲ့ စကားမပြောတတ်သေးတဲ့ဒီကလေး ဘာတွေသင်ယူလိုက်တယ်ဆိုတာကို သူပြောဆိုလုပ်ကိုင်မှ ကိုယ်သိခွင့်ရတာရယ်။ ကိုယ့်မပြောဘဲနဲ့ ၊ ကိုယ်သိခွင့်မရဘဲနဲ့ အသံတိတ်ကလေး မြန်မြန်ဆန်ဆန် သူသင်ယူလိုက်တဲ့အရာတွေဟာ မှားနေရင်မှားနေသလောက် ဒုက္ခကြီးပါတယ်။

သူမှတ်ယူထားတာတွေ စွဲမြဲနေရင် ဒါကိုဖျောက်ဖို့ အတော်ခက်တယ်။ တော်တော်လေး အချိန်ယူပြီး စိတ်ရှည်ရှည်ဖျောက်မှရတာ။ ဒါကြောင့် တစ်နှစ်အောက် ကလေးငယ်တွေနဲ့ စကားကောင်းကောင်း မပြောတတ်သေးတဲ့ ကလေးငယ်တွေ အထူးသဖြင့် အဲဒီလို အသံတိတ် အတုမြင်အတတ်သင်တဲ့ အရွယ်လေးတွေကို ကိုယ်ထိန်းရသက်သာရင်ပြီးရောဆိုပြီး တပါးသူလက် မအပ်သင့်ပါဘူး။ ကိုယ်ကလေးအနားမရှိနိုင်တဲအချိန်တွေမှာ ယုံကြည်စိတ်ချရပြီး ကောင်းမွန်တဲ့ အပြုအမူ ၊ နူးညံ့တဲ့အပြောအဆိုနဲ့ စာရိတ္တကောင်းသူတွေလက်ထဲပဲ ကလေးအပ်ပါ။ အကျင့်တွေရောပါလာကုန်မှာ စိုးလို့ဖြစ်ပါတယ်။

တချို့မိဘတွေက ကလေးကို သင်ပေးလိုစိတ်ရှိပေမယ့် ဘာတွေကို ဘယ်လို နည်းမှန် ၊ လမ်းမှန် သင်ပေးရမလဲဆိုတာ မသိကြတာပါ။ အလွယ်ဆုံးနည်းပေးလိုတာက ကလေးကို သူစိတ်ပါဝင်စားတဲ့အချိန် ၊ စူးစမ်းလိုစိတ်ရှိချိန်မှာ သူစိတ်ဝင်စားတဲ့အရာနဲ့ပတ်သက်လို့ ကောင်းကျိုး ၊ ဆိုးကျိုး ၊ အသုံးပြုပုံ ၊ အသုံးဝင်ပုံ ၊ အသုံးမဝင်ပုံ ၊ အန္တရာယ်ပေးနိုင်ပုံ စတာတွေကို သူနားလည် သဘောပေါက်လို့ လက်ခံသွားတဲ့အထိ နည်းအမျိုးမျိုးနဲ့ ရှင်းပြပြောဆိုတတ်ရပါမယ်။ တခါတလေ သင်တုန်းကမတတ်ခဲ့ ၊ လက်မခံခဲ့ ၊ မယုံကြည်ခဲ့တာတွေကို တကယ်လက်တွေ့ကြုံလာတော့မှ လက်ခံသွားရတဲ့အခြေအနေတွေလည်း ကိုယ်ကြုံခဲ့ဖူးတာပဲ။ ဆိုးဆိုးရွားရွားကြီးမဟုတ်ရင် ကလေးကို သူ့ဘာသာ သင်ယူလေ့လာဖို့ အခွင့်အလမ်း ကိုယ်ကဖန်တီးပေးရမှာပါ။

ဥပမာ ပူတယ်ဆိုတာလိုမျိုး ၊ စပ်တယ်ဆိုတာလိုမျိုး ၊ ကျဉ်တယ်ဆိုတာလိုမျိုးတွေလို ဒါလုပ်ရင် ဒါဖြစ်တတ်တယ် ဒီပစ္စည်းဟာ ဒီလိုသက်ရောက်မှုမျိုး ရှိတယ်ဆိုတာကို ကလေးခံနိုင်တဲ့အတိုင်းအတာမျိုးနဲ့ သင်ယူလေ့လာခွင့် လမ်းဖွင့်ပေးရမှာပါ။ အမေပြောတာ ၊ တားတာတွေမယုံသမျှ လက်တွေ့ထိတွေ့ ၊ ကြုံတွေ့လာတော့မှ ဒါဟာ ဒီလိုရှိပါလားလို့ သူ့ဘာသာသူလက်ခံပြီး အမေပြောတာ ၊ အမေသင်တာတွေကို တလေးတစား ၊ ယုံကြည်စွာ နားထောင်လာတာတွေဖြစ်လာတတ်ပါတယ်။ ကိုယ်တိုင်ကကော ဒါတွေကို စာတွေ့သိခဲ့တာလား ၊ လက်တွေ့သိခဲ့တာလား။ ကိုယ်တိုင်က လုပ်ကြည့်လို့ သိလာခဲ့တဲ့အရာတွေကို သူ့ကိုလည်း Safe ဖြစ်လောက်တဲ့ အနေအထားမျိုးဖန်တီးလို့ သင်ယူလေ့လာခွင့် ပြုလိုက်ရမှာဖြစ်ပါတယ်။

သူများကလေးတွေ ဒီအရွယ်မှာ ဒါတွေသိနေပြီ ၊ ဒါတွေလုပ်တတ်နေပြီ ၊ ဒီလိုသိတတ်နေပြီ ၊ ကိုယ့်ကလေးက ဒီလိုမဟုတ်ဘူးဆိုပြီး ကလေးကို အားမလိုအားမရနဲ့ အရင်အပြစ်တင်ပြောဆိုဖို့ စိတ်မစောပါနဲ့။ ကိုယ့်ကလေးမသိတတ်သေးတာဟာ သူ့ကို သိတတ်အောင် သင်ပေးဖို့ ပျက်ကွက်ခဲ့တဲ့ကိုယ်ပါ။ သိလိုတဲ့အချိန်မှာ နင့်အရာမဟုတ်ဘူးလို့ မသင်ပေးခဲ့ဘဲ တချိန်မှာ မသိရကောင်းလား မာန်မဲနေတတ်ရင် ဘယ်သူကမှားနေသလဲ။

ကလေးကိုမသင်ပေးခင်မှာ ကလေးရဲ့ရှေ့မှာ ကိုယ်ဟာစံပြ နေထိုင်ပြောဆိုလုပ်ကိုင်ဖို့ အရမ်းအရေးကြီးပါတယ်။ ကိုယ်မလုပ်နဲ့ပြောတဲ့အရာတွေကို ကိုယ်တိုင်က မလုပ်မိဖို့ ၊ လုပ်ပါလို့ ကိုယ်တိုက်တွန်းလိုတာတွေကို ကိုယ်တိုင်က လုပ်ကိုင်မိနေဖို့ဟာ ကလေးကို ဒါလုပ်ပါ ၊ ဒါမလုပ်ပါနဲ့ပြောဆိုသင်ပြဖို့ထက် ပိုအရေးကြီးနေတာပါ။

ကျွန်မဆို ကလေးကိုယ်ဝန်လွယ်ထားကတည်းက ကလေးမှာ မရှိစေချင်တဲ့ အကျင့်တွေမှန်သမျှကို ကျွန်မကိုယ်တိုင်ရော ကျွန်မခင်ပွန်းထံမှာပါ ဒီအကျင့်တွေစွဲမနေအောင် အချိန်ယူဖျောက်ပါတယ်။ ကလေးမှာ ရှိနေစေချင်တဲ့ အကျင့်တွေကိုလည်း အချိန်ပေးလို့ ကိုယ်တိုင်က ကျင့်ယူခဲ့ပါတယ်။ စာထဲကအရာတွေ မှတ်သားလိုက် ၊ ကိုယ်တိုင်ကျင့်ကြံလိုက်နဲ့ ကိုယ်ဝန်ဆောင်စဉ်တလျောက် ပြင်ဆင်ထားခဲ့တာပါ။ ကလေးမွေးလာတော့ သူ့ကိုပေးချင်တဲ့အကျင့်ကောင်းတွေ ကိုယ့်မှာစွဲနေပြီး မရှိစေချင်တဲ့အကျင့်တွေကို ဖျောက်နိုင်ခဲ့ပါတယ်။

ကံကောင်းတာလား ၊ ကံဆိုးတာလားမသိပေမယ့် သမီးလေးကို ၂၄နာရီ ကျွန်မပဲပြုစုစောင့်ရှောက်ရတော့ သမီးလေးဟာ ကျွန်မဆီကအကျင့်တွေစွဲမြဲသွားခဲ့ပါတယ်။ လုပ်ကျင့်ကိုင်ကျင့်စွဲရုံတင်မဟုတ်ဘူး စားသောက်နေထိုင်ကျင့် ၊ ပြောဆိုကျင့်တွေပါ ကျွန်မနဲ့အတော့်ကို တူနေတာမို့ ကလေးဟာ အနီးဆုံးလူဆီက ကောင်းခြင်း ၊ မကောင်းခြင်းတွေကို စုပ်ယူလေ့လာပြီး အတတ်သင်ယူနေတယ်လို့ လက်တွေ့သိခဲ့ရတာပါ။ ဒါကြောင့် ကလေးကို ဘယ်သူနဲ့ အချိန်အများကြီးကုန်ဆုံးစေသလဲ ကလေးအနားမှာ ရှိနေသူတွေက ဘယ်သူတွေလဲ ၊ ဘယ်လိုအကျင့်စရိုက်မျိုးတွေရှိသလဲဆိုတာကို အလေးပေးဖို့ အထူးအရေးကြီးပါတယ်။

ကလေးအနားရှိနေသူတွေရဲ့ စရိုက်တွေကို အလေးပေးဖို့ ပျက်ကွက်ခဲ့မယ်ဆို ကလေးမှာ ဒီစရိုက်တွေ တွယ်ကပ်စွဲမြဲသွားတော့မှ သတိထားမိတော့မှာပါ။ အမှားတွေလုပ်နေ ၊ ပြောနေတဲ့ ကလေးမှာ အပြစ်မရှိပါဘူး။ ကလေးအမှားတွေ လုပ်ဖြစ် ၊ ပြောဖြစ်အောင် ကလေးကို သတိမမူမိတဲ့ ကိုယ့်ဆီမှာ အမှားကြီးနေတာပါ။ ဒုတိယမှားနေသူတွေကတော့ ကလေးအနားမှာ ဒီစရိုက်မျိုးရှိသူတွေပေါ့။ သူတို့တွေက ကလေးတွေကို ဒီလိုပြော ၊ ဒီလိုလုပ် ၊ ဒီလိုကိုင် ၊ ဒီလိုဖြစ်ရင် ဒီလိုပြုမူရတယ်လို့ သိတမျိုး ၊ မသိတမျိုး သင်ပေးခဲ့သူတွေဖြစ်နေတာပါ။ သူတို့တွေဆီက ကလေးဟာ ကောင်းတာရော ၊ မကောင်းတာရော သင်ယူခဲ့တာပေါ့။

ကလေးမိဘတွေဟာ တနေ့မှာ အနည်းဆုံးနာရီဝက် တစ်နာရီလောက် ကလေးကို လုံးဝအချိန်ပေးပြီး ကလေးနဲ့ကစားပါ။ ကစားရင်းဖြစ်လာတဲ့ ကလေးရဲ့တုန့်ပြန်မှုတွေနဲ့ အပြောအဆိုတွေကို အလေးထားပါ။ မှန်ကန်တဲ့လမ်းကြောင်းပေါ် ပြန်တင်ပေးပြီး ကလေးနားလည်အောင်နဲ့ နားဝင်အောင် (မဆူမဆဲ ၊မရိုက်ဘဲ) သင်ပေးပါ။ ကလေးစကားပြောတတ်ရင် ကလေးစကားကို အလေးထားနားထောင်ပါ။ သူနဲ့အပြန်အလှန်ပြောဆိုဆွေးနွေးကျင့် လုပ်ထားပါ။ ဒီလိုဆိုရင် သူ့အယူအဆနဲ့ သူ့တွေးခေါ်မှုတွေကို ကိုယ်သိလာမှာပါ။ မှားနေရင် မှန်ကန်တဲ့လမ်းကြောင်းပေါ် ပြန်တင်ပေးပါ။ ဒီလိုနည်းတွေနဲ့ ကလေးကို အချိန်ပေးလို့ မှန်ကန်တဲ့လမ်းကြောင်းပေါ် နေ့စဉ်ပြန်တည့်မတ်ပေးရမှာပါ။ အချိန်လွန်သွားမှဆိုရင်တော့ ဒီအကျင့်စရိုက်တွေ ကလေးမှာ ခေါက်ရိုးကျိုးလို့ ပြင်မရဖြစ်နေလိမ့်မယ်။ အထူးသဖြင့် ကလေးဆယ်ကျော်သက်အရွယ်မှ ဒီအကျင့်ကြီးစွဲနေတာ ပြင်ပေးလို့မရမှန်းသိတယ်ဆို အရင်ဆုံး အပြစ်တင်ရမှာ ကိုယ် ကိုယ်တိုင်ပါပဲ။

ရတု (Burmesehearts.com)

]]>
http://www.burmesehearts.com/%e1%80%80%e1%80%b1%e1%80%9c%e1%80%b8%e1%80%80%e1%80%ad%e1%80%af%e1%80%9e%e1%80%84%e1%80%b9%e1%80%b1%e1%80%95%e1%80%b8%e1%80%90%e1%80%b2%e1%80%b7%e1%80%a1%e1%80%81%e1%80%ab/feed/ 0
ကလေးငယ်တို့ ဖွံ့ဖြိုးတိုးတက်လာမှု အဆင့်ဆင့် http://www.burmesehearts.com/%e1%80%80%e1%80%b1%e1%80%9c%e1%80%b8%e1%80%84%e1%80%9a%e1%80%b9%e1%80%90%e1%80%ad%e1%80%af%e1%82%94-%e1%80%96%e1%80%bc%e1%80%b6%e1%82%94%e1%81%bf%e1%80%96%e1%80%ad%e1%80%b3%e1%80%b8%e1%80%90%e1%80%ad/ http://www.burmesehearts.com/%e1%80%80%e1%80%b1%e1%80%9c%e1%80%b8%e1%80%84%e1%80%9a%e1%80%b9%e1%80%90%e1%80%ad%e1%80%af%e1%82%94-%e1%80%96%e1%80%bc%e1%80%b6%e1%82%94%e1%81%bf%e1%80%96%e1%80%ad%e1%80%b3%e1%80%b8%e1%80%90%e1%80%ad/#respond Tue, 31 May 2016 09:09:18 +0000 http://www.burmesehearts.com/?p=56029

အမိဝမ်းကကျွတ်ကာစအချိန်ကနေစပြီး ကလေးငယ်တွေဟာ အဆင့်ဆင့် ဖွံ့ဖြိုးလာကြတာပါ။ ကလေးငယ်တွေရဲ့ ပင်ကိုယ်ဗီဇအရသော်လည်းကောင်း ၊ မိဘတွေရဲ့မျိုးရိုးဗီဇအရသော်လည်းကောင်း ၊ ကလေးငယ်၏ ကျန်းမာရေးအရသော်လည်းကောင်း အရွယ်တူ ၊ နေ့တူ ကလေးတစ်ဦးနဲ့တစ်ဦး ဖွံ့ဖြိုးမှုချင်း မတူညီတာလည်း ရှိတတ်ပါတယ်။

ကလေးတွေရဲ့ဖွံ့ဖြိုးမှုဟာ တစ်ဦးနဲ့တစ်ဦး ဘယ်လိုပင် မတူညီငြားလည်း စောတာနဲ့ နောက်ကျတာလောက်သာ ရှိတာပါ။ ဖွံ့ဖြိုးမှုအဆင့်တွေကို လုံးဝကျော်လွန်ပြီး ဖွံ့ဖြိုးသွားတယ်ရယ်လို့ မရှိတတ်ပါဘူး။ ဥပမာ ဇက်မခိုင်သေးဘဲနဲ့ ကလေးဟာ အဆင့်ကျော်လို့ ထိုင်နိုင်တာမျိုး မရှိပါဘူး။ မထိုင်နိုင်သေးတဲ့ကလေးတစ်ဦးဟာ မတ်တပ်ထ ၊ လမ်းလျှောက်တာမျိုး မလုပ်နိုင်ပါဘူး။ ဒါကို တဆင့်ပြီးမှတဆင့် ဖွံ့ဖြိုးတိုးတက်တယ်လို့ခေါ်တာပါ။

ကလေးတွေရဲ့ တိုးတက်ဖွံ့ဖြိုးမှုနှုန်းအား သတိထားမိစေရန် အပိုင်း(၁) နှင့် ကလေးရဲ့ တိုးတက်ဖွံ့ဖြိုးမှုနှုန်းအား သတိထားမိစေရန် အပိုင်း(၂) တို့တွင် ဖော်ပြပြီးဖြစ်သကဲ့သို့ ကလေးငယ်တွေရဲ့ ဖွံ့ဖြိုးမှုဟာ သူ့အရွယ်နဲ့သူ ဖွံ့ဖြိုးတိုးတက်တာမျိုး ဖြစ်ပါတယ်။ ဒါတွေကို မသိရှိသေးပါက အရောင်ကွဲသော စာများပေါ်တွင် ကလစ်နှိပ်ပြီး ဖတ်ရှုနိုင်ပါတယ်။ လင့်ခ်တွေ ပေးထားတာဖြစ်ပါတယ်။

ကလေးတစ်ဦးဟာ ပထမဆုံး မား (မာမားကိုကိုယ်စားပြုခြင်း) ၊ ဒ (ဒက်ဒီကိုကိုယ်စားပြုခြင်း) ၊ မေ(အမေကိုကိုယ်စားပြုခြင်း) ၊ ဖေ(အဖေကိုကိုယ်စားပြုခြင်း) ၊ မ (အမကိုကိုယ်စားပြုခြင်း) စသဖြင့် စကားတစ်လုံးကို စပြောရင်းကနေ သူ့ရဲ့ ဝေါဟာရဆိုင်ရာ အသုံးအနှုန်းတွေ ၊ ပြောဆိုခြင်းဆိုင်ရာ အလေ့အကျင့်တွေ ဖွံ့ဖြိုးလာပါတယ်။ သူ့ကို စကားများများနဲ့ မြန်မြန်ပြောတတ်စေချင်ရင် သူ့အနားနေသူတွေက သူ့ကို စကားများများ ပြောပြ ၊ သင်ပြ ပြောဆိုရမှာဖြစ်ပါတယ်။

နောက်တဆင့်ကတော့ ခြေလက်ကြွက်သားတွေကို အသုံးပြုပြီး တိုးတက်ဖွံ့ဖြိုးနေတာပါ။ ဒီတိုးတက်မှုကတော့ ခေါင်းကနေ ခြေအထိ ကြွက်သားအကုန်ကို တဆင့်ချင်း အသုံးချလို့ တိုးတက်လာတဲ့ သဘောဖြစ်ပါတယ်။ ဒီဖွံ့ဖြိုးမှုမှာ ကလေးဟာ သူ့ကိုယ်ခန္ဓာအစိတ်အပိုင်းတွေကို သတိထားမိရာက အသုံးပြုဖို့ကြိုးစားလာတာပါ။

ဒီလိုတိုးတက်ဖွံ့ဖြိုးမှုမှာ သူဟာ ဇက်မခိုင်သေးပေမယ့် ခေါင်းလေး ဟိုငဲ့ကြည့် ၊ ဒီငဲ့ကြည့် ၊ ဟိုလှည့် ၊ ဒီလှည့် လုပ်တတ်ရာကနေ သူ့ခြေ ၊ သူ့လက်တွေရဲ့ အသုံးဝင်ပုံကိုသတိထားမိမယ်။ လက်ကို ပါးစပ်ထဲထည့်မယ် ၊ ခြေကို ပါးစပ်ထဲထည့်မယ်။ လက်မောင်းအားသုံးပြီး မှောက်ဖို့ကြိုးစားမယ်။ ဒီ့ထက်ပိုလုပ်နိုင်ပြီဆို လှိမ့်ဖို့ကြိုးစားမယ်။ နောက် ထိုင်ဖို့ကြိုးစားမယ် ၊ ထဖို့ကြိုးစားမယ် ၊ ရပ်ဖို့ကြိုးစားမယ် ၊ လျှောက်ဖို့ကြိုးစားမယ် ၊ ပြေးဖို့ကြိုးစားမယ်။ ဒီလိုနဲ့ သူတို့ဟာ ကြွက်သားတွေ ခပ်မြန်မြန် ဖွံ့ဖြိုးတိုးတက်လာတာဖြစ်ပါတယ်။

ကြွက်သားဖွံ့ဖြိုးတိုးတက်မှုဟာ ဒီလို အထင်အရှားကြီး ဖွံ့ဖြိုးတိုးတက်သွားတာကို တွေ့မြင်ရသလို နေ့စဉ် သေးသေးကလေးတွေကနေ ဖွံ့ဖြိုးတိုးတက်သွားတာလည်း ရှိပါတယ်။ ဒါကတော့ လက်ချောင်းလေးတွေ ၊ ခြေချောင်းလေးတွေ ၊ နှုတ်ခမ်းတွေနဲ့ လျှာကို အသုံးပြုပြီး လုပ်ကိုင်ဆောင်ရွက်လာတာတွေပါ။ မွေးကင်းစမှာတော့ သူ့ဦးနှောက်က ဒါတွေလုပ်ဖို့ မဖွံ့ဖြိုးသေးတဲ့အတွက် ဒီလိုပြုမူလုပ်ကိုင်နိုင်ခြင်း မရှိသေးပါဘူး။

ကြွက်သားတွေကို ထိန်းချုပ်မှု အားကောင်းလာတာနဲ့အမျှ လက်မနဲ့ လက်ညှိုးလေးသုံးလို့ ပစ္စည်းလေးတွေ ကောက်ယူကိုင်နိုင်ဖို့ ကြိုးစားမယ်။ နောက်ပါးစပ်ထဲအရောက် ကောက်ထည့်ပြီး အရသာခံကြည့်မယ် ၊ နှာခေါင်းထဲထည့်ပြီး အနံ့ခံထာမျိုး ၊ နားထဲ မျက်စိထဲ ထည့်စမ်းသပ်တာမျိုးတွေ လုပ်တာပါ။ ဒီ့ထက်အရွယ်ရလို့ ပိုမိုဖွံ့ဖြိုးလာပြီဆိုရင်တော့ လက်ချောင်းလေးတွေသုံးပြီး ရေးခြစ်ဖို့ ၊ အရောင်ခြယ်ဖို့ ၊ ပုံဆွဲဖို့ကို လုပ်လာတော့မှာပါ။

ပင်မကြွက်သားတွေ တိုးတက်သန်မာပြီးမှ ကြွက်သားငယ်လေးတွေ တိုးတက်သန်မာလာတာမို့ ဇက်မခိုင်သေးတဲ့ကလေးဟာ ပုခုံးသန်မာမှုရှိဦးမှာမဟုတ်ပါဘူး ၊ ပုခုံးသန်မာမှုမရှိသေးတဲ့ကလေးဟာ နောက်ကျောသန်မာတောင့်တင်းမှု မရှိပါဘူး။ ကလေးဟာ လက်မောင်းကြွက်သားတွေ ကောင်းကောင်းထိန်းချုပ်နိုင်ပါမှ လက်ကလေးတွေကို သူ့စိတ်တိုင်းကျ ထိန်းချုပ်လာနိုင်မှာဖြစ်ပါတယ်။ လက်ချောင်းတခုလုံးကို လေထဲဝေ့ဝဲ ထိန်းချုပ်တာမျိုး မလုပ်နိုင်သေးသရွေ့ သူ့လက်ချောင်းလေးတွေကို ထိန်းချုပ်နိုင်ဦးမှာ မဟုတ်ပါဘူး။

နောက်ပိုင်း အရွယ်ရလာတာနဲ့အမျှ ပင်မကြွက်သားတွေရော ၊ ကြွက်သားငယ်လေးတွေရော ကောင်းကောင်းဖွံ့ဖြိုးလာပြီမို့ ဒီနှစ်ခုလုံးကိုအသုံးပြုပြီး လုပ်ငန်းဆောင်တာတွေကို လုပ်ကိုင်တော့မှာဖြစ်ပါတယ်။

ရတု (Burmesehearts.com)

]]>
http://www.burmesehearts.com/%e1%80%80%e1%80%b1%e1%80%9c%e1%80%b8%e1%80%84%e1%80%9a%e1%80%b9%e1%80%90%e1%80%ad%e1%80%af%e1%82%94-%e1%80%96%e1%80%bc%e1%80%b6%e1%82%94%e1%81%bf%e1%80%96%e1%80%ad%e1%80%b3%e1%80%b8%e1%80%90%e1%80%ad/feed/ 0
ကလေးကို ပညာပေးရာတွင် ဘယ်လိုစနစ်ပုံစံမျိုးက အကိုက်ညီဆုံးဖြစ်မလဲ http://www.burmesehearts.com/%e1%80%80%e1%80%b1%e1%80%9c%e1%80%b8%e1%80%80%e1%80%ad%e1%80%af-%e1%80%95%e1%80%8a%e1%80%ac%e1%80%b1%e1%80%95%e1%80%b8%e1%80%9b%e1%80%ac%e1%80%90%e1%80%bc%e1%80%84%e1%80%b9-%e1%80%98%e1%80%9a%e1%80%b9/ http://www.burmesehearts.com/%e1%80%80%e1%80%b1%e1%80%9c%e1%80%b8%e1%80%80%e1%80%ad%e1%80%af-%e1%80%95%e1%80%8a%e1%80%ac%e1%80%b1%e1%80%95%e1%80%b8%e1%80%9b%e1%80%ac%e1%80%90%e1%80%bc%e1%80%84%e1%80%b9-%e1%80%98%e1%80%9a%e1%80%b9/#respond Sun, 29 May 2016 03:57:57 +0000 http://www.burmesehearts.com/?p=55540

ကလေးကို တကယ်တတ်သိနားလည်သွားအောင် ဘယ်လိုသင်ပေးမလဲဆိုတာဟာ လူကြီးမိဘတွေအတွက်တော့ တကယ်ခေါင်းစားစရာပါပဲ။ မြန်မာနိုင်ငံမှာ အသားကျနေတဲ့ ကလေးတွေကို သင်ပေးမှုစနစ်ဟာ မှတ်မိအောင် နှုတ်တိုက်ရွတ်ခိုင်းမယ် ၊ လိုက်လုပ်ခိုင်းမယ် ၊ တခါကနေနှစ်ခါ အခါခါ ပြောဆိုဆုံးမသွန်သင်လို့မှမရရင် ဆူမယ် ၊ ရိုက်မယ် ၊ ဒဏ်ပေးမယ်။ ဒီလိုစနစ်တွေနဲ့ ကလေးတွေကို အမျိုးမျိုးသင်ပေးပြီး ကြီးပြင်းလာစေခဲ့တာ အစဉ်အလာကြီးတခုလို အသားကျနေခဲ့ပြီလေ။

တကယ်တော့ ကလေးတွေဟာ သူတို့နည်းသူတို့ဟန်နဲ့ သင်ယူနေကြတာမို့ ကလေးတစ်ဦးချင်းစီမှာ သူတို့ ဦးနှောက်ကို ဖမ်းစားသင်ယူလွယ်စေသော နည်းကလေးတွေနဲ့ အလွယ်တကူ တတ်မြောက်သင်ယူသွားလေ့ရှိတဲ့ ကိုယ်ပိုင်နည်းကလေးတွေ ရှိနေတတ်ကြတယ်။ ကလေးအများစုကတော့ ကာရံနပေလေးတွေ ၊ ကလေးတေးသွားကလေးတွေ ၊ စိတ်ဝင်စားဖွယ်ရာ ကစားနည်းကလေးတွေကနေတဆင့် သင်ယူတတ်မြောက်သွားကြတာလည်းရှိပါတယ်။ ဒါကြောင့် ကလေးတွေကို သင်တဲ့အခါ အရွယ်ရောက်သူတွေကို ပြောပြသင်ကြားသလို နည်းတွေနဲ့သင်ရင် ထင်သလောက် မမှတ်မိ ၊ မလိုက်နာတတ်တာလေးတွေဟာ သူတို့သင်ယူတဲ့နည်းနဲ့ ကိုယ်သင်ပေးတဲ့နည်း လွဲနေလို့ဖြစ်ပါတယ်။ 

ကလေးငယ်လေးတွေဟာ သူတို့စိတ်ဝင်စားတဲ့အရာတွေကနေ သူတို့သိရှိခံစားနိုင်စွမ်းကလေးတွေနဲ့ သူတို့နည်း ၊ သူတို့ဟန်လေ့လာသင်ယူနေကြတာပါ။ ဒီတော့ လူကြီးတွေးနဲ့ကလေးကို သင်ပေးလို့တော့ သိပ်အရာရောက်မှာမဟုတ်ဘူးပေါ့။ ကလေးငယ်လေးတွေကို အပ်နှံတဲ့ကျောင်းတွေဟာ ဒီသဘောကို လေးလေးနက်နက် သိနားလည်ပြီး ကလေးကို ကလေးအထာနဲ့ ကလေးသဘောပေါက်အောင် သင်ပေးနိုင်တဲ့ကျောင်းမျိုး ဖြစ်သင့်ပါတယ်။

ကလေးငယ်တွေအကြောင်းကို ကောင်းကောင်း သဘောပေါက် နားလည်ပေးပြီး သင်ကြားပြသနိုင်တဲ့ ဒီလိုကျောင်းမျိုးတွေကို ဘယ်လိုရွေးချယ်ရမလဲ။ ဒီလိုကျောင်းတွေဟာ ပုဂ္ဂလိကကျောင်းတွေလား ၊ အစိုးရကျောင်းတွေလား ၊ ဘာသာရေးကျောင်းတွေလား ၊ အိမ်မှာသီးသန့်သင်တဲ့နေရာမှာလား ၊ ဒါမှမဟုတ် ဘယ်နေရာမှာ ပိုတွေ့ရှိနိုင်မလဲ ခေါင်းစားစရာပါ။

ကလေးတွေဟာ သူတို့စိတ်ဝင်စားစရာအရာတွေကနေ သူတို့ဘာသာသူတို့ သင်ယူတတ်မြောက်သွားတတ်တဲ့ အလေ့အကျင့်ရှိတာမို့ သူတို့ကို သူတို့ဘာသာ သင်ယူလေ့လာခွင့်ပေးတဲ့ ကျောင်းတွေဟာ သူတို့အတွက် အသင့်လျော်ဆုံးဖြစ်ပါတယ်။ လူကြီးမိဘ ၊ ဆရာသမားတွေဟာ သူတို့ကို သူတို့ဘာသာ လေ့လာသင်ယူတတ်မြောက်ခွင့်ပေးဖို့လိုပါတယ်။

ကိုယ့်ရဲ့ မသိမသာ စောင့်ကြည့် ၊ လမ်းပြ ၊ စောင့်ရှောက်ပေးနိုင်စွမ်းနဲ့ သူတို့ကို စမ်းသပ်လုပ်ကိုင်စေရင်း သင်ယူခွင့်ပေးသင့်ပါတယ်။ လူဆိုတာ ကိုယ်တိုင်လုပ်ကြည့်ပြီး ကိုယ်တိုင် မှားယွင်းသွားတာ ၊ အောင်မြင်သွားတာကနေတဆင့် အများစုသောအရာတွေကို လေးလေးနက်နက် တတ်မြောက်သွားကြတာပါ။ အဆိပ်ကို စမ်းသပ်သောက်ခွင့်ပေးတာမျိုးတော့ မလုပ်သင့်ဘူးပေါ့။ ကလေးဘဝအနာဂါတ် လုံးဝမရှုမလှ ဆုံးရှုံးသွားနိုင်တဲ့ ကိစ္စမျိုးတွေကလွဲရင် ကလေးကို ၎င်းဘာသာ စမ်းသပ်လုပ်ကိုင် သင်ယူရင်း တတ်မြောက်စေရမှာဖြစ်ပါတယ်။

ကလေးတွေကို သင်ပေးတဲ့ လူကြီး ၊ မိဘ ၊ ဆရာ ၊ ဆရာမတွေဟာ သင်ကြားပြသသူအနေအထားထက် လေ့လာအကဲခတ်သူ အနေအထားကနေ ကလေးလိုအပ်တဲ့အခြေအနေမှ ကူညီလုပ်ကိုင်ရှင်းပြပေးတာမျိုးကို လုပ်သင့်တာပါ။ တကယ်တော့ ကလေးတွေအများစုဟာ သူတို့ဘာသာ ရှာဖွေလေ့လာရင်း တွေ့ရှိသိနားလည်လာတာတွေကနေ သင်ယူတတ်မြောက်မှု အများဆုံးဖြစ်တယ်လို့လည်း ကလေးငယ်လေ့လာသင်ယူမှုကို စစ်တမ်းကောက်ယူမှုအရ သိရှိရပါတယ်။

စစ်တမ်းကောက်ယူမှုတွေအရ ဒီလိုလေ့လာတွေ့ရှိနေကြပေမယ့်လည်း ကလေးငယ်တွေကို သူတို့ဘာသာသင်ယူရင်း တတ်မြောက်ခွင့်မပေးနိုင်ဘဲ လူကြီးမိဘ ၊ ဆရာသမားတွေသင်ပေးမှ တတ်မြောက်မယ်လို့ ယုံကြည်မှတ်ယူနေသူတွေလည်း အများအပြားရှိနေပါသေးတယ်။ သူတို့တွေက ရှေးရိုးအစဉ်အလာသင်ကြားနည်းတွေကို လက်ကိုင်ထားပြီး ကလေးကို လူကြီးနားလည်သဘောပေါက်သလို သင်ကြားပေးတာမျိုး လုပ်နေကြသူတွေပါ။

လူကြီးတွေးနဲ့ လူကြီးတွေနားလည်သလို သင်ကြားပေးမှုခံရတဲ့ကလေးတွေဟာ ကိုယ်တိုင်ဖောက်ထွင်းစဉ်းစားလေ့လာတတ်တဲ့ အလေ့အကျင့်တွေ တဖြည်းဖြည်း နည်းပါးပျောက်ကွယ်လာပြီး ဒီလိုနည်းနဲ့ သင်ကြားပေးမှုခံရတဲ့ တချို့ကလေးတွေဟာ သူတို့ကိုယ်ပိုင်ဟန်နဲ့ တွေးတောအကောင်အထည်ဖော် ဆောင်ရွက်တတ်တဲ့အလေ့အကျင့်တွေ နည်းပါးသထက် နည်းပါးလာပါတယ်။ တချို့ဆို သူတို့ကိုယ်ပိုင်ဟန်နဲ့ တွေးတောအကောင်အထည်ဖော် ဆောင်ရွက်တတ်တဲ့အလေ့အကျင့်တွေ လုံးဝပျောက်ကွယ်သွားတဲ့အထိလည်း ရှိနေတတ်ပါတယ်။

ကလေးတွေကို သူတို့ကိုယ်ပိုင်နည်းတွေနဲ့ လေ့လာစေမယ်ဆိုပေမယ့် ပုံမှန်ကလေးတွေထက် အရမ်းကို မထိန်းနိုင်မသိမ်းနိုင် အသွက်လွန်တဲ့ ကလေးသူငယ်တွေနဲ့ ကိုယ့်ဘာသာထိုင်ပြီး အာရုံစူးစိုက်လေ့လာနိုင်စွမ်းမရှိတဲ့ ကလေးသူငယ်တွေအတွက်တော့ ဒီလိုသင်ယူလေ့လာစေတဲ့နည်းဟာ မသင့်လျော်ပါဘူး။

ကျောင်းစနေရမယ့်ကလေးအရွယ်ကို သင်ကြားမှုနည်းမျိုးစုံနဲ့ သင်ပေးနိုင်အောင် ကြိုးစားရပါမယ်။ ကလေးတွေကို သင်ယူခွင့်ပေးတဲ့နေရာမှာ ငါကတော့ ဒီနေရာမှာ ဒီလိုမှားခဲ့ဖူးတယ် ၊ သူလည်းမှားနိုင်တယ်ဆိုတဲ့အတွေးနဲ့ သင်ပေးတာမျိုး မလုပ်ရပါဘူး။ ကိုယ့်တုန်းကမှားခဲ့ပေမယ့် သူ့အလှည့် မှားချင်မှမှားမှာပါ။ မမှားသေးတာကို ကြိုပူပန်ပြီးသင်ပေးရင် မမှားသေးတဲ့ကလေးဟာ ပြောကာမှ မှားသွားနိုင်တယ်လေ။

ကလေးအပ်နှံမယ့် ကျောင်းကို လူကြီးမိဘ (ကလေးကိုတိုးတက်စေချင်သူ) ကိုယ်တိုင်လိုက်ပြီး ကျောင်းရဲ့သင်ကြားမှုစနစ်ကို လေ့လာပါ။ ဟိုဟာဆိုလည်း မလုပ်နဲ့ ၊ ဒီဟာဆိုလည်း တားပြီးထိန်းချုပ်ထားတတ်တဲ့ကျောင်းမှာ ကလေးကိုအပ်နှံလိုက်ပြီဆိုရင် ကိုယ့်ကလေးရဲ့ လွတ်လပ်စွာတွေးခေါ်လုပ်ကိုင်တတ်တဲ့ ညာဉ်ကလေးကို သူတို့ဟာ အပြီးသတ်ထိန်းချုပ်လိုက်မှာပါ။ ကလေးကို ကစားစေတာတောင် ဖန်တီးမှုစွမ်းရည်အသုံးပြုပြီး ပေးကစားတတ်တဲ့ကျောင်းတွေကတော့ ကလေးရဲ့ လွတ်တတ်စွာ တွေးခေါ်ဖန်တီးလုပ်ကိုင်လေ့ရှိတဲ့ စွမ်းအားတွေကို အရောင်တင်ပေးနိုင်မှာဖြစ်ပါတယ်။

ကလေးတွေကို ကစားဖို့ပေးထားတဲ့ ကစားစရာတွေကိုလည်းလေ့လာပါ။ မိန်းကလေးတွေပဲ ကစားလေ့ရှိတဲ့ ကစားစရာတွေချည်းလား ၊ ယောကျာ်းလေးတွေ ကစားလေ့ရှိတဲ့ ကစားစရာတွေချည်းလား ၊ အကုန်လုံးအတွက် မျှမျှတတ ထားပေးသလား ။ ညာဘက်ဦးနှောက်ကို အသုံးပြုလုပ်ကိုင်ကစားရတဲ့ အရုပ်ဆက်တာမျိုး ၊ ပြေးလွှားကစားရတာမျိုးတွေပဲလား။ ဘယ်ဘက်ဦးနှောက်ကို အသုံးပြုလုပ်ကိုင်ကစားရတဲ့ ဖတ်စရာစာအုပ်အထွေထွေ ၊ စကားလုံးတည်ဆောက်မှုပိုင်းဆိုင်ရာ ၊ ရေးသားမှုပိုင်းဆိုင်ရာတွေကိုပါ ကျောင်းမှာထားပေးသလားဆိုတာလည်း သတိထားသင့်ပါတယ်။ ကလေးဟာ ဘယ်ဦးနှာက် ၊ ညာဦးနှောက် နှစ်ခုစလုံးကို အသုံးပြုလေ့ကျင့်ပေးပါမှ နှစ်ဖက်စလုံးဖွံ့ဖြိုးတိုးတက်မှာဖြစ်ပါတယ်။

ဆရာမဟာ စိတ်တိုလေ့ရှိတတ်သူလား ၊ ကလေးကြိုပို့လုပ်တဲ့ မိဘတွေနဲ့ ကျောင်းနေကလေးတွေရဲ့ သွင်ပြင်အမူအရာတွေဟာ ဒီကျောင်းရဲ့ ဝန်ဆောင်မှုအပေါ် နှစ်လိုမှုရှိသလား ၊ နောင်မှာ ကိုယ့်ကလေးနဲ့ ကျောင်းနေဘက် ၊ ကစားဖော်ဖြစ်လာမယ့် ကလေးတွေအများစုဟာ ကိုယ့်ကလေးရဲ့ စာရိတ္တအမူအကျင့်တွေနဲ့ ကိုက်ညီမှုရှိရဲ့လား ဆိုတာကိုလည်း ထည့်သွင်းစဉ်းစား ရွေးချယ်ပေးနိုင်ရင်ဖြင့် ကိုယ်အပ်နှံလိုက်တဲ့ကျောင်းမှာ ကလေးလည်း ကျောင်းနေရတာပျော် ၊ ကိုယ်တိုင်လည်း မိမိကလေးအတွက် မိမိရွေးချယ်အပ်နှံလိုက်တဲ့ ကျောင်းအပေါ် စိတ်ချယုံကြည်မှု အပြည့်အဝရှိနိုင်မှာဖြစ်ပါတယ်။

ရတု (Burmesehearts.com)

]]>
http://www.burmesehearts.com/%e1%80%80%e1%80%b1%e1%80%9c%e1%80%b8%e1%80%80%e1%80%ad%e1%80%af-%e1%80%95%e1%80%8a%e1%80%ac%e1%80%b1%e1%80%95%e1%80%b8%e1%80%9b%e1%80%ac%e1%80%90%e1%80%bc%e1%80%84%e1%80%b9-%e1%80%98%e1%80%9a%e1%80%b9/feed/ 0
ကလေးတွေ စိတ်ဖိစီးမှုနည်းပြီး လိမ်မာနေဖို့ နည်းပေးလမ်းပြသင်ပေးမယ် http://www.burmesehearts.com/%e1%80%80%e1%80%b1%e1%80%9c%e1%80%b8%e1%80%b1%e1%80%90%e1%80%bc-%e1%80%85%e1%80%ad%e1%80%90%e1%80%b9%e1%80%96%e1%80%ad%e1%80%85%e1%80%ae%e1%80%b8%e1%80%99%e1%82%88%e1%80%94%e1%80%8a%e1%80%b9%e1%80%b8/ http://www.burmesehearts.com/%e1%80%80%e1%80%b1%e1%80%9c%e1%80%b8%e1%80%b1%e1%80%90%e1%80%bc-%e1%80%85%e1%80%ad%e1%80%90%e1%80%b9%e1%80%96%e1%80%ad%e1%80%85%e1%80%ae%e1%80%b8%e1%80%99%e1%82%88%e1%80%94%e1%80%8a%e1%80%b9%e1%80%b8/#respond Wed, 24 Feb 2016 12:14:16 +0000 http://www.burmesehearts.com/?p=39237

တကယ်တော့ ကလေးဟာ ဆန္ဒတွေကြောင့် စိတ်ဖိစီးမှုခံနေရတာပါ။ ဆန္ဒတွေဆိုတာ သူ့တကိုယ်ရည်ဆန္ဒလည်းရှိနိုင်တယ် ၊ အမေက ဖြစ်စေချင်တဲ့ ဆန္ဒတွေလည်းရှိနိုင်တယ် ၊ အဖေက ဖြစ်စေချင်တဲ့ဆန္ဒတွေလည်းရှိနိုင်တယ်။ နှစ်ဖက် အဖိုး ၊ အဖွားတွေ ၊ ဦးလေး ၊ အဒေါ်တွေက ဖြစ်စေချင်တဲ့ဆန္ဒတွေ ၊ ကျောင်းကဆရာ ၊ ဆရာမတွေ ဖြစ်စေချင်တဲ့ဆန္ဒတွေလည်း ရှိနိုင်တယ်။

မွေးကင်းစကလေးအများစုရဲ့ဆန္ဒဟာ မိခင်နဲ့အတူနေရဖို့ ၊ မိခင်နို့ ဝဝလင်လင် သောက်စို့ခွင့်ရရှိဖို့ဖြစ်ပါတယ်။ ဒီ့နောက်ပိုင်းမှာတော့ မြင်တာ ၊ သိတာတွေ များလာတော့ လိုချင်တာတွေလည်း များလာတယ် ။ ဖြစ်ချင်တာတွေလည်းများလာတယ်။ သူ့တကိုယ်ရည် ဆန္ဒတွေများလာတာပါ။ ဒါ့အပြင် အမေက လိမ္မာစေချင်လို့ ၊ အဖေက နားလည်သိတတ်စေချင်လို့ ၊ ဆရာ ဆရာမတွေက တော်စေ တတ်စေချင်လို့ ၊ အဖိုး ၊ အဖွားတွေ ၊ ဦးလေး ၊ အဒေါ်တွေက ပြောစကားနားထောင်စေချင်လို့ စတဲ့ တကိုယ်ရည်ဆန္ဒနဲ့ အများဆန္ဒတွေကနေ ကလေးမှာ စိတ်ဖိစီးမှုတွေ ဖြစ်လာပါတယ်။

ငါ့သား ၊ ငါ့သမီး လိမ်မာတယ်။ ဒီလိုပဲ အမြဲ ပြောစကားနားထောင်နော်ဆိုတဲ့စကားက ကလေးဟာ လူကြီးတွေရဲ့ ပြောစကား (ဆန္ဒတွေ)ဆိုတာကို လိမ်မာတယ်လို့ အပြောခံရဖို့အရေး လိုက်ဖြည့်ဆည်းပေးရတော့မယ်။ ပြောမစကားနားမထောင်တော့ဘူး ၊ ဆိုးလာတယ်ဆိုတဲ့ ရှုံ့ချအပြစ်တင်တဲ့စကားဟာ လူကြီးတွေရဲ့  ပြောစကား (ဆန္ဒတွေ)ကို နားမထောင်တဲ့အခါ ၊ မလိုက်နာတဲ့အခါမှာ အပြောခံရလေ့ရှိတယ်။

လိမ်မာတယ်လို့ အပြောခံရပြန်တော့လည်း အမြဲလိမ်မာသူဖြစ်ဖို့ ကိုယ်တိုင်လိုက်ပါလုပ်ကိုင် ပြောဆိုလိုသည်ဖြစ်စေ ၊ မဖြစ်စေ လူကြီးမိဘစကားကို အမြဲလိုနာခံရမယ်ဆိုတဲ့ စိတ်ဖိစီးမှုကြီး ကလေးမှာရှိလာပါပြီ။ ရှုံ့ချအပြစ်တင်တဲ့စကားတွေကြောင့်လည်း ဝမ်းနည်းစိတ်နဲ့ စိတ်ဖိစီးမှုတွေ ကလေးမှာရှိလာပါပြီ။

ကျွန်မဟာ ကလေးကို လိုရင်းတိုရှင်း အင်္ဂလိပ်စကားတွေနဲ့ ချီးကျူးတာမျိုး ၊ သင်ပေးတာမျိုး လုပ်လေ့ရှိပါတယ်။ ကောင်းတာလေးတွေလုပ်တဲ့အခါတိုင်း  ကျွန်မက ကလေးကို လက်မထောင်ပြပြီး “Good” လို့ ချီးကျူးလေ့ရှိပေမယ့် အမြဲအဲဒီလိုကောင်းအောင် လုပ်ရမယ်ဆိုတဲ့စကားနဲ့ သူ့ကို မဖွဲ့နှောင်ထားပါဘူး။ သူ့ကို စိတ်ဖိစီးမှုမရှိစေချင်လို့ပါ။

မလုပ်သင့်တာတွေ လုပ်နေချိန်မှာ ၊ ဆန္ဒမပြည့်လို့ အသံပြဲနဲ့ အော်ဟစ်နေချိန်မှာ ၊ ပစ္စည်းတွေပစ်ပေါက်သောင်းကျန်းနေစအချိန်တွေမှာ “Shouldn’t” လို့ လက်ညှိုးကလေး ခါယမ်းလို့ ကောင်းကောင်းမွန်မွန်ပြောခဲ့ပါတယ်။ ကလေးကို ဆိုးတဲ့ကလေး ၊ မလိမ္မာတဲ့ကလေးလို့ အင်္ဂလိပ်လိုရော ၊ မြန်မာလိုရော တခါမှ မသုံးနှုန်းခဲ့ဘူး။ ဒီအသုံးအနှုန်းတွေကြောင့် ကလေးစိတ်ကို ပိုဝမ်းမနည်းစေချင်သလို စိတ်ဖိစီးမှုတွေ မဖြစ်စေချင်လို့ပါ။

ဒီမှာ ကလေးသင်ယူသွားတာဟာ လုပ်သင့်တဲ့အလုပ်နဲ့ မလုပ်သင့်တဲ့အလုပ်နှစ်ခုပဲရှိပါတော့တယ်။ အဲဒီနောက်က စကားလုံးစာချုပ်တွေနဲ့ ဖွဲ့နှောင်တာ ၊ ခြိမ်းခြောက်တာတွေ မခံရတဲ့အတွက် သူ့စိတ်ဟာ စိတ်ဖိစီးမှု သက်သာပါတယ်။ သူသင်ယူခဲ့တဲ့ လုပ်သင့်တာနဲ့ မလုပ်သင့်တာဆိုတဲ့ ရိုးရိုးရှင်းရှင်း လုပ်ရပ်နှစ်ခုဟာ ရှင်းလင်းတဲ့အတွက် တခြားခံစားမှုတွေမရောနှောဘဲ ဘယ်ဟာက လုပ်သင့်တယ် ၊ ဘယ်ဟာက မလုပ်သင့်ဘူးလို့ ကွဲကွဲပြားပြား သင်ယူသွားတာပါ။

တခါတလေ မိဘကို အလိုမကျတဲ့အခါမှာ မိဘဖြစ်စေချင်တဲ့ဆန္ဒတွေကို ဘုကန့်လန့်တိုက်တဲ့သဘောမျိုးနဲ့ တမင်အရွဲ့တိုက်ပြီး လုပ်တာတွေရှိပါတယ်။ မိဘကို အလိုမကျတာတွေရှိနေတော့ မိဘလုပ်စေချင်တာဆို မလုပ်ဘဲ မိဘမလုပ်စေချင်တာကို လုပ်ပါတော့တယ်။ ဒါကိုမိဘက မလိမ်မာဘူး ၊ ဆိုးလာပြီ။ လူဆိုးကလေး ၊ လူဆိုးမလေးလို့ တံဆိပ်ကပ်လိုက်တော့ ဟိုအရင်လိမ္မာခဲ့ဖူးတာတွေကို မေ့ပစ်လိုက်တဲ့သဘောပေါ့။ ဒီတော့ကလေးကလည်း တံဆိပ်ကပ်ခံရမယ့်အတူတူ မထူးတော့ဘူးဆိုပြီး ပိုဆိုးလာတတ်ပါတယ်။

ဆိုးတယ်လို့ တံဆိပ်ကပ်ခံထားရတဲ့ကလေးဟာ ပို ပိုဆိုးလာလေ့ရှိတယ်။ လိမ်မာတယ်လို့ တံဆိပ်ကပ်ခံထားရတဲ့ကလေးဟာလည်း လူကြီးမိဘတွေ လုပ်စေချင်တဲ့ဆန္ဒ ၊ မလုပ်စေချင်တဲ့ဆန္ဒနဲ့ သူ့ဆန္ဒတွေ ဆန့်ကျင်ဘက်ဖြစ်လာတဲ့အခါတိုင်းမှာ လိမ်မာတယ်ဆိုတဲ့စကားမှာ မပျော်မွေ့တော့ဘဲ စိတ်ဖိစီးလာတယ်။ ဒီစိတ်ဖိစီးမှုတွေ မခံနိုင်တဲ့အဆုံးမှာ လိမ်မာတဲ့ကလေးဟာလည်း ဆိုးလာတတ်တယ်။ အဲဒီအခါ အရင်က ချုပ်တည်းထားခဲ့တဲ့ဆန္ဒတွေကို ဖွင့်ထုတ်ပြီးအတိုးချလုပ်ကိုင် ၊ ပြောဆိုလာတာတွေရှိတာမို့ ခပ်ဆိုးဆိုးကလေး ဖြစ်လာပါတော့တယ်။

BurmeseHearts Blog

တကယ်ဆိုဖြစ်သင့်တာက ကိုယ်ဖြစ်ချင်တဲ့ဆန္ဒကို ပြောပြသလို သူဖြစ်ချင်တဲ့ဆန္ဒကိုလည်း မေးမြန်းပါ။ ကိုယ်လုပ်စေချင်တာ သင်ပေးသလို သူလုပ်ချင်တာကိုလည်း မေးမြန်းပါ။ ဖြစ်နိုင်ရင်လုပ်ခွင့်ပေးပါ။ ဖြစ်ပျက်သွားတဲ့အပေါ်မှာ အပြစ်တင်ဆူပူပြောဆိုတာ ၊  ရိုက်နှက်အပြစ်ပေးတာ ၊ ဒဏ်ပေးတာတွေမလုပ်ခင် ဘာကြောင့် ဖြစ်ပျက်သွားခဲ့သလဲဆိုတာနဲ့ ဒါကို ဘယ်လိုကုစားရမယ်ဆိုတာ ဆွေးနွေးရမှာပါ။

ကလေးတိုင်းဟာ ဖွတတ်တယ် ၊ အစားအသောက်တွေ ဖိတ်ကျံမှောက်တာမျိုး ၊ တမင်မှောက်တာမျိုးတွေလည်း ဖြစ်တတ်တယ်။ သူတို့တကိုယ်ရည် ညစ်ပေတာမျိုးအပြင် တခြားအရာတွေပါ ညစ်ပေတာ ၊ ပျက်စီးစေတာမျိုးတွေလည်း ဖြစ်တတ်တယ်။ တခါတလေ စိတ်ခံစားမှုအခြေခံနဲ့ပဲဖြစ်ဖြစ် ၊ စူးစမ်းလိုစိတ်နဲ့ပဲဖြစ်ဖြစ် တမင်ဖျက်စီးလိုက်တာမျိုးတွေလည်း ရှိနိုင်တယ်။ ဒီလိုလုပ်တိုင်းသာ ဆူပူရိုက်နှက်ဆုံးမကြေးဆိုရင် ကလေးစိတ်ခံစားမှုဟာ မာသထက်မာလာနိုင်ပါတယ်။

ကျွန်မကလေး ဖွတတ်တဲ့အရွယ်မှာ ဖွတယ် ၊ အစားအသောက်တွေ ဖိတ်ကျံညစ်ပတ်လို့ ရှင်းလင်းဆေးကြောရပေါင်းဟာလည်း တနေ့တည်းမှာတင် အခါပေါင်းမနည်းမနောပါ။ တခါမှ သူ့ကို ဆူပူရိုက်နှက် အပြစ်တင် ၊ အပြစ်ပေးတာမျိုး မလုပ်ဖူးဘူး။ ” Again?” လို့မေးမြန်းပြီး ညစ်ပေရှုပ်ပွတာတွေရှင်းလင်းဖို့နဲ့ နောင်မှာ ဒီလိုမဖြစ်အောင် ဘယ်လိုလုပ်ကြမယ်ဆိုတာသင်ပေးတာပဲရှိတယ်။ ဒီတော့ကလေးစိတ်ထဲမှာ ကိုယ့်ကြောင့်အမေအလုပ်များသွားပြီ ၊ ဒီလိုဖြစ်ရင် အမေဘာလုပ်လဲ ၊ ဒီလိုမဖြစ်အောင် ဘာလုပ်သင့်သလဲဆိုတာ သင်ယူသွားပါတယ်။ နောင်မှာ သူ့ဘာသာသူ သတိထားလာတယ်။

မတော်လို့ မှောက်တာမျိုး ၊ ပေကျံတာမျိုးဖြစ်လာရင် ကျွန်မ မသင်ပေးခဲ့ဘဲ သူ့ဘာသာသူ သုတ်စရာရှာကြံလို့ သုတ်သင်ရှင်းလင်းတာမျိုး လုပ်တာတယ်။ ကျွန်မပြောလေ့ရှိသလို “Let’s clean” ဆိုပြီး ရှင်းတော့တာပဲ။ ကလေးဆိုတော့ အရမ်းပြောင်ရှင်းသွားတာမျိုး မဟုတ်ပေမယ့် ဒီလိုမဖြစ်အောင် သတိထားရက် ဒီလိုဖြစ်သွားရင် ဘာလုပ်ရမယ်လို့ သူ့ဘာသာသူ သင်ယူတာကို ကျွန်မကျေးဇူးတင်စကားဆိုဖြစ်တယ်။ “Thank you. I will help you.” ဆိုတာမျိုးနဲ့ သူတပါးကို ကူညီပေးခြင်းဆိုတာလည်း ကျွန်မက နည်းပေးလမ်းပြလုပ်ခဲ့တယ်။

“ပြောင်လဲမပြောင်ဘဲနဲ့ ၊ လုပ်မနေနဲ့သွား” ဆိုတဲ့စကားဟာ ကလေးကို ကိုယ့်လုပ်ရပ် ကိုယ်တာဝန်ယူရှင်းလင်းရတယ်ဆိုတဲ့အသိသင်ပေးဖို့ အဟန့်အတားဖြစ်သွားပါတယ်။ ကလေးရဲ့ သိတတ်စိတ်ကို သိတတ်တဲ့အချိန်မှာ ချီးကျူးပေးရမှာပါ။ အားပေးကူညီရမှာပါ။ ဒါမှလည်း ကလေးဟာ ပိုပြိးနားလည်သိတတ်လာမှာပါ။ နောင် ကျွန်မ ရှင်းလင်းစရာရှိတဲ့အခါတွေမှာ သူက “Let’s clean. I will help you.”လို့ ပြောပြီးကူပါတော့တယ်။ ဒီလိုဘာကြောင့် နားလည်သိတတ်လာသလဲဆိုရင် သူခံစားရတဲ့ တဘက်သားရဲ့ သည်းခံမှုကြောင့်ပါ။

သူ့အပေါ် အမေလုပ်သူက သည်းခံပြီး သူ့အမှားတွေ ဗွေမယူခဲ့တော့ သူကိုယ်တိုင်လည်း တပါးသူအပေါ် သည်းခံတတ်ရမယ်ဆိုတဲ့အသိ သင်ယူသွားပါတယ်။ သူအပြစ်လုပ်ပေမယ့် သူ့ကို အပြစ်မတင်ဘဲ အမှန်လုပ်တတ်အောင်သင်ပေးမယ်ဆိုရင် အပြစ်လုပ်တဲ့သူကိုလည်း အမှန်လုပ်တတ်အောင် နည်းပေးလမ်းပြ သင်ပေးရမယ်ဆိုတာ သူနားလည်သွားပါတယ်။ သူအပြစ်လုပ်ပေမယ့် သူ့အပြစ်တွေ ၊ အမှားတွေကို ကူညီရှင်းလင်းပြင်ဆင်ပေးတဲ့သူကြောင့် သူများမှားသွားခဲ့ရင်လည်း ကူညီပေးရမယ်ဆိုတာ နားလည်သွားပါတယ်။

စကားပြောတတ်စအရွယ်ကလေး ဖြစ်ခဲ့ပေမယ့် သူပြောတဲ့စကားလုံးတွေဟာ သူ့ကိုဘယ်သူတွေ ဘာပြောခဲ့တာကို သင်ယူလေ့လာပြီး ပြောလာတာပါ။ မပြောရဘူးလို့ တင်းကျပ်လိုက်ရင်ရင် အမူအရာနဲ့ ပြမယ်။ နောင်မှာ အပြောအဆို ၊ အပြုအမူတွေဟာ သူ့ရဲ့စရိုက်ဖြစ်လာမှာပါ။ ဒီအခါမှ ဆိုးတဲ့ကလေးလို့ တံဆိပ်ကပ်ခံရပြီဆိုရင် ပိုဆိုးဖို့ပဲရှိမှာပေါ့။ ဒါကြောင့် ကလေးတွေ လိမ်မာစေချင်တယ်ဆိုရင် ကိုယ်တိုင်က အပြောအဆို ၊ အမူအကျင့်တွေကနေ နည်းပေးလမ်းပြပြု ပြီး သင်ပေးရမှာပါ။

ရတု (Burmesehearts.com)

မှတ်ချက် ။   ။ စာရေးသူက နိုင်ငံရပ်ခြားမှာ နေထိုင်နေတာဖြစ်တဲ့အတွက် ကလေးကိုလည်း သူ့ပတ်ဝန်းကျင်နဲ့ ကျောင်းမှာ သူများပြောစကား ၊ ကိုယ်ပြောချင်တာ ကိုယ်တိုင်နားလည်ပြောတတ်အောင်လို့ ဒီမှာပြောတဲ့ အင်္ဂလိပ်ဘာသာစကားကို ဦးစားပေးသင်ကြားမှုတွေလုပ်နေတဲ့အတွက် အင်္ဂလိပ်လိုပြောဆိုတာမျိုးတွေရှိတာပါ။

]]>
http://www.burmesehearts.com/%e1%80%80%e1%80%b1%e1%80%9c%e1%80%b8%e1%80%b1%e1%80%90%e1%80%bc-%e1%80%85%e1%80%ad%e1%80%90%e1%80%b9%e1%80%96%e1%80%ad%e1%80%85%e1%80%ae%e1%80%b8%e1%80%99%e1%82%88%e1%80%94%e1%80%8a%e1%80%b9%e1%80%b8/feed/ 0
ကလေးတွေခံစားရတဲ့ စိတ်အားငယ်မှု အပိုင်း(၃) http://www.burmesehearts.com/%e1%80%80%e1%80%b1%e1%80%9c%e1%80%b8%e1%80%b1%e1%80%90%e1%80%bc%e1%80%81%e1%80%b6%e1%80%85%e1%80%ac%e1%80%b8%e1%80%9b%e1%80%90%e1%80%b2%e1%80%b7-%e1%80%85%e1%80%ad%e1%80%90%e1%80%b9%e1%80%a1%e1%80%ac/ http://www.burmesehearts.com/%e1%80%80%e1%80%b1%e1%80%9c%e1%80%b8%e1%80%b1%e1%80%90%e1%80%bc%e1%80%81%e1%80%b6%e1%80%85%e1%80%ac%e1%80%b8%e1%80%9b%e1%80%90%e1%80%b2%e1%80%b7-%e1%80%85%e1%80%ad%e1%80%90%e1%80%b9%e1%80%a1%e1%80%ac/#respond Wed, 20 Jan 2016 23:46:55 +0000 http://www.burmesehearts.com/?p=32144

မိဘတွေရဲ့တာဝန်က သားသမီးကို အတွေးအမြင်အမှန်နဲ့ လမ်းကြောင်းမှန်ပေါ်ရောက်အောင် တင်ပေးဖို့ပါပဲ။ ဒီလမ်းကြောင်းပေါ်တင်ပေးပြီးနောက်မှာ ဆက်လျှောက်ဖြစ်အောင် စိတ်အား ၊ ကိုယ်အား ၊ ခွန်အားတွေပေးပြီး ပံ့ပိုးပေးဖို့ပဲလိုတာပါ။ ဒီကနေတဆင့် ငယ်ငယ်ရွယ်ရွယ်နဲ့ သူ့ခြေထောက်ပေါ်သူ ရပ်တည်နိုင်လာမှာဖြစ်ပါတယ်။

ဆယ်ကျော်သက်ကလေးတွေဟာ လွတ်လပ်မှုဆိုတာကို ခံစားချင်ကြတာပါ။ သူတို့က နှစ်များစွာ မိဘဆွေမျိုး ၊ ဆရာသမား ၊ ပတ်ဝန်းကျင်ဆိုတာရဲ့ အကန့်အသတ်ဘောင်ထဲမှာ နေထိုင်ခဲ့ရတော့ လွတ်လပ်စွာတွေးခေါ်ခြင်း ၊ လွတ်လပ်စွာ နေထိုင်စားသောက်ခြင်းဆိုတာတွေကို အာသာငမ်းငမ်း တောင့်တနေကြတာပါ။ ဒီအရွယ် စည်းလွတ်ဝါးလွတ်ဖြစ်မသွားရအောင် ၊ တည်ငြိမ်တဲ့အတွေးအခေါ်နဲ့ စိတ်ကူးစိတ်သန်းတွေ ဖြစ်လာအောင် ၊ ကြိုးစားချင်စိတ်တွေရှိလာအောင်ဆိုတာ သူတို့ကို ဘဝဆိုတဲ့လမ်းကြောင်းပေါ် တင်ပေးလိုက်ရမှာပါ။

တကယ့်ဘဝဆိုတာ စိတ်ကူးနေရုံနဲ့ ပုံပေါ်လာတာမျိုးမဟုတ်ဘဲ ကိုယ်တိုင်အကောင်အထည်ဖော် တည်ဆောက်ရတာမျိုးဆိုတာကို သူတို့ကိုယ်တွေ့ ကြုံလာမှ တကယ်နားလည်နိုင်တာမျိုးပါ။

အပျံသင်စ ဆယ်ကျော်သက်အရွယ်မှာ သူသိသင့်တာတွေမှန်သမျှကို သိအောင် ကိုယ်က လမ်းကြောင်း ပြောပြ ၊ သင်ပြရမှာပါ။ ပျံရင်းပျံရင်း ပျံတတ်သွားပြီဆိုရင်တော့ သူဆန္ဒရှိရာ သူပျံသန်းသွားမှာပါ။ အစိုးရိမ်လွန်တဲ့မိဘတွေကြောင့် သားသမီးတွေဟာ တုံး အ သွားတတ်တာကိုလည်း သတိပြုရမှာပါ။ တကယ်စိုးရိမ်တယ်ဆိုရင် ဆောင်ရန် ၊ ရှောင်ရန်ကိစ္စတွေကို သူတကယ်သိနားလည် သဘောပေါက်ပြီး ဆောင်မိ ၊ ရှောင်မိအောင် ကိုယ်ကသင်ပေးရုံပါ။

သင်ပေးထားတဲ့အတိုင်း မလိုက်နာလို့ တစ်ကြိမ်ထိ ၊ နှစ်ကြိမ်ထိ ၊ ထိပြီးရင်ထိလာမယ်ဆို ကြုံလာတဲ့အတွေ့အကြုံတွေက သူ့ကိုကိုယ်တွေ့သင်ပေးလိုက်မှာပါ။ တခါတလေ စာတွေ့ထက် လက်တွေ့က ပိုသဘောပေါက်နားလည်သွားစေတယ်။ အဆိပ်ရှိသတ္တဝါတွေနဲ့ လူကိုသေစေတတ်တဲ့အရာတွေ ၊ အညွန့်တုံးစေတတ်တဲ့ အရာတွေမှန်သမျှကို သူလုံးဝရှောင်ကြဉ်ဖို့ ကိုယ်သင်ပေးရမှာပေါ့။

နောက်ဆုံးမှာ လက်ရှိကြုံတွေ့နေတဲ့ အခြေအနေအပေါ် သူဘာတွေခံစား တွေးမြင်နေနိုင်တယ်လို့ သိမြင်ချင်တယ်ဆိုရင် ကိုယ့်ခံစားချက်တွေနဲ့ ကိုယ်ချင်းစာခံစားတဲ့အခါ သူ့အတွေးအမြင်တွေကို အနီးစပ်ဆုံး ခံစားတွေးမြင်နိုင်ပါတယ်။ လူချင်း ၊ ခံစားချက်ချင်း ကွဲပြားနေနိုင်တာမို့ အတွေးအမြင်နဲ့ ခံစားချက်မှန်သမျှ ထပ်တူမကျနိုင်ပါဘူး။ ဒါကိုတော့ နားလည်ထားရမယ်လေ။

ထိန်းသိမ်းရအခက်ဆုံးအရွယ်ဟာ သုံးနှစ်အောက် အရွယ်လေးတွေဆိုရင် ပြောဆိုရအခက်ဆုံးအရွယ်ဟာ ဆယ်ကျော်သက်လေးတွေပါ။ ဒါဟာ သဘာဝအရ အသက်အရွယ်ပြောင်းလဲမှုတွေကြောင့် ရုပ်ပိုင်းဆိုင်ရာ ၊ စိတ်ပိုင်းဆိုင်ရာတွေ ပြောင်းလဲဖြစ်ပေါ်နေတာပါ။ မိဘဖြစ်တဲ့ကိုယ်က သူ့ရဲ့ပြောင်းလဲမှုတွေကို နားလည်ပေးပြီး လမ်းမှန်ရောက်အောင် နည်းပရိယာယ်ပါပါ အလိုက်သင့် ဆွဲဆောင်သိမ်းသွင်းသွားရမှာပါ။

BurmeseHearts Blog

တချို့တွေကပြောတယ်။ “အပိုတွေပါ။ ဒါတွေမလိုပါဘူး။ ကလေးတွေကို ဂရုတစိုက် နားလည်ပေးဖို့လည်းမလိုပါဘူး။ တို့မိဘတွေတုန်းကလည်း ဒီလိုပဲထားခဲ့တာပဲ။ အခုဒို့ဒီအရွယ်ရောက်နေပြီ။ ဘာများမှားလို့လဲ။ ကလေးဟာ သူ့ဘာသာသူကြီးလာရင်း သူ့ဘာသာသူ သိတတ်နားလည်လာမှာပါ” တဲ့။ လူမှမဟုတ်ဘူး တရိစ္ဆာန်တွေလည်း သူ့ဘာသာသူ တဖြည်းဖြည်း ကြီးပြင်းလာခဲ့တာပါ။

လူနဲ့အနီးစပ်ဆုံးတရိစ္ဆာန်ဖြစ်နေတဲ့ ခွေးတွေတောင် လူနဲ့နီးနီးနေတာမျိုးမရှိဘဲ ဘယ်လိုအလိုက်သင့် နေထိုင်ဆက်ဆံရမယ်ဆိုတာ မသင်ပေးရင် တောထဲက မြေခွေးတွေလို ၊ အင်းစိန်အကျဉ်းထောင် ခွေးတိုက်ထဲက ခွေးတွေလို ရန်လိုရိုင်းစိုင်းနေတတ်ပါတယ်။ ကိုယ့်တုန်းကမရခဲ့တဲ့ ဂရုစိုက်မှုမျိုးကို ကိုယ်ပြန်မပေးတတ်တာ သဘာဝကျပါတယ်။ ဒါပေမယ့် တပါးသူကို ဂရုစိုက်မှုတွေ မပေးသင့်ဘူး ၊ ပေးဖို့မလိုဘူးဆိုတဲ့အတွေးဟာ သဘာဝမကျတော့ဘူး။ တနည်းအားဖြင့် အဆိုးမြင်တဲ့စိတ်ကလေး ကိန်းအောင်းသွားတာပေါ့။

လူချင်းတူပေမယ့် အတွေးအခေါ်တွေကွဲပြားသွားတာ ၊ စိတ်ဓါတ်နဲ့ ခံယူချက်တွေ ကွဲပြားသွားတာ ၊ လုပ်ကိုင်ဆောင်ရွက်ပြောဆိုပုံတွေ ကွဲပြားသွားတာ ၊ ကြိုးစားအားထုတ်မှုနဲ့ ဘဝနေထိုင်မှုပုံစံတွေ ကွဲပြားသွားတယ်ဆိုတာဟာ ဒီလူတွေငယ်စဉ်က လူကြီးမိဘတွေ သူ့အပေါ် ဘယ်လိုပြုမူဆက်ဆံပြီး ကလေးဟာ ဘာတွေ ဘယ်လိုသင်ယူခဲ့လို့ ဘယ်လိုစိတ်ဓါတ်နဲ့ ခံယူချက်တွေဖြစ်ပေါ်ပြီး ဘဝဆိုတာကို ဘယ်လိုပုံဖော်နေထိုင်သွားလိုတယ် ၊ နေထိုင်သွားတယ်ဆိုတာ ကွဲပြားသွားပါတယ်။

မိဘတွေဟာ စားဖိုမှူးတွေနဲ့တူပါတယ်။ အသားချင်း ၊ အသီးအရွက်ချင်း အတူတူ ရရှိလာသည့်တိုင် အရသာကောင်းအောင် စေတနာပါပါ ဘယ်လိုချက်ပြုတ်ရမယ်လို့ လေ့လာသိထားတဲ့သူရဲ့ ဟင်းလျာဟာ အရသာထူးကဲကောင်းမွန်ပြီး ပါးစပ်ထဲရောက်ရင်ပြီးပြီဆိုတဲ့ခံယူချက်နဲ့ အရသာကို အလေးမထား ပြီးစလွယ် ချက်ပြုတတ်သူတွေရဲ့ ဟင်းလျာဟာ ဖွယ်ဖွယ်ကြီးဖြစ်နေနိုင်ပါတယ်။ ပစ္စည်းကောင်းတွေသုံးလို့ အရသာကောင်းတာပေါ့လို့ စောဒကတက်ဖွယ်ရှိပေမယ့် ပစ္စည်းကောင်းမသုံးနိုင်တဲ့ အိမ်ရှင်မအချို့ရဲ့ လက်ရာဟာ တခါစားရုံနဲ့ တသက်စာ အမှတ်ရစေတာတွေ ရှိနေပါတယ်။ ဆင်းရဲတဲ့မိဘတွေကလည်း အောင်မြင်တဲ့သားသမီးတွေကို မွေးထုတ်ပေးနိုင်ပါတယ်။

သားသမီးကို အကောင်းဆုံး ဘယ်လို ပဲ့ပြင်ဆုံးမသွားရမယ်လို့ မလေ့လာဘဲ အဆင်ပြေသလို ကိုယ်ကြီးပြင်းလာတဲ့အတိုင်း စိတ်နောက်ကိုယ်ပါ ဆုံးမတတ်တဲ့မိဘတွေရဲ့ သားသမီးနဲ့ သားသမီးကို နားလည်နွေးထွေးမှုပေးပြီး နည်းမှန်လမ်းမှန်ဆုံးမတတ်တဲ့ မိဘတွေရဲ့ သားသမီးတွေဟာ လူချင်းအမျိုးအစားတူပေမယ့် အရည်အချင်းတွေ ၊ စိတ်နေစိတ်ထား ၊ ခံယူချက်တွေ ၊ အကောင်းမြင်စိတ် ၊ အဆိုးမြင်စိတ်ဆိုတာတွေ ကွဲပြားသွားမှာဖြစ်ပါတယ်။

တချို့တွေက ကောင်းမွန်စွာသွန်သင်ဆုံးမတာ မခံရပေမယ့် ဆိုးရွားစွာ ဆက်ဆံမှုမခံခဲ့ရလေတော့ အဆိုးမြင်စိတ်တွေ ကိန်းအောင်းမနေဘဲ အခြေအနေ အခွင့်အရေးပေးလာရင် ကြိုးစားချင်စိတ်တွေဝင်လာပြီး ကြိုးစားရင်းက အောင်မြင်တဲ့ဘဝ ရရှိသွားတတ်ပါတယ်။

ဘဝအခြေအနေကြောင့် လောကကြီးကို အကောင်းမမြင်နိုင် ၊ နေ့စဉ်တွေ့ကြုံနေရတဲ့ ဘဝပေးကြောင့် လောကကြီးနဲ့ လူတွေအပေါ် အကောင်းမမြင်နိုင် ၊ ကိုယ့်ကိုလည်း အကောင်းမြင်ဆက်ဆံသူ မရှိတဲ့ဘဝမှာ ဘယ်သူ့အပေါ်မှ ၊ ဘယ်အရာကိုမှ အကောင်းမမြင်နိုင်တဲ့သူတွေလည်း ရှိပါတယ်။

ကိုယ့်အပေါ် နားလည်ပေးပြီး အကောင်းဘက်ကနေ နားလည်အောင် ပြောဆိုသွန်သင် ဆုံးမတတ်သူရှိရင် လောကကြီးကို အကောင်းမြင်စိတ်တွေ ကိန်းအောင်းသွားပါတယ်။ ဆုံးရှုံးနေဦးတော့ ဆက်ကြိုးစားရင် အောင်မြင်နိုင်တယ်လို့ ယုံကြည်မျှော်လင့်ပြီး ဆက်ကြိုးစားရင်း အောင်မြင်သွားတဲ့သူတွေရှိပါတယ်။

တကြိမ်ကျရှုံးတယ်ဆိုတာ တဘဝလုံးစာ ကျရှုံးတာမဟုတ်ဘူးဆိုတဲ့ မှန်ကန်တဲ့အသိအမြင်တွေ ၊ လွတ်လပ်စွာတွေးခေါ်နိုင်မှု စွမ်းအားတွေ ၊ လောကကြီးထဲမှာ ဖြစ်ပျက်နေတတ်တဲ့ သဘောသဘာဝတွေကို နားလည်အောင် သင်ပြပေးနိုင်တဲ့သူ အနားမှာရှိနေရင် ဒီကလေး ၊ ဒီလူငယ်လေးဟာ ရေရှည်မှာ အောင်မြင်တဲ့သူဖြစ်လာမှာပါ။

ရတု (Burmesehearts.com)

]]>
http://www.burmesehearts.com/%e1%80%80%e1%80%b1%e1%80%9c%e1%80%b8%e1%80%b1%e1%80%90%e1%80%bc%e1%80%81%e1%80%b6%e1%80%85%e1%80%ac%e1%80%b8%e1%80%9b%e1%80%90%e1%80%b2%e1%80%b7-%e1%80%85%e1%80%ad%e1%80%90%e1%80%b9%e1%80%a1%e1%80%ac/feed/ 0
ကလေးတွေခံစားရတဲ့ စိတ်အားငယ်မှု အပိုင်း(၂) http://www.burmesehearts.com/%e1%80%80%e1%80%b1%e1%80%9c%e1%80%b8%e1%80%b1%e1%80%90%e1%80%bc%e1%80%81%e1%80%b6%e1%80%85%e1%80%ac%e1%80%b8%e1%80%9b%e1%80%90%e1%80%b2%e1%80%b7-%e1%80%85%e1%80%ad%e1%80%90%e1%80%b9%e1%80%a1-2-2/ http://www.burmesehearts.com/%e1%80%80%e1%80%b1%e1%80%9c%e1%80%b8%e1%80%b1%e1%80%90%e1%80%bc%e1%80%81%e1%80%b6%e1%80%85%e1%80%ac%e1%80%b8%e1%80%9b%e1%80%90%e1%80%b2%e1%80%b7-%e1%80%85%e1%80%ad%e1%80%90%e1%80%b9%e1%80%a1-2-2/#respond Wed, 20 Jan 2016 00:49:52 +0000 http://www.burmesehearts.com/?p=32073

ကလေးမှာလည်း ကလေးအမြင်ဆိုတာ ရှိပါတယ်။ တခါတလေ ကိုယ်မမြင်နိုင်တဲ့ သူ့ရှုထောင့် ၊ ခံစားချက်တွေဟာ ကိုယ့်ထက်မှန်နေတာလည်း ဖြစ်တတ်ပါတယ်။ ကလေးနဲ့အမြင်မတူဘူး ၊ ကလေးဟာ သူ့ခံစားချက်အမြင်ကို ပြောတယ်ဆိုရင် ဂရုတစိုက်နားထောင်ပေးပါ။ အနည်းဆုံး ကလေးရင်ထဲမှာ သူ့အမြင်ခံစားချက်တွေ ဖွင့်ထုတ်ပြောခွင့်ရတဲ့အတွက် ပေါ့သွားပါတယ်။ ကိုယ်လည်း သူ့ဘက်ကခံစားချက်ကို သိနားလည်လာပါတယ်။

ကိုယ့်အမြင် ၊ ကိုယ့်ခံယူချက်တွေနဲ့ မဆီလျော်ခဲ့ရင် သူနားလည်လက်ခံလာအောင် ကောင်းမွန်စွာ အကြောင်း ၊ အကျိုး ချိုချိုသာသာ ပြန်ရှင်းပြဖို့တော့ လိုတာပေါ့။ ကလေးဟာ သူ့ခံစားချက်အမြင်တွေ ဖွင့်မပြောရဲရင် ဖွင့်ပြောနိုင်ဖို့ လမ်းကြောင်းပေးပါ။ အပြန်အလှန်ဆွေးနွေးပါ။ သူ့စိတ်ထဲမှာရှိနေတာတွေ စကားလုံးအဖြစ်ထွက်ပေါ်လာမှ ကိုယ်ဟာ သူ့စိတ်ခံစားချက်တွေနဲ့ အမြင်ကို လမ်းကြောင်းမှန်ပေါ် တည့်မတ်ပေးနိုင်မှာဖြစ်ပါတယ်။ ကလေးနဲ့ အပြန်အလှန်ဆွေးနွေးပြောဆိုတာတွေဟာ ကလေးရဲ့ စိတ်ဖိစီးမှုကို တနည်းတဖုံ လျှော့ချပေးခြင်းရယ်ပါ။

အခုနောက်ပိုင်း မြန်မာနိုင်ငံမှာ မယားကြီး ၊ မယားငယ်ကိစ္စနဲ့ စပွန်ဆာကိစ္စတွေ အတော်များလာတယ်နော်။ မိဘတွေရဲ့ လုပ်ရပ်နဲ့ ရွေးချယ်မှုတွေကြောင့် ဒီလူတွေရဲ့ မျိုးဆက်ကလေးတွေဟာ လောကကြီးစရောက်လာကတည်းက မယားကြီးသားသမီး ၊ မယားငယ်သားသမီး ၊ ဖအေမပေါ်ဘဲမွေးတဲ့ကလေး ၊ အပျော်မယားကရတဲ့ကလေးစသဖြင့် ခေါင်းစဉ်အမျိုးမျိုး အလိုလို အတပ်ခံရတော့တယ်။

မယားကြီးကဘဲမွေးခဲ့ချင်တယ် ၊ မယားငယ်ကမမွေးချင်ဘူး ၊ အပျော်မယားရဲ့သားသမီး ဘာကြောင့်ဖြစ်လာခဲ့ရသလဲလို့ ကလေးဟာ ရွေးချယ်ခွင့်ရှိပါရဲ့လား။ ဘယ်သူကမွေးမွေး လုပ်တဲ့လူကြီးတွေရဲ့အပြစ်ပါ။ ကလေးမှာအပြစ်မရှိပါဘူး။ ဒါကိုခွဲခြားမသိမြင်တတ်တဲ့ (သေးသိမ်တဲ့စိတ်သဘောထားရှိတဲ့) လူ့ပတ်ဝန်းကျင်က အမြင်တွေ ၊ ဆက်ဆံမှုတွေကြောင့် ကလေးဟာ မကြီးပြင်းခင်ကတည်းက လူတွေရဲ့အကြည့်နဲ့ အပြောအဆိုအောက်မှာ စိတ်အားငယ်မှု ၊ သိမ်ငယ်မှုတွေ ၊ မခံချင်စိတ်တွေ တဖွားဖွားဖြစ်ပေါ်လို့နေပါပြီ။

ဒါတွေကြောင့်မို့လည်း Broken Family က ကလေးငယ်တွေနဲ့ အရွယ်ကွာဟလွန်းတဲ့မိဘကမွေးလာတဲ့ကလေးတွေ ၊ အမြှောင်မယားတွေနဲ့ အပျော်မယားတွေက မွေးလာတဲ့ကလေးငယ်တွေ ၊ မယားငယ်တွေရဲ့ သားသမီးတွေဟာ သိတတ်စကတည်းက စိတ်ပိုင်းဆိုင်ရာခံစားချက်တွေက မိဘအသိုင်းအဝန်းနဲ့ ပတ်ဝန်းကျင်ကြောင့် Negative ဘက်ကို ဦးတည်မှုများနေပါတယ်။

သူတို့တွေရဲ့ စိတ်ခံစားချက်ကို နားမလည်လေ ကလေးနဲ့ပြောဆိုဆက်ဆံရခက်လေ ၊ ထိန်းသိမ်းဆုံးမရခက်လေ ဖြစ်နေမှာပါ။ အတွင်းကစိတ်အားငယ်ချက်တွေကို ဖုံးကွယ်ဖို့ အပြင်ဘက်ကနည်းလမ်းတွေကို ရှာကြံလုပ်ကိုင်ရင်း ဒီလိုမိသားစုတွေက ကလေးငယ်တွေ ၊ လူရွယ်လေးတွေဟာ လမ်းလွဲရောက်သွားတတ်ပါတယ်။

BurmeseHearts Blog

သူတို့ကို နားလည်မှုပေးပါ။ ဖေးမပါ။ သူတို့ရဲ့ ခံစားချက်တွေကို နားထောင်ပါ။ မျှဝေပါ။ သူတို့ငိုရင်တောင် သူတို့ကိုဖက်ပြီး ဒီလိုဘဝမျိုးဖြစ်လာတဲ့ ကိုယ်တိုင်က သူ့ခံစားချက်အတွက် စိတ်မကောင်းဘူး ၊ ဝမ်းနည်းရတယ်ဆိုတာကို ပြသပါ။ ဒီလိုမှမဟုတ်ရင် သူ့ရဲ့အမြင်နဲ့ ခံယူချက်တွေထဲမှာ မိခင်ဟာလည်း အလိုတူအလိုပါ ၊ ဒီလူကြီးတွေကြောင့် သူဒီလိုခံစားရတယ်လို့ စွဲနေနိုင်ပါတယ်။ ဒီအခါ သူ့ကို ဖြေဖျောက်ပြောဆိုနိုင်တဲ့သူဟာ တကယ်ကို ရှားသွားပါပြီ။ သူ့ကိုယ်သူမှ သူ့စိတ်ခံစားချက်တွေ မပြင်ဆင် ၊ မဖြေဖျောက်နိုင်ရင် ဒီခံစားချက်နောက် တလွဲတွေလုပ်နေနိုင်တဲ့သူ့ကို လမ်းမှားပေါ်ကနေ ဘယ်သူဆွဲခေါ်နိုင်တော့မှာလဲ။

အသိ ၊ အတတ်ကလေးတွေ အရွယ်ရောက်သူနည်းပါး သိတတ်လာပြီဖြစ်တဲ့ ဆယ်ကျော်သက်လေးတွေဟာ ကိုယ်တိုင်ရပ်တည်လိုစိတ်ရှိပြီး ကိုယ်တိုင်မရပ်တည်နိုင်သေးတော့ ဒီလိုစပ်ကြားကာလမှ ဟိုမရောက် ၊ ဒီမရောက်စိတ်တွေနဲ့ ဖြစ်နေတတ်ပါတယ်။ ကျွန်မဆယ်ကျော်သက်အရွယ်တုန်းက အလိုချင်ဆုံးဆန္ဒကို ပြောရမယ်ဆို ခပ်မြန်မြန်လေး အသက်(၁၈)နှစ်ပြည့်ဖို့ပါ။ မြန်မာနိုင်ငံရဲ့ဥပဒေအရ အသက်(၁၈)နှစ်ပြည့်ရင် ကိစ္စအတော်များများမှာ ကိုယ့်ဆုံးဖြတ်ချက်နဲ့ ကိုယ်လုပ်ကိုင်ခွင့်ရလာပြီဆိုတာသိတော့ အသက်(၁၈)နှစ် မြန်မြန်ပြည့်ချင်တာပါ။

(၁၈)နှစ်ပြည့်မှ အရွယ်ရောက်ပြီး လူရာသွင်းတယ်လို့ ခံစားရတဲ့အတွက် အသက်ပြည့်ရင် လင်ယူသားမွေး လုပ်လို့ရတယ်ဆိုတဲ့အမြင်ထက် အသက်ပြည့်ရင် လူလူသူသူ အလုပ်ဝင်လုပ်လို့ရပြီဆိုတဲ့အမြင်မျိုးရှိဖို့ ပိုအရေးကြီးပါတယ်။ ကိုယ့်ဝင်ငွေနဲ့ကိုယ် ဂုဏ်သိက္ခာရှိရှိ ရပ်တည်ချင်တဲ့စိတ်ကို ဆယ်ကျော်သက်တွေရင်ထဲ စွဲနေအောင် ထည့်ပေးရမှာပါ။ ဆယ်ကျော်သက်တွေရဲ့ ခံစားမှုတစိတ်တပိုင်းက ကိုယ်ပိုင်ငွေမရှိသေးပေမယ့် ကိုယ်ငွေလိုတိုင်း မိဘဆီ မျက်နှာငယ်ငယ် လက်ဖြန့်မတောင်းချင်ဘူး။

တွန့်တိုတတ်တဲ့ မိဘမျိုးနဲ့ မဆင်နိုင်တဲ့မိဘမျိုးတွေရဲ့ ဆယ်ကျော်သက်သားသမီးတွေဟာ ဒီအရွယ်မှာ ပိုပြီးသိမ်ငယ်တတ်ပါတယ်။ အရွယ်လေးကလည်း မရောက်တရာက် ၊ ပေါင်းသင်းဆက်ဆံမှုဝန်းကျင်ကလည်း ကျယ်ပြန့်သလောက်ရှိလာ ၊ သူငယ်ချင်းတွေနဲ့ဆိုင်ထိုင်ရင် သူများကိုကျွေးဖို့နေနေသာသာ ကိုယ်တိုင်က စားသောက်စရာ လုံလုံလောက်လောက်ငွေ အိတ်ကပ်ထဲမရှိတဲ့ သူ့အဖြစ်ကို ဘယ်သူက နားလည်စာနာနိုင်မှာလဲ။

အရွယ်ကလေးရောက်လာတော့ အလှအပ နဲ့ စတိုင်ကျကျ ဝတ်စားတာတွေ ခုံမင်လာတတ်တဲ့ လူပျို ၊ အပျိုပေါက်အရွယ် ဆယ်ကျော်သက်လေးတွေဟာ ဝတ်ချင် စားချင်စိတ်တွေသာရှိနေပြီး မဝတ်နိုင် ၊ မစားနိုင်ဘူးဆိုရင်တော့ သူ့ကိုနည်းမှန်လမ်းမှန် ပြောဆို ဆုံးမနိုင်သူမရှိရင် စိတ်ဓါတ်နဲ့ ခံယူချက်တွေ ၊ လုပ်ကိုင်ဆောင်ရွက်မှုတွေ လမ်းလွဲသွားနိုင်ပါတယ်။ သူတို့ဟာ ကိုယ်လိုချင်တဲ့ပစ္စည်းတိုင်း မိဘကို ဝယ်ပေးပါလို့ မပူဆာချင်တော့ဘူး။ ပူဆာလည်း မရနိုင်ဘူးဆိုတဲ့အခြေအနေတွေမှာ လိုချင်စိတ်တွေ ထိန်းမနိုင်သိမ်းမရဖြစ်နေရင် ရယူဖို့ ကြိုးပမ်းအားထုတ်မှုမှာ လမ်းလွဲသွားနိုင်ပါတယ်။ အပေါင်းအသင်းမှားရင် ပိုဆိုးပါတယ်။

ယောကျာ်းလေးလည်း မဟုတ်တဲ့နည်းနဲ့ ငွေရှာတာ ၊ ခိုးတာ ၊ လုတာတွေဘက် ရောက်သွားနိုင်သလို ငွေရှိတဲ့မမတွေကို ချိုင်ချင်စိတ်တွေနဲ့ ဖြတ်လမ်းလိုက်လိုပြီး ကိုယ်အစွမ်းအစရှိအောင် အားထုတ်ဖို့ မေ့လျော့တတ်တာမျိုးလည်း ဖြစ်လာနိုင်ပါတယ်။ ဖြတ်လမ်းလိုက် ချမ်းသာဖို့ကိုပဲ ဦးစားပေးရာက လမ်းလွဲသွားနိုင်တာပါ။ မိန်းကလေးတွေ အများစု ပျက်စီးကြတာဟာ လှချင်ပချင်စိတ်တွေ ထိန်းမနိုင်သိမ်းမရ ဖြစ်တာကနေ စနိုင်သလို အပေါင်းအသင်းမှားလို့လည်း ဖြစ်နိုင်ပါတယ်။

အခု စပွန်ဆာခေတ်ကြီးထဲမှာ ရေရှည်မစဉ်းစားတော့ဘဲ မွေးကတည်းကပါလာတဲ့ ခန္ဓာအရင်းပြုလို့ လိုတာရဖို့ကြိုးစားရင်း အပျိုစင်ဘဝရဲ့တန်ဖိုး ပျက်ပြယ်လာတော့ အခြေတကျ ဝင်ငွေရှိသူတွေကို အိမ်ထောင်ရှိကော ၊ ရည်းစားရှိကော ၊ လူလွတ်ကော မရှောင်နိုင်တော့ဘဲ  ဇတ်ရှုပ်တွေလုပ်လာပါတော့တယ်။ မထူးဇတ်ခင်းရင်ပိုဆိုးတာပေါ့။

သူတို့ရဲ့ခံယူချက်ဟာ ငွေမှငွေဖြစ်နေရင် ပိုကြောက်စရာကောင်းလာတယ်။ ကိုယ့်ဘာသာ အခြေတကျဘဝအခြေအနေရဖို့ အားမထုတ်ဘဲ အခြေတကျဖြစ်နေသူတွေကို အမိဖမ်းယူမယ်ဆိုတဲ့အတွေးကိုက မှားယွင်းနေတယ်ဆိုတာ မိဘမှလမ်းမပြရင် ၊ မိဘမှ မဖြည့်ဆည်းပေးရင် သူတို့ဘဝတလျောက် ပျော်ရွှင်နိုင်မှုအခွင့်အရေးဟာ နည်းပါးသွားပါပြီ။

အသက်ပြည့်ရင် ကိုယ်ငွေကိုယ်ကိုင်သုံးနိုင်ဖို့ အလုပ်အတည်တကျ ဝင်လုပ်သင့်တယ်ဆိုတဲ့ အသိအမြင်နဲ့ အလုပ်လုပ်ချင်စိတ်တွေကို မိဘက သားသမီးနားလည်အောင် ပြောပြဆုံးမတတ်မှလည်း ဆယ်ကျော်သက်လူငယ်တွေဟာ အလုပ်ဝင်လုပ်ချင်မှာပါ။ တကယ်ဆို ပထမခြေလှမ်းက အရေးအကြီးဆုံးပါ။ လမ်းကြောင်းမှန်ပေါ်ရောက်ဖို့ အရမ်းလိုအပ်ပါတယ်။

ရတု (Burmesehearts.com)

]]>
http://www.burmesehearts.com/%e1%80%80%e1%80%b1%e1%80%9c%e1%80%b8%e1%80%b1%e1%80%90%e1%80%bc%e1%80%81%e1%80%b6%e1%80%85%e1%80%ac%e1%80%b8%e1%80%9b%e1%80%90%e1%80%b2%e1%80%b7-%e1%80%85%e1%80%ad%e1%80%90%e1%80%b9%e1%80%a1-2-2/feed/ 0
ကလေးတွေခံစားရတဲ့ စိတ်အားငယ်မှု အပိုင်း(၁) http://www.burmesehearts.com/%e1%80%80%e1%80%b1%e1%80%9c%e1%80%b8%e1%80%b1%e1%80%90%e1%80%bc%e1%80%81%e1%80%b6%e1%80%85%e1%80%ac%e1%80%b8%e1%80%9b%e1%80%90%e1%80%b2%e1%80%b7-%e1%80%85%e1%80%ad%e1%80%90%e1%80%b9%e1%80%a1-1/ http://www.burmesehearts.com/%e1%80%80%e1%80%b1%e1%80%9c%e1%80%b8%e1%80%b1%e1%80%90%e1%80%bc%e1%80%81%e1%80%b6%e1%80%85%e1%80%ac%e1%80%b8%e1%80%9b%e1%80%90%e1%80%b2%e1%80%b7-%e1%80%85%e1%80%ad%e1%80%90%e1%80%b9%e1%80%a1-1/#respond Tue, 19 Jan 2016 04:41:00 +0000 http://www.burmesehearts.com/?p=32158

ကလေးဘဝကနေ အရွယ်ရောက်လာတဲ့ ကျွန်မတို့ဟာ ကလေးဘဝတုန်းက ကိုယ်တိုင်ခံစားခဲ့ကြရတဲ့စိတ်ခံစားမှုကို မေ့ပျောက်သွားကြပါတယ်။ အရွယ်ရောက်သူတွေရဲ့ နေ့စဉ်လုပ်ငန်းတာဝန်တွေမှာ ရုန်းကန်ရှင်သန်ရင်း မိမိသားသမီးတွေရဲ့ ခံစားချက်တွေကိုတောင် ငါငယ်ငယ်က လူကြီးတွေကြောင့် ဒီလိုပဲခံစားခဲ့ရပါလား။ အကန့်အသတ်နဲ့ ပြောဆို ၊ နေထိုင် ၊ သွားလာ ၊ စားသောက်ရတဲ့ ကလေးဘဝမှာ ငါငယ်ငယ်တုန်းက ဘာတွေ ဘယ်လိုဆန္ဒရှိခဲ့ဖူးတယ်။ ငါ့သားသမီးလည်း ဒီလိုခံစားနေနိုင်လောက်ရဲ့လို့ ကိုယ်ချင်းစာတွေးပြီး ဖြည့်ဆည်းပေးနိုင်သူက ရှားလာပါတယ်။

ကလေးရဲ့ အနီးစပ်ဆုံးသွေးသားရင်းဖြစ်တဲ့ အဖေ နဲ့ အမေတောင် ဒီလိုမတွေးရင် ကလေးရဲ့ ဦးလေး ၊ အဒေါ် ၊ အဘိုး ၊ အဘွား ၊ ဆွေမျိုးညာတိ ၊ ပတ်ဝန်းကျင်နဲ့ ဆရာ ၊ ဆရာမတွေက ကိုယ့်ကလေးရဲ့ အတွေးအမြင်နဲ့ ခံစားမှုဆိုတာကို နားလည်ပေးနိုင်ပါ့မလား ။ မိဘတွေရဲ့တာဝန်ဟာ ကလေးကို စားချိန်တန်စား ၊ အိပ်ချိန်တန်အိပ် ၊ ဝတ်ချိန်တန်ဝတ် ၊ ကစားချိန်တန်ကစား ၊ စာသင်ချိန်တန်သင်စတဲ့ သမရိုးကျ လုပ်ငန်းစဉ်တွေ ဖြည့်ဆည်းပေးနိုင်ရုံနဲ့ တာဝန်မကျေပါဘူး။

မိမိသားသမီးတွေရဲ့ ရုပ်ပိုင်းဆိုင်ရာလိုအပ်ချက်နဲ့ စိတ်ပိုင်းဆိုင်ရာ ခံစားချက်တွေကို အရိပ်တကြည့်ကြည့် နားလည်သိတတ်စွာ ဖြည့်ဆည်းပေးနိုင်ဖို့ ၊ မဖြည့်ဆည်းပေးနိုင်ရင် ကလေးစိတ်ထဲ ဒဏ်ရာဒဏ်ချက်တွေ ဖြစ်မသွားအောင် ဘာကြောင့် မဖြည့်ဆည်းပေးနိုင်သေးတယ်ဆိုတာ ကလေးနားလည်အောင် ကောင်းမွန်စွာရှင်းပြဖို့ ၊ ကလေးရဲ့ အတွေးအမြင်မှားတွေ ဖြေဖျောက်ပေးနိုင်ဖို့ ၊ ကလေးရဲ့ ရင်တွင်းခံစားချက်တွေကို တနေ့ နာရီဝက် တစ်နာရီလောက်ဖြစ်ဖြစ် ကလေးနဲ့အချိန်အတူ ကုန်ဆုံးစေပြီး စကားအပြန်အလှန်ပြော ဆွေးနွေး နားထောင်ပေးဖို့လည်း လိုပါတယ်။

ကလေးနဲ့ကိုယ်ဟာ နွေးနွေးထွေးထွေးရှိပါမှ ကလေးရဲ့ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ဖြစ်ပျက်ပြောင်းလဲမှုတွေကို သတိထားမိပြီး လိုတိုးပိုလျှော့ ဆက်ဆံရင်း မှန်ကန်တဲ့အတွေးအမြင်တွေ ကလေးရင်ထဲ ကိန်းအောင်းစေနိုင်မှာဖြစ်ပါတယ်။

မွေးကင်းစကနေ နို့စို့အရွယ်ကလေးငယ်တွေရဲ့ အလိုချင်ဆုံးသောဆန္ဒဟာ မိခင်နဲ့အတူနေခွင့်ရရှိပြီး မိခင်ရင်ခွင်ထဲမှာ မိခင်ရဲ့နို့ချို သောက်စို့ခွင့်ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် ကိုးလကျော် မိခင်ရဲ့ဝမ်းဗိုက်ထဲမှာ နေခဲ့ရတာ သူ့အတွက် အသားကျနေပြီ ၊ မိခင်နဲ့အတူရှိနေရင် လုံခြုံတဲ့စိတ်ခံစားမှုကို အလိုလိုပေးစွမ်းနေတယ်။ မိခင်နဲ့အတူအိပ်တဲ့ကလေးဟာ နှစ်နှစ်ခြိုက်ခြိုက်အိပ်စက်ချိန် ကြာမြင့်ပြီး အိမ်မက်ဆိုးတွေကြောင့် နိုးထလာတာမျိုး ၊ မပြီးနိုင်မစီးနိုင် ငိုယိုတာမျိုး နည်းပါးတတ်ပါတယ်။

စီးပွားရေးလိုအပ်ချက်ကြောင့်ပဲဖြစ်ဖြစ် အခြားအကြောင်းကြောင့်ပဲဖြစ်ဖြစ် ကလေးအနား မိခင်အနီးကပ် မရှိနေနိုင်တာကို ကလေးဟာ နားမလည်နိုင်သေးပါဘူး။ ကလေးသူငယ်တွေအတွက် စိတ်လုံခြုံမှုဆိုတဲ့အရာဟာ မိခင်မှမပေးစွမ်းရင် မပြောတတ်သေးတဲ့ ကလေးရင်ထဲမှာ ဘယ်လို အလိုဆန္ဒတွေနဲ့ စိုးရိမ်ကြောင့်ကြမှုတွေ ဖြစ်နေတယ်ဆိုတာ ဘယ်သူနားလည်နိုင်မှာလဲ။

မပြောတတ်သေးတဲ့ ကလေးတွေရဲ့ စိတ်လုံခြုံမှုနဲ့ စိတ်အားငယ်မှုခံစားချက်တွေဟာ မိခင်နဲ့ အနီးကပ်နေထိုင်ခွင့်ရပြီး သူ့အပေါ် နားလည်မှုပေးခြင်း ၊ မပေးခြင်းအပေါ် အများကြီးမူတည်နေပါတယ်။ သုတေသနလုပ်သူတွေရဲ့ တွေ့ရှိချက်အရ မွေးကင်းစကနေ မိခင်နဲ့အနီးကပ်အတူနေထိုင်ခွင့်ရပြီး မိခင်နို့လုံလောက်စွာ သောက်စို့ခဲ့ရတဲ့ ကလေးငယ်တွေဟာ ကျန်းမာတဲ့ ကလေးငယ်တွေအဖြစ် မြင်တွေ့ကြရတာများပြီး မိခင်နဲ့ တနေ့တာအချိန်အများစုမှာ ကင်းကွာပြီး တခြားတစ်ဦးဦးနဲ့ ကြီးပြင်းလာခဲ့ရတဲ့ ကလေးတွေကတော့ ကိုယ်ရောစိတ်ပါ ကြံ့ခိုင်မှု အားနည်းတတ်ကြတယ်။ ဒါ့အပြင် စိတ်ခွန်အားတွေမှမရရင် မိမိကိုယ်ကို ယုံကြည်မှုအားနည်းပြီး မပြတ်မသား ၊ မရေမရာစိတ်တွေနဲ့ ကြီးပြင်းလာတတ်ကြပါတယ်။

မပြတ်မသား ၊ မရေမရာစိတ်တွေ ဖြစ်ရတာဟာ စိုးရိမ်ကြောက်လန့်နေတဲ့ စိတ်အားငယ်ချက်အခံ ရှိနေတဲ့အတွက်ကြောင့်ပါ။ သူတပါးမျက်နှာ ကြည့်နေရတဲ့ ကလေးတွေဟာ ဒီလိုစိတ်မျိုးနဲ့ ကြီးပြင်းလာရတယ်။ သူမှားသွားရင် ဘာဖြစ်ဖြစ် နားလည်ခွင့်လွှတ်ပြီး ဖြေသိမ့်ပေးမယ့်မိခင် (လူကြီးမိဘတွေ) သူ့အနားရှိမနေရင် လုပ်ရင်းကိုင်ရင်း မှားမှာကြောက်တာရော ၊ မှားသွားရင် အဆူခံ ၊ အရိုက်ခံရမယ်ဆိုတဲ့အသိ စိတ်ထဲ အသားသေသွားတာကြောင့်ရော ၊ တပါးသူမျက်နှာကြည့်ပြီး အလိုက်သင့် တပါးသူဆန္ဒရှိရာ လိုက်လုပ်ကိုင်တာ အသားကျသွားရင် ကိုယ်ဘာဆန္ဒရှိတယ်ဆိုတာ မသိတော့တာ ၊ သိလည်း မပြောရဲ ၊ မလုပ်ရဲတွေ ဖြစ်လာတာပါ။

BurmeseHearts Blog

ကလေးတွေ အလုပ်မှား ၊ အကိုင်မှား ၊ အပြောမှားဖြစ်နေရင် ဆူဖို့ ၊ ရိုက်ဖို့ထက် ကိုယ့်တုန်းကလည်း မှားဖူးတယ်ဆိုတာ ပြန်သတိရရုံပါ။ ဒီအမှားတွေကို သင်ယူပြီး နောက်မဖြစ်အောင်လုပ်ရုံပဲ။ ငါ့သားသမီးလုပ်နိုင်ပါတယ်။ အတူကြိုးစားရအောင်လို့ အားပေးရမှာပါ။ ကလေးမှားတိုင်း မာန်မဲဆူပူ ရိုက်နှက်တတ်မယ်ဆိုရင် ကလေးဟာ လူကြီးတွေရှေ့အမှားလုပ်မိမှာ ကြောက်ရင်းနဲ့ လူကြီးနောက်ကွယ်မှာ အမှားလုပ်နိုင်ပါတယ်။ ကိုယ့်ရှေ့အမှားလုပ်တာ အချိန်မီတားလို့ ပြင်ပေးနိုင်ပေမယ့် နောက်ကွယ်မှာလုပ်တဲ့အမှားတွေဟာ တဘဝစာ သေရာပါဒဏ်ရာတွေ ရသွားနိုင်တယ်။ ဥပမာ အမြင့်တက်ပြီးလိမ့်ကျတာ ၊ ပလပ်ပေါက်ထဲ လက်ထိုးကြည့်တာ ၊ လက်လှမ်းမမီတာတွေ ကွယ်ရာဆွဲချတတ်တာမျိုးတွေပါ။

ကလေးကစားတတ်တဲ့အရွယ်ရောက်လာရင် တပတ်တရက်လောက်ပဲဖြစ်ဖြစ် မိဘနဲ့အတူ (အနည်းဆုံး မိခင်နဲ့အတူ) အပြင်ထွက် ဆော့ကစားချင်ကြပါတယ်။ ကလေးတွေရဲ့ပတ်ဝန်းကျင်ဟာ ကျွန်မတို့လိုမကျယ်ပြန့်ပဲ အရမ်းကျဉ်းမြောင်းလှပါတယ်။ ဒီအိမ်ထဲရှိတဲ့သူ ၊ ပြတင်းပေါက်က သူတွေ့မြင်နိုင်တဲ့သူ ၊ အိမ်အလည်လာတဲ့သူတွေနဲ့ အရာဝတ္ထုတွေကိုပဲ နေ့စဉ်သူမြင်တွေ့နေရတာပါ။ အိမ်အပြင်ဘက်ခေါ်ထုတ်သွားမယ်ဆိုရင် ပတ်ဝန်းကျင်သစ်က သူမမြင်ဖူးတာတွေ သူခံစားသိရှိသင်ယူနိုင်မယ်။

အိမ်ကလူတွေမဟုတ်တဲ့ တခြားသူတွေနဲ့ မြင်တွေ့ဆက်ဆံ ဆော့ကစားရရင် ပေါင်းသင်းဆက်ဆံရေး နည်းပညာတွေကို သူသင်ယူနိုင်တယ်။ သူသိလိုရာတွေကို မေးမြန်းရင်း စကားလုံးကြွယ်ဝလာမယ်။ တပါးသူရဲ့ ကောင်းခြင်း ၊ ဆိုးခြင်း အမူအကျင့်တွေကို မျက်ဝါးထင်ထင်တွေ့မြင်ပြီး တကယ့်လောကသဘာဝနဲ့ လူတွေအကြောင်းကို ပိုသိမြင်ခံစားရပါတယ်။ ဒါကြောင့် ကလေးငယ်တွေ ပျော်ရွှင်မှုအတွက်ကော ၊ သင်ယူမှုအတွက်ပါ ကလေးငယ်တွေကို အနည်းဆုံး တပတ်တစ်ကြိမ်  ပြင်ပလောကနဲ့ မြင်တွေ့ဆက်ဆံနိုင်ဖို့ အချိန်ပေးပါ။ ကလေးနဲ့အတူသွားလာ စားသောက်ကစားရင်း မိသားစုအချိန်ဆိုတာလေးကို ဖန်တီးပြီး စိတ်ပျော်ရွှင်နွေးထွေးမှုရယူပါ။

အများနဲ့ဆက်ဆံရပြီဆိုကတည်းက အများဘယ်လိုဝတ်စားပြီး ဘယ်လိုကစားစရာတွေနဲ့ ဘယ်လိုကစားတယ်။ သူ့မိသားစုက သူ့ကိုဘာတွေဆင်လို့ ဘယ်လိုဂရုစိုက်တယ်ဆိုတာကို သိမြင်လာပါပြီ။ ဒီအခါမှာ သူများနဲ့နှိုင်းယှဉ်တတ်တဲ့ ခံစားမှုတွေ စတင်ခံစားလာရပါပြီ။ သူတို့လို မဝတ်နိုင် ၊ မစားနိုင်ဘဲ သူတို့လို ဂရုစိုက်မခံရရင် ကလေးတွေမှာ စိတ်အားငယ်မှု ဝင်လာပါတယ်။ ဘာကြောင့် ဒီလိုမဆင်ပေးနိုင်တယ် ၊ ဘာကြောင့်ဒီလိုဂရုမစိုက်နိုင်တယ်ဆိုတာ သူတို့နားမလည်နိုင်သေးတော့ သူများခံစားရတဲ့အရာတွေ သူမခံစားရရင် လူ့သဘာဝအရ နုနယ်တဲ့ကလေးဟာ စိတ်အားငယ်လာပါတယ်။ ဒီခံစားချက်ကို နားလည်ပေးပါ။ ဒီလိုခံစားရတာဟာလည်း သူ့အပြစ်မဟုတ်ပါဘူး။

တကယ်ဆို သူ့ကို အများကလေးတွေ ဝတ်စားနေထိုင်သလို မဆင်နိုင် ၊ မကျွေးနိုင်တဲ့ကိုယ်နဲ့ သူများမိသားစုတွေလို အနီးကပ် ပြုစုစောင့်ရှောက်မှုမပေးနိုင်သေးဘဲ အရာရာအဆင်သင့်မဖြစ်ခင် ကလေးယူမိတဲ့ကိုယ့်အပြစ် တစွန်းတစပါဝင်နေတာ မဟုတ်လား။ သူများထက်သာမယ့်အရာတွေ စုပြုံပေးအပ်လို့ရပါသေးတယ်။ ကိုယ့်သားသမီးကို မေတ္တာ ၊ စေတနာတွေ စုပြုံပေးပါ။ အလုပ်ကနေ အိမ်ပြန်ရောက်တာနဲ့ သားသမီးကို အချိန်ပေးပါ။ သူတို့ခံစားမှုတွေနားထောင်ပြီး စက္ကူရုပ်ကလေးတွေ လုပ်ပေးလို့ပဲဖြစ်ဖြစ် ၊ သစ်ရွက်တွေနဲ့ ဈေးဝယ်တိုင်းကစားလို့ပဲဖြစ်ဖြစ် ကလေးတွေနဲ့ ရင်းရင်းနှီးနှီး ကစားပေးပါ။

ကစားစရာတွေပုံနေလည်း ကစားဖော်မရှိရင် ကလေးတွေဟာ အထီးကျန်ပါတယ်။ ကစားစရာရယ်လို့ သီးသန့်မရှိလဲ ပတ်ဝန်းကျင်က အတိုအစလေးတွေနဲ့ ကစားမယ့်ကစားဖော်ရှိနေရင် ကလေးတွေဟာ သူ့အချိန်ကို ပျော်ရွှင်စွာ ကုန်ဆုံးမှာဖြစ်ပါတယ်။ အကောင်းမြင်စိတ်ရှိနေဖို့ဆိုတာ ရင်ထဲမှာ ပျော်ရွှင်မှုအခံလေးနဲ့မှ ဖြစ်လာတာပါ။

ကလေးတွေဟာ ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှုကို အများဆုံးခံကြရသူတွေပါ။ ကြီးသူကိုရိုသေ ၊ ရွယ်တူကိုလေးစား ၊ ငယ်သူကိုသနားရမယ်ဆိုတဲ့အသိတွေနဲ့ ကြီးပြင်းလာခဲ့ရတဲ့ မြန်မာလူမှုဝန်းကျင်မှာ ရွယ်တူကိုလေးစား ၊ ငယ်သူကိုသနားရမယ်ဆိုတာ နောက်မှသင်လာ ၊ သိလာတာတွေပါ။ ကြီးသူကိုရိုသေရမယ်ဆိုတာကတော့ မွေးကင်းစအရွယ်ကနေ ဘယ်အရွယ်ရောက်ရောက် “မှားမှားမှန်မှန် လူကြီးကိုခံမပြောရဘူး ၊ ပြန်မပြောရဘူး ၊ လူကြီးလုပ်တာနာခံ ၊ နားထောင် ပြန်အထွန့်မတက်နဲ့” စတာတွေနဲ့ ကြီးပြင်းလာခဲ့ရတော့ လူကြီးမမှန်တာပြော ၊ လုပ်နေရင်လည်း ကလေးဟာ မပြောရဲ ၊ မဆိုရဲ ၊ မထောက်ပြရဲ။ သူ့ကိုဒီလိုမလုပ်ပါနဲ့လို့ဆိုပေမယ့် ပိုလုပ်တတ်သူတွေကြောင့် ခံပြင်းစိတ်တွေမြိုသိပ်ထားခဲ့ရပြီး သူ့ဘက်က ကာကွယ်ပေးတဲ့သူမရှိရင် ကလေးတွေရဲ့စိတ်ဟာ ကြွပ်ဆတ်မာကျောလာတတ်ပါတယ်။ ဒီစိတ်တွေနဲ့ကြီးလာရင် ခပ်ရိုင်းရိုင်းလေး ဖြစ်လာတတ်ပါတယ်။

ရတု (Burmesehearts.com)

]]>
http://www.burmesehearts.com/%e1%80%80%e1%80%b1%e1%80%9c%e1%80%b8%e1%80%b1%e1%80%90%e1%80%bc%e1%80%81%e1%80%b6%e1%80%85%e1%80%ac%e1%80%b8%e1%80%9b%e1%80%90%e1%80%b2%e1%80%b7-%e1%80%85%e1%80%ad%e1%80%90%e1%80%b9%e1%80%a1-1/feed/ 0
ကလေးသူငယ်တို့တွင် အကျင့်ဆိုးများ ဘာကြောင့်ဖြစ်ရတယ် http://www.burmesehearts.com/%e1%80%80%e1%80%b1%e1%80%9c%e1%80%b8%e1%80%9e%e1%80%b0%e1%80%84%e1%80%9a%e1%80%b9%e1%80%90%e1%80%ad%e1%80%af%e1%82%94%e1%80%90%e1%80%bc%e1%80%84%e1%80%b9-%e1%80%a1%e1%80%80%e1%80%ba%e1%80%84%e1%80%b9/ http://www.burmesehearts.com/%e1%80%80%e1%80%b1%e1%80%9c%e1%80%b8%e1%80%9e%e1%80%b0%e1%80%84%e1%80%9a%e1%80%b9%e1%80%90%e1%80%ad%e1%80%af%e1%82%94%e1%80%90%e1%80%bc%e1%80%84%e1%80%b9-%e1%80%a1%e1%80%80%e1%80%ba%e1%80%84%e1%80%b9/#respond Thu, 14 Jan 2016 12:03:47 +0000 http://www.burmesehearts.com/?p=30798

ကလေးတွေရဲ့ အကျင့်ဆိုးတွေဟာ ဘယ်ကစသလဲ။ အကျင့်ဆိုးပဲဖြစ်ဖြစ် ၊ အကျင့်ကောင်းပဲဖြစ်ဖြစ် အလေ့အကျင့် လုပ်လာရာကနေ လုပ်နေကျအကျင့်ကြီးအဖြစ် အကျင့်ပါသွားတာဖြစ်ပါတယ်။ ဒါဆိုရင် အကျင့်ဆိုးဘာကြောင့်ဖြစ်တယ်ဆိုတာ အရင်မလေ့လာခင် ဘယ်အရွယ်ကနေ ဘာကြောင့် ကလေးတွေဟာ မတူတဲ့ အလေ့အကျင့်တွေ ဝင်လာရသလဲ အရင်လေ့လာရအောင်ပေါ့။

ကလေးတွေဟာ သဘာဝအရ အရွယ်အလိုက် အမူအကျင့်တွေ အဆင့်ဆင့်ပြောင်းလဲ ဖြစ်ပေါ်လာတတ်ပါတယ်။ ဥပမာ လသားကလေးတွေဟာ လက်မလေးစုပ်နေတတတ်တာမျိုး ၊ ဒီ့ထက်တဆင့် ကြီးလာတဲ့အရွယ်မှာ ခြေမဖမ်းစုပ်တာမျိုး ၊ နှစ်နှစ်ကျော်လာပြီဆိုရင် လက်သည်း ၊ ခြေသည်း ကိုက်တတ်တဲ့အကျင့် ၊ နှာခေါင်းထဲ လက်ထည့်တဲ့အကျင့် စသဖြင့်သော အကျင့်တွေဖြစ်ပါတယ်။ ဒါတွေဟာ အစပိုင်းမှာ အရွယ်အလိုက်ဖြစ်နေတာမို့ ပြုပြင်ပြောင်းလဲပေးရင်းကနေ ပျောက်သွားတာမျိုး လုပ်လို့ရပါတယ်။

ဒီလို အသက်အရွယ်အရ သဘာဝအလျောက် ပြောင်းလဲဖြစ်ပေါ်လာတဲ့ အမူအကျင့် အများစုဟာ တစ်နှစ်လောက်ကာလအတွင်းမှာ ပျောက်သွားတတ်တာဖြစ်ပြီး ကလေး ၂၀ ရာခိုင်နှုန်းလောက်ကတော့ ဒီလိုအမူအကျင့်တွေ ကျန်ခဲ့တာမျိုးရှိပါတယ်။ အထူးသဖြင့် ယောက်ျားလေးတွေက မိန်းကလေးတွေထက် ခဏခဏ ဒီလိုအမူအကျင့်တွေကို ပြုလုပ်လေ့ရှိကြတယ်လို့လည်း လေ့လာတွေ့ရှိချက်အရ သိရပါတယ်။

တချို့အမူအကျင့်တွေကျတော့ ကျန်းမာရေးအရ ဖြစ်ပေါ်လာတဲ့ အမူအကျင့်တွေလည်း ရှိပါတယ်။ ဥပမာ – မျက်တောင်ခဏခဏ ခတ်နေတတ်တဲ့အကျင့်ဟာ မျက်လုံးက ကြွက်သားတွေ အားနည်းလို့ဖြစ်နေတတ်တာမျိုးပါ။

ငယ်ရွယ်တဲ့ကလေးတွေဟာ ဘာသာစကားလေ့လာတဲ့အနေနဲ့ စကားပြောတတ်ခါစမှာ သူတို့ကြားတဲ့အသံတွေအတိုင်း လိုက်ပြောတတ်တဲ့အကျင့်ရှိကြပါတယ်။ ဒီလိုလိုက်ပြောတတ်ရာကနေ စကားလုံးကြွယ်လာတတ်တာမျိုးပါ။ ဒါပေမယ့် အရွယ်အတော်တိုင်သည်အထိ ရုပ်ရှင်ထဲကဟာ ၊ ကာတွန်းထဲကဟာ ၊ သူများပြောတာတွေဖြစ်ဖြစ် တစ်ယောက်တည်းဖြစ်ဖြစ် တီးတိုးရေရွတ် တတွတ်တွတ် ပြောနေတတ်တယ်ဆိုရင်တော့ တတ်ကျွမ်းနားလည်တဲ့ ကလေးအထူးကုဆရာဝန်နဲ့ ပြသဖို့လိုနေပါတယ်။

ကိုယ့်ကလေးဟာ ဘယ်လိုအမူအကျင့် ပြောင်းလဲမှုမျိုးကြုံနေသလဲ ၊ ပျောက်ရမယ့်အမူအကျင့်ဟာ ပျောက်မသွားဘဲ အချိန်အတော်ကြာ ဆက်ရှိနေသေးတယ်ဆိုရင် ပေါ့ဆမနေဘဲ ကလေးအထူးကုဆရာဝန်နဲ့ ပြသတိုင်ပင်ပါ။ ဒါဟာ စိုးရိမ်ရတဲ့လက္ခဏာလား ၊ ကုသလို့ရနိုင်သလား ၊ ပုံမှန်လားဆိုတာကို ကလေးအထူးကုနဲ့ပြသပြီးပါမှ တကယ်သိရှိနိုင်မှာဖြစ်ပါတယ်။

မလုပ်ပါနဲ့လို့ ပြောတဲ့အမူအကျင့်တွေကို ကလေးတွေဟာ ဘာကြောင့်လုပ်သလဲ။ အကြောင်းနှစ်မျိုးရှိပါတယ်။ နားမထောင်ချင်လို့ နားမထောင်ဘဲ ဆက်လုပ်တာနဲ့ တမင် ကိုယ့်ကိုသွေးဆူအောင် ဆွချင်စိတ်နဲ့လုပ်တာမျိုးပါ။ ကျန်းမာရေးအားနည်းချက်ကြောင့်မဟုတ်ဘဲ မလုပ်သင့်တာကို မလုပ်နဲ့လို့ တားထားရက်က ၊ အတန်တန် ဆုံးမရက်က လုပ်နေတဲ့ အမူအကျင့်ရှိနေသူ ကလေးတွေမှာ ပိုလေးနက်တဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ အကြောင်းပြချက်တွေ ရှိနေပါတယ်။

ကိုယ့်ရဲ့အမူအကျင့်ကို ကိုယ်တိုင်ပြန်စဉ်းစားကြည့်ပါ။ ကလေးတွေဟာ မိမိရဲ့ ကြေးမုံလိုဖြစ်နေတာမို့ ကိုယ်ကမလုပ်နဲ့ပြောပေမယ့် ကိုယ်တိုင်မသိဘဲ လုပ်နေမိခဲ့တာတွေကို သူတို့ဟာ သတိထားမိပြီး အတုယူလုပ်တတ်ကြပါတယ်။ ဒီအခါ ကလေးကို မလုပ်ရ ဇွတ်တားတဲ့မိဘဟာ ငါပြောသလိုလုပ် ၊ ငါလုပ်သလို မလုပ်နဲ့ဆိုသလိုဖြစ်နေမှာပါ။ ဒီအခါ ကလေးဟာ ကွယ်တာနဲ့ သူကြိုက်ရာလုပ်တော့တာပါပဲ။ ဒါကြောင့် ကလေးကို ဒါမလုပ်စေချင်ရင် ကိုယ်တိုင်လည်း ဒါကို လုံးဝ မလုပ်ကျင့်ရှိပါမှဖြစ်မှာပါ။ ဥပမာ –  ကလေးကို မလိမ်နဲ့ပြောပြီး ကိုယ်က အမှန်မပြောရင် ကလေးဟာလည်း မလိမ်ဘူးဆိုပြီး ကိုယ့်ကို အမှန်ပြောမှာမဟုတ်ပါဘူး။

စိတ်ဖိစီးမှုတွေရှိနေတဲ့ကလေးတွေဟာ မိဘပြောစကားကို နားမထောင်ဘဲ မိဘက မလုပ်ရဘူးပြောတဲ့အကျင့်တွေကို လုပ်ဖြစ်နေတတ်ပါတယ်။ ကိုယ်တွေစိတ်ဖိစီးမှုရှိနေတဲ့အခါ ဘာတွေနဲ့ထွက်ပေါက်ပေးဖြစ်ကြသလဲ။ ကိုယ်တွေများ စိတ်ဖိစီးမှုရှိနေတဲ့အခါမှာ မျက်နှာက စူပုတ် ၊ အမြင်မကြည်မလင်နဲ့ဖြစ်နေနိုင်တယ် ၊ နိုင်ရာမဲနိုင်တယ် ၊ စိတ်ဖိစီးမှုမခံနိုင်တော့ရင် ကိုယ့်အကျင့်အတိုင်း ဒီစိတ်ဖိစီးမှုတွေကို ဖောက်ထုတ်ပစ်လေ့ရှိကြတယ်။ တချို့တွေကတော့ စိတ်ဖိစီးမှုတွေရှိလာရင် တရားနဲ့ဖြေတာပေါ့။

BurmeseHearts Blog

တပတ်(၇)ရက်လုံးက (၂၄)နာရီလုံး မိဘစေရာမှာနေရ ၊ မိဘလုပ်စေချင်တာပဲလုပ်ရပြီး အစာဆိုလည်း ကိုယ်စားချင်တာစားခွင့်မရှိ ၊ ကျွေးတာပဲစားရတဲ့ဘဝ ၊ တီဗွီဖွင့်ပြရင်တောင် ကိုယ်တိုင် ကိုယ်ကြိုက်တဲ့လိုင်း ရွေးပြောင်းခွင့်မရှိ ၊ မပြောင်းတတ် ၊ အိပ်ဆိုရင် မအိပ်ချင်လည်း အိပ်ရတဲ့ဘဝ ၊ မစားချင်လည်း စားရတဲ့ဘဝ ၊ မပျော်လည်း မပျော်ဘူးလို့ မပြောတတ် ၊ အပြင်ဆိုလည်း မိဘခေါ်မှ သွားရတဲ့ဘဝ ၊ ရေခဲသေတ္တာထဲမှာ ရှိတဲ့အရာတွေကို လူကြီးတွေထုတ်ကျွေးမှ စားခွင့်ရှိတဲ့ဘဝ အရာရာကို အကန့်အသတ်နဲ့လှုပ်ရှားခွင့်ရှိတဲ့ ကလေးဘဝမှာ ငယ်သေးရင် သူတို့စိတ်ဖိစီးမှုကို ငိုကြွေးခြင်းနဲ့သာ ပြသခွင့်ရကြတယ်။

နည်းနည်းလေးအရွယ်ရလာရင် သူတို့ရဲ့ စိတ်မကျေနပ်မှုတွေကို သူတို့နည်းသူတို့ဟန်နဲ့ လူကြီးတွေသိရှိနားလည်အောင် ပြသပါတော့တယ်။ သူ့ကို ပစ်ပယ်ထားတယ်လို့ ခံစားရရင်လည်း လူကြီးမိဘတွေရဲ့ အာရုံစူးစိုက်မှုရအောင် ကြံရင်း ၊ လုပ်ရင်းကိုင်ရင်းကနေ အကျင့်ဆိုးတွေစွဲသွားတာမျိုး ၊ ဆိုးတဲ့ကလေး ဖြစ်လာတာမျိုးတွေလည်းရှိပါတယ်။

တချို့ကလေးတွေက ရင်ထဲမှာလည်းမကျေနပ် ၊ ဖွင့်ထုတ်ပြခွင့်လည်းမရှိ ၊ ဆိုးရွားတဲ့အမူအကျင့်တွေကိုလည်း မလုပ်ရဲလေတော့ မိဘရဲ့ ရုပ်သေးရုပ်တွေလို ထားရာနေ ၊ စေရာသွားခဲ့ရင်း ကိုယ်ဘာလိုချင်မှန်းမသိ ၊ မိဘလုပ်စေချင်တာကပဲ ကိုယ်လိုချင်တာဖြစ်နေသလိုလို မသဲမကွဲဖြစ်နေရာကနေ မိဘမရှိရင် ဘယ်လိုရှေ့ဆက်ရမှန်းမသိတဲ့ စိတ်အားငယ်တတ်သူတွေ ၊ ကြောက်ရွံ့တတ်သူတွေ ၊ ကိုယ့်ကိုယ်ကို ယုံကြည်မှုမရှိသူတွေ ဖြစ်နေနိုင်ပါတယ်။

မိဘတွေသတိထားရမှာက ကိုယ့်သားသမီးဟာ ကိုယ်မဟုတ်ဘူးဆိုတာပါပဲ။ ကိုယ်ဖြစ်ချင်တာချည်းပဲ ပုံသွင်းနေမယ်ဆို သူဖြစ်ချင်တာကို ကိုယ်အလေးထားနိုင်ပါတော့မလား။ ကလေးအနည်းစုသာ မိဘပုံသွင်းရာ တသက်တာနာခံသွားကြပေမယ့် ကလေးအများစုကတော့ အရွယ်ကလေးရောက်လာတာနဲ့ သူတို့လုပ်ချင်ရာတွေကို မိဘကွယ်ရာမှာ လုပ်ကိုင်ရင်း မိဘတွေရဲ့စည်းကမ်းနဲ့ လွတ်ထွက်သွားတတ်ပါတယ်။ နောက်ဆုံးမှာ မိဘတွေရဲ့စည်းကမ်းကို နောက်ကွယ်မှာတင်မဟုတ်ဘဲ ရှေ့မှာလည်း ချိုးဖောက်လာကြပါတယ်။

သားသမီးက ကြီးသထက်ကြီးလာတော့ ငယ်ငယ်ကလို ဆူလို့မရ ၊ ရိုက်လို့မလွယ် ၊ ဘယ်လိုမှ ဆိုဆုံးမ မရဘဲ လက်မြှောက်လိုက်ရတဲ့အခြေအနေမှာ မိဘတွေဟာ သားသမီးတွေကို ကိုယ်မျှော်လင့်တကြီး ပုံသွင်းထားခဲ့တာတမျိုး ဖြစ်လာခဲ့တာတမျိုးနဲ့ ဒီသားသမီးတွေစိတ်နဲ့ပဲ စိတ်ထောင်းကိုယ်ကြေ ဖြစ်လာတတ်ပါတယ်။ အကျင့်ဆိုးဆိုးဝင်သွားတဲ့ သားသမီးဆိုးတွေရဲ့မိဘတွေကတော့ သားသမီးဆိုးအမွေကိုပါ ဆက်ခံသွားကြရပါတယ်။

သားသမီးတွေ အကျင့်ဆိုးမဝင်စေချင်ရင် ကိုယ်တိုင်က သားသမီးအပေါ်ကို မျှတပါ။ အချိန်ပေးပါ။ ဂရုစိုက်ပါ။ ကိုယ်ဖြစ်စေချင်ရာ လုပ်ခိုင်းတာတွေရှိသလို သူဖြစ်ချင်ရာတွေကိုလည်း လုပ်ကိုင်ခွင့်ပေးရင်း တိုးတက်အောင်မြင်အောင် ပံ့ပိုးမြှင့်တင်ပေးပါ။ သူတို့ရဲ့ ခံစားမှုကို နားထောင်ရင်း သူတို့ကိုလည်း စိတ်ဖိစားတွေ ဖြေဖျောက်ခွင့်ပေးပါ။ သူစိတ်ကျေနပ်မှုရှိဖို့ သူ့မှာလည်း ရွေးချယ်မှုရှိတယ်လို့ အသိပေးရင်း သူ့ကို ရွေးချယ်ခွင့်တွေပေးပါ။ အထူးသဖြင့် သားသမီးနဲ့မိဘအကြားက ချစ်ခြင်းမေတ္တာကို နားလည်မှုတွေနဲ့ ခိုင်မာအောင် တည်ဆောက်ပါ။

ရတု (Burmesehearts.com)

]]>
http://www.burmesehearts.com/%e1%80%80%e1%80%b1%e1%80%9c%e1%80%b8%e1%80%9e%e1%80%b0%e1%80%84%e1%80%9a%e1%80%b9%e1%80%90%e1%80%ad%e1%80%af%e1%82%94%e1%80%90%e1%80%bc%e1%80%84%e1%80%b9-%e1%80%a1%e1%80%80%e1%80%ba%e1%80%84%e1%80%b9/feed/ 0
(၁၅)လအရွယ်ကလေး၏ ဖွံ့ဖြိုးတိုးတက်မှု http://www.burmesehearts.com/%e1%81%81%e1%81%85%e1%80%9c%e1%80%a1%e1%80%9b%e1%80%bc%e1%80%9a%e1%80%b9%e1%80%80%e1%80%b1%e1%80%9c%e1%80%b8%e1%81%8f-%e1%80%96%e1%80%bc%e1%80%b6%e1%82%94%e1%81%bf%e1%80%96%e1%80%ad%e1%80%b3/ http://www.burmesehearts.com/%e1%81%81%e1%81%85%e1%80%9c%e1%80%a1%e1%80%9b%e1%80%bc%e1%80%9a%e1%80%b9%e1%80%80%e1%80%b1%e1%80%9c%e1%80%b8%e1%81%8f-%e1%80%96%e1%80%bc%e1%80%b6%e1%82%94%e1%81%bf%e1%80%96%e1%80%ad%e1%80%b3/#respond Wed, 13 Jan 2016 02:33:41 +0000 http://www.burmesehearts.com/?p=30441

တချို့ကလေးတွေဟာ (၁၇)လ ၊ (၁၈)လအထိ လမ်းလျှောက်နောက်ကျတတ်ပေမယ့် ကလေးအများစုဟာ ဒီအရွယ်မှာ လမ်းလျှောက်တတ်နေပါပြီ။ သူတို့ဟာ လက်ကလေးပိုက်လို့ပဲဖြစ်ဖြစ် ၊ သူ့လက်မောင်းသူ ပြန်ကိုင်လို့ပဲဖြစ်ဖြစ် ကျကျနန ဟန်ချက်ညီညီ လမ်းလျှောက်တတ်ဖို့ ကြိုးစားရင်း လမ်းကောင်းကောင်းလျှောက်တတ်လာပါတယ်။ ပြီးတော့ ခပ်သွက်သွက် လျှောက်နိုင်အောင်လည်း သူတို့ ကြိုးစားနေပါပြီ။ ဒီလိုခပ်သွက်သွက် လျှောက်တတ်လာတဲ့နောက်တဆင့်မှာ ပြေးတော့မှာပေါ့။

သူခပ်သွက်သွက် လမ်းလျှောက်တတ်အောင် ကျင့်ပေးမယ်ဆိုရင် လဲကျရင်မနာတဲ့ပတ်ဝန်းကျင်မှာ သူ့နောက်လိုက်ဖမ်းတဲ့သူအဖြစ် ဟန်ဆောင်ကစားနိုင်ပါတယ်။ သူ့နောက်လိုက်ဆွဲတဲ့ သူနှစ်သက်ရာသတ္တဝါ (ခွေး ၊ ကြောင် အစရှိသဖြင့်) ဟန်ဆောင်ပြီး လိုက်ဖမ်းမယ်ဆို သူဟာ စိတ်လှုပ်ရှားစွာ ခြေလှမ်းတွေ ခပ်သွက်သွက် လှုပ်ရှားဖို့ ကြိုးစားမှာဖြစ်ပါတယ်။ ဒီကတဆင့် ခြေချောင်းတွေ ၊ ခြေဖဝါးတွေ ပိုမိုသန်မာလာပြီး ခပ်မြန်မြန်လှုပ်ရှားလာမယ် ၊ ပြေးလွှားကစားလာနိုင်မှာဖြစ်ပါတယ်။

ဒီအရွယ်မှာ အကြိုက်ဆုံးကစားစရာတွေဟာ တုတ်တပ်တွန်းကစားရတဲပစ္စည်းတွေ (ဥပမာ မီးပုံးလေးတွေ တွန်းလျှောက်တာမျိုး) နဲ့ ဆွဲကစားရတဲ့ပစ္စည်းလေးတွေ (ကြိုးတပ်ထားတဲ့ လှည်းကလေးတွေဆွဲကစားတာမျိုး)ကို အတော်နှစ်သက်သဘောကျနေမှာပါ။ ဒီအရွယ်ကလေးတွေဟာ ပစ္စည်းတွေကို ကောင်းမှန်း ၊ ဆိုးမှန်းနားမလည်ဘဲ ကြမ်းပေါ်ပစ်ချတတ်ပါတယ်။ ဒါဟာ ကမ္ဘာမြေရဲ့ဆွဲငင်အားကို စူးစမ်းနေတာပါ။ သူ့လက်ကလွှတ်ချလိုက်တဲ့ပစ္စည်းဟာ အောက်ကိုကျသွားပုံ ၊ လိမ့်တတ်တဲ့ပစ္စည်းတွေ လိမ့်သွားပုံ ၊ ကွဲတတ်တဲ့ပစ္စည်းတွေ ကွဲသွားပုံ စသဖြင့်ဟာ သူ့အတွက် စိတ်ဝင်စားစရာချည်းပါပဲ။

သူ့လက်က လွှတ်ချလိုက်တဲ့ပစ္စည်းဟာ ဘာလို့ အပေါ်တက်မသွားဘဲ အောက်ကျသွားတတ်တာလဲဆိုတာ သူတွေးနေနိုင်ပါတယ်။ အိမ်ထဲမှာရှိနေရင် ကြိုးရှည်ရှည်ဆွဲထားတဲ့မိုးပျံပူဖောင်းလေးတွေရယ် ၊ ဘောလုံးလေးတွေရယ်ကို သူ့အနီးဝန်းကျင် (ကိုယ့်မျက်စိအောက်) ထားပေးမယ်ဆိုရင် သူ့လက်ကလွှတ်လိုက်တဲ့ ပစ္စည်းချင်းအတူတူ တချို့က အောက်ကိုဆင်းလိမ့်သွားပြီး တချို့က အပေါ်တက်သွားရတဲ့ သဘောသဘာဝကို စိတ်ဝင်တစားလေ့လာရင်း ကစားနေမှာဖြစ်ပါတယ်။

ဒီအရွယ်မှာ အမေ့လက်ကိုင်အိတ်ထဲက ပစ္စည်းတွေ ၊ သော့တွေ ၊ အလှပြင်ပစ္စည်းကိရိယာတွေ ၊ တိုလီမုတ်စဆိုတဲ့ အိမ်မှာရှိတဲ့ ပစ္စည်းအရာမှန်သမျှကို လိုချင် ၊ ဆော့ချင် ၊ ကိုင်ချင်လာပြီဖြစ်တဲ့အတွက် သူ့ပစ္စည်းသီးသန့်အနေနဲ့ ဒီလိုအရာတွေကို စုပေးထားနိုင်ရင် ကိုယ်သုံးနေတဲ့ပစ္စည်းတွေ သူဖျက်စီးပစ်နိုင်တဲ့ရန်က ကာကွယ်နိုင်ပါတယ်။ ဥပမာ ကိုယ်မသုံးတဲ့ ပိုက်ဆံအိတ်ထဲ သူစိတ်ဝင်စားတဲ့ ပလပ်စတစ်သော့တွေ ၊ တိုလီမုတ်စပစ္စည်းလေးတွေ သူကစားဖို့ ထည့်ထားပေးမယ်ဆိုရင် ကစားစရာပုံးထဲက ယူကစားရတဲ့ ခံစားချက်နဲ့ ပိုက်ဆံအိတ်ထဲက သူစိတ်ဝင်စားရာ ပစ္စည်းလေးတွေ ထွက်လာတတ်တဲ့ခံစားမှု ကွာခြားပြီး စိတ်ဝင်စားစရာတမျိုး ဖြစ်နေနိုင်ပါတယ်။

ဒီအရွယ်မှာ သူဆိုလိုတာကို ကောင်းစွာမပြောပြနိုင်သေးတာမို့ သူ့လက်ညှိုးတစ်ချောင်းဟာ ဟိုထိုး ၊ ဒီထိုးနဲ့ သူလိုချင်တာ ၊ သူဆိုလိုတာတွေကို ပြသနေမှာပါ။ ဒါကြောင့် သူနားလည်တာကို ကောင်းကောင်း လက်ညှိုးထိုးပြနိုင်ပြီဖြစ်တဲ့ သူနဲ့အတူရှိနေချိန်မှာ သူ့ကို စာဖတ်ပြရင်းနဲ့ ကြောင်ကြီး ဘယ်မှာလဲ ၊ ငှက်ကလေးကိုတွေ့လား ၊ ဝုတ်ဝုတ်ကြီးကကော ဘယ်မှာလဲ စသဖြင့် ကလေးရဲ့ မျက်စိရှင်သိတတ်မှုဥာဏ်ကလေးကို သူ့လက်ညွှန်းနဲ့ ညွှန်ပြစေရင်း လေ့ကျင့်ပေးနိုင်ပါတယ်။

BurmeseHearts Blog

ဒီအရွယ်မှာ အစားအစာ စချေးများနိုင်ပါတယ်။ အစာရွေးစားတဲ့သဘောပေါ့။ သူကြိုက်တာတွေချည်း ကျွေးတာလိုမျိုးမဟုတ်ဘဲ အခြားစားသင့်တဲ့ ဟင်းသီးဟင်းရွက် ၊ အသီးအနှံဆိုတာတွေနဲ့ သူ့ကြိုက်တဲ့အစာတွေ ပန်းကန်ထဲထည့်ပြီး သူ့ကို ရက်သတ္တပတ် တပတ်တန်သည် နှစ်ပတ်တန်သည် မိတ်ဆက်ကျွေးပေးပါ။ မြင်တာ ၊ စားတာ အသားကျသွားရင် သူဟာ ဒီအစာတွေကို စားချင်စားလာမှာဖြစ်ပါတယ်။ အစာသစ်ကို မိတ်ဆက်တဲ့ကလေးတိုင်း ဒီလိုငြင်းဆိုတတ်ကြတာမို့ တခါ ၊ နှစ်ခါ ကျွေးရုံနဲ့ သူမစားဘူးလို့ လက်လျှော့ မသွားပါနဲ့။

လေ့လာစမ်းစစ်မှုတွေအရ သုံးနှစ်အောက်ကလေးငယ်တွေဟာ ဘယ်လိုပဲအစာချေးများပေမယ့် အမေတိုက်နေတဲ့ နို့ရယ် ၊ စားသောက်နေတဲ့ အစားအစာတွေရယ်ကနေပြီးတော့ သူတို့အတွက်လိုအပ်တဲ့ အစာအာဟာရကို ရရှိနေတယ်လို့ လေ့လာတွေ့ရှိရပါတယ်။ ဒါကြောင့် အာဟာရရှိတဲ့အစာတွေကို ပုံစံအမျိုးမျိုးပြောင်းပြီး ကျွေးနိုင်ပါတယ်။ ဒီလိုချက်ပြုတ်ကျွေးလို့မစားရင် အသွင်တမျိုးပြောင်းပြီး လုပ်ကျွေးကြည့်ပါ။ ဥပမာ – ထမင်းဖြူ အစားနည်းရင် ထမင်းကြော် ၊ ညှပ်ခေါက်ဆွဲကြော် ၊ မုန့်ဟင်းခါး ၊ ကြာဇံကြော်စသဖြင့် ဆန်နဲ့လုပ်တဲ့မုန့်နဲ့ အစားအစာတွေကို သူ့ကိုကျွေးမယ်ဆိုရင် ဆန်ကနေရတဲ့ အာဟာရဓါတ်ကို တနည်းတဖုံ သူရသွားမှာပါ။ စားဖြစ်ဖို့ပဲလိုတာလေ။

သုံးနှစ်အောက်အရွယ်တွေဟာ ပါးစပ်ထဲကို တွေ့ရာမြင်ရာတွေ ကောက်ထည့်တတ်တဲ့အကျင့်ရှိတာမို့ ပါးစပ်ထဲပစ္စည်းတွေစထည့်တဲ့ သွားပေါက်တတ်ခါစ ဝမ်းလျားမှောက်အရွယ်ကနေစပြီး သူ့ကို မျက်ခြေပြတ်လို့မရပါဘူး။ တစ်ရှူးအူတိုင် အခေါင်းပေါက်လေးထဲ ဝင်သမျှပစ္စည်းအရွယ်အစားတွေ သူ့ပတ်ဝန်းကျင်ကနေ ဖယ်ထားရမှာဖြစ်သလို သူ့လက်ထဲရောက်သွားသမျှအရာတွေကို မျက်လုံးဒေါက်ထောက်ကြည့်ပြီး သူ့ပါးစပ်ထဲမထည့်ခင် အချိန်မီ ဖယ်ရှားနိုင်မှ ဖြစ်မှာပါ။

ကျွန်မ သမီးတုန်းက ဒီလိုမျက်လုံးဒေါက်ထောက် သတိထားတဲ့ကြားထဲက ကိုက်ဖဲ့နိုင်တဲ့ပစ္စည်းတွေကို ကိုက်ဖဲ့ပစ်ရင်း အလစ်မှာ ဝါးနေတာ ၊ နှာခေါင်းပေါက်ထဲ ထိုးထည့်တာတွေ လုပ်တတ်ပါသေးတယ်။ သူတို့ သွားအသစ်တွေ ပေါက်ချင်နေပြီဆို ဒီလိုကိုက်ဖဲ့ဝါးစားချင်စိတ်တွေ ထိန်းမနိုင် ၊ သိမ်းမရ ပေါ်နေတတ်ပါတယ်။ ဒါကြောင့် ပစ္စည်းကြီးကြီးမားမားပဲလေ ကလေးအတွက် အန္တရာယ်မရှိလောက်ပါဘူးလို့ ကိုယ်ထင်ပေမယ့် သုံးနှစ်အောက်ကလေးကို သူ့အတိုင်းကစားလျက် လွှတ်မထားဘဲ သူဘာလုပ်နေတယ် ၊ ဘာကိုင်နေတယ်ဆိုတာ အမြဲလို မျက်လုံးဒေါက်ထောက်ကြည့်နိုင်ပါမှ ကလေးအန္တရာယ်ကင်းမှာဖြစ်ပါတယ်။

ရတု (Burmesehearts.com)

]]>
http://www.burmesehearts.com/%e1%81%81%e1%81%85%e1%80%9c%e1%80%a1%e1%80%9b%e1%80%bc%e1%80%9a%e1%80%b9%e1%80%80%e1%80%b1%e1%80%9c%e1%80%b8%e1%81%8f-%e1%80%96%e1%80%bc%e1%80%b6%e1%82%94%e1%81%bf%e1%80%96%e1%80%ad%e1%80%b3/feed/ 0
(၁၄)လအရွယ် ကလေး၏ ဖွံ့ဖြိုးတိုးတက်မှု http://www.burmesehearts.com/%e1%81%81%e1%81%84%e1%80%9c%e1%80%a1%e1%80%9b%e1%80%bc%e1%80%9a%e1%80%b9-%e1%80%80%e1%80%b1%e1%80%9c%e1%80%b8%e1%81%8f-%e1%80%96%e1%80%bc%e1%80%b6%e1%82%94%e1%81%bf%e1%80%96%e1%80%ad%e1%80%b3/ http://www.burmesehearts.com/%e1%81%81%e1%81%84%e1%80%9c%e1%80%a1%e1%80%9b%e1%80%bc%e1%80%9a%e1%80%b9-%e1%80%80%e1%80%b1%e1%80%9c%e1%80%b8%e1%81%8f-%e1%80%96%e1%80%bc%e1%80%b6%e1%82%94%e1%81%bf%e1%80%96%e1%80%ad%e1%80%b3/#respond Tue, 05 Jan 2016 03:02:43 +0000 http://www.burmesehearts.com/?p=28176

ဒီအရွယ်မှာကလေးဟာ ခွက်ထဲကအရည်တွေနဲ့ ရေကို သူ့ဘာသာ ထိန်းထိန်းသိမ်းသိမ်း သောက်တတ်လာပါပြီ။ ဒါပေမယ့် တချို့ကလေးတွေကတော့ ဗူးနဲ့သောက်ရတာကိုမှ အာသီသရှိနေတာလဲ ဖြစ်နိုင်ပါသေးတယ်။ ရေကို ခွက်နဲ့အလွတ် သောက်တတ်လာဖို့ နည်းနည်းချင်း ကျင့်ယူပေးရမှာဖြစ်ပါတယ်။ ပထမအစပိုင်းမှာ နို့သီးခေါင်းတပ်ဗူးနဲ့ သောက်လေ့ရှိရင် နောက်ပိုင်းမှာ ထိပ်ဝ အပေါက်ကလေးတွေပါတဲ့ ဗူးပုံစံမျိုးနဲ့ ပြောင်းတိုက်ပါ။

စုပ်သောက်ရတာချင်းတူပေမယ့် နို့သီးခေါင်းတပ်က တပေါက်တည်းပါပြီး ဗူးထိပ်ဝ အပေါက်ကလေးတွေပါတာက နှစ်ပေါက်ကနေ သုံးပေါက်ဖြစ်လာတဲ့အတွက် စုပ်အားနဲ့ စီးဝင်တဲ့ ရေအလျင်ကို သူ့ဘာသာ ထိန်းထိန်းသိမ်းသိမ်း သောက်တတ်လာမှာပါ။ ဒါနဲ့အသားကျလာရင် ပိုက်တပ်ဗူးလေးတွေ ၊ ထိပ်ဝ အပေါက်ကြီးကြီးပါတဲ့ဗူးလေးတွေနဲ့ ရေကို ကျင့်တိုက်ပြီး ခွက်နဲ့ (သို့မဟုတ်) ဗူးလိုက် မော့သောက်တတ်ဖို့ ကျင့်ပေးရမှာပါ။ ဒါက ကလေးရေမသီးအောင် လေ့ကျင့်ပေးတာပါ။ ရေမသီးရုံတင်မဟုတ်ဘူး။ အတိုင်းအတာကို စိတ်နဲ့ကိုယ် ဘယ်လိုကပ်ပြီး ထိန်းထိန်းသိမ်းသိမ်း ကိုင်တွယ်ရယူတတ်ရမယ်ဆိုတာကိုလည်း တနည်းအားဖြင့် သင်ပေးလိုက်တာပါ။

ဒီအရွယ်ကလေးတွေဟာ လူကြီးတွေလို တထိုင်တည်းမှာ အများကြီးတဝစားတာမျိုး လုပ်ချင်မှ လုပ်မှာပါ။ အများကြီးတထိုင်တည်းမစားတဲ့ကလေးကို မစားရကောင်းလား မဆူ ၊ မရိုက်ပါနဲ့ ။ သူမစားချင်တဲ့အချိန် မစားချင်တာကို အတင်းမကျွေးပါနဲ့။ ထမင်းစားမှ အားဖြစ်တာမျိုးမဟုတ်ဘဲ ဆန်နဲ့လုပ်တဲ့မုန့် ၊ ဂျုံနဲ့လုပ်တဲ့မုန့် စသဖြင့် သူစားတတ်တာလေးတွေကို သူကစားနေတုန်း သူ့အနီးအနား ထားပေးထားမယ်ဆိုရင်လည်း ကစားလိုက် ၊ သတိရလိုက် စားလိုက်နဲ့ ဗိုက်ထဲဝင်သွားပြီး ဗိုက်ဝမှာပါ။ အာဟာရဖြစ်မှာပါ။ ဒီအတိုင်းကျွေးလို့ အသီးအနှံတွေ မစားရင် သူကစားနေတုန်းမှာ သူနဲ့ကစားရင်း ကျွေးတတ်ရင် စားမှာပါ။ ဒီအရွယ်ကလေးကို ကျွေးတယ်ဆိုတာ ကလေးစားတတ်အောင် ၊ စားချင်အောင် ဆွဲဆောင်ကျွေးရမှာပါ။ လူကြီးတွေလို ရော့ အင့် ချပေးထားတာမျိုး ၊ ကလေးကြီးတွေလို ခွံ့ကျွေးတာမျိုးတွေ အတင်းလုပ်ယူလို့ မရပါဘူး။

ကိုယ့်ဘာသာရပ်နိုင်လာ ၊ ဖျတ်ဖျတ်လတ်လတ် တွားသွားနိုင်လာပြီး တချို့က လမ်းပါလျှောက်နိုင်လာပြီဖြစ်တဲ့ ဒီအရွယ်မှာ ဟိုဟို ဒီဒီ အနားမနေဘဲ လူးလာခတ် သွားလိုက် ၊ ဆွဲလိုက် ဖြစ်နေမှာပါ။ ကလေးဟာ ကိုယ်ပြောတာတွေ လိုက်နာချင်မှ လိုက်နာမှာဖြစ်ပေမယ့် ကလေးဟာ ကိုယ်ပြောတဲ့ စကားလုံးအတော်များများကို ဒီအရွယ်မှာ နားလည်နေပြီဖြစ်ပါတယ်။ ဒါကြောင့်လည်း သူဘာလိုချင်တယ် ၊ ဘာဖြစ်ချင်တယ်ဆိုတာ လူကြီးမိဘတွေ ဖြည့်ဆည်းပေးနိုင်အောင်လက်ညှိုးတစ်ချောင်းနဲ့ ထိုးထိုးပြနေတာပေါ့။

BurmeseHearts Blog

မယူသင့်တဲ့အရာ ၊ မကိုင်သင့်တဲ့ဟာ ၊ မဖြစ်သင့်တာတွေ တောင်းယူခိုင်းနေရင် ၊ ဂျီကျပူဆာနေရင် လူကြီးမိဘတွေအတွက် အတော် စိတ်တိုတောင်းစရာ ဖြစ်နေမှာပါ။ ကလေးကို နားလည်ပေးလိုက်ပါ။ နှစ်နှစ်အောက်ကလေးငယ်တွေရဲ့ အသိထဲမှာ သူတို့လိုချင်တာ သူတို့ရ ရမယ်ဆိုတဲ့ အသိကလေးပဲ ရှိပါသေးတယ်။ သင့်တာ ၊ မသင့်တာ သူတို့မတွေးတတ်သေးတာမို့ မသင့်တဲ့အရာတွေကို မလုပ်ပေး ၊ သူ့လက်ထဲမပေးချင်သည့်တိုင် သူစိတ်ကျေနပ်နိုင်စရာ အခြားတခုခုကိုတော့ သူ့လက်ထဲ ထည့်ပေးလိုက်ပါ။

ကလေးကို သူ့ကိုယ်သူ ထိန်းထိန်းသိမ်းသိမ်းနဲ့ လမ်းမြန်မြန် လျှောက်တတ်စေချင်ရင် လမ်းလျှောက်သင်နေချိန်မှာ နဲ့ သူစမ်းပြီး လမ်ေးလျှာက်ဖို့ ကြိုးစားချိန်တွေမှာ သူ့ခြေဖဝါး ၊ ခြေချောင်းလေးတွေကို ကြမ်းပြင် (သို့မဟုတ်) မြေပြင်နဲ့ ထိတွေ့ခွင့်ပေးပါ။ တကယ်လို့များ ခြေအိတ်တွေနဲ့ ဖိနပ်တွေက သူ့ခြေဖဝါးကို ချုပ်ထားသလို ဖြစ်နေမယ်ဆိုရင် သူဟာ လမ်းလျှောက်နိုင်ဖို့ နှောင့်နှေးနေဦးမှာဖြစ်ပါတယ်။ ဒီအရွယ်တွေ လမ်းမြန်မြန်လျှောက်တတ်ဖို့ဟာ ခြေဖဝါးနဲ့ ခြေချောင်းလေးတွေ လွတ်လပ်စွာ လှုပ်ရှားခွင့်ရပြီး သူ့ကိုယ်အလေးချိန်ကို လမ်းလျှောက်ရင်း မတ်မတ်ဖြစ်အောင် ထိန်းသိမ်းထားနိုင်ဖို့ လေ့ကျင့်ရမှာပါ။

သူလမ်းလျှောက်ကျင့်ရာ ပတ်ဝန်းကျင်မှာ ထိမိ ၊ ခိုက်မိ ၊ ဆောင့်မိစရာတွေ မရှိအောင်တော့ ဂရုစိုက်ပေးပါ။ လဲကျရင်မနာအောင် ဖန်တီးပေးထားနိုင်ရင် ပိုကောင်းပါတယ်။ လဲကျလို့ ထိခိုက်မိရင် ကလေးဒဏ်ရာအနာတရ ဖြစ်သွားမယ့်အပြင် ကလေးဟာ မိဘကမှအားမပေးရင် လမ်းလျှောက်ရင်းလဲပြို ထိခိုက်ဒဏ်ရာရမှာ ကြောက်နေပြီး လမ်းလျှောက်ဖို့ နှောင့်နှေးနေမှာဖြစ်ပါတယ်။ တချို့ကလေးတွေဟာ (၁၇)လ ၊ (၁၈)လတိုင်အောင် လမ်းမလျှောက်တတ်ကြပါဘူး။ ဒါကြောင့် လမ်းမလျှောက်တတ်တဲ့ကလေးကို လမ်းလျှောက်ချင်စိတ် ကျင့်ပေးရမှာဖြစ်ပြီး ကလေးလမ်းမလျှောက်တတ်သေးလို့ ကလေးရော ၊ ကိုယ်ပါ စိတ်ဖိစီးမှုတွေ ရှိမနေဖို့ လိုပါတယ်။

ကလေးလမ်းကောင်းကောင်း လျှောက်တတ်ဖို့ဆိုတာဟာ သူ့ခြေဖဝါးလေးတွေက သူ့ကိုယ်အလေးချိန်ဒဏ် ခံနိုင်ပြီး ခပ်မတ်မတ်ကလေးဖြစ်အောင် ရပ်ပေးနိုင်မယ် ၊ မလဲပြိုအောင် ထိန်းပေးနိုင်မယ် ၊ လမ်းလျှောက်ခြေလှမ်းတဲ့ ယိမ်းထိုးမှုတွေကို ဟန်ချက်ညီညီ ထိန်းပေးထားနိုင်ဖို့လိုပါတယ်။ ဒါတွေကို ကလေးဟာ လမ်းလျှောက်ဖို့ ကြိုးစားရင်း သိနားလည်သွားမှာပါ။


BurmeseHearts Courses

ဒီအရွယ်မှာ စကားလုံးသိပ်များများစားစား မပြောနိုင်သေးပေမယ့် သူ့ကိုအပြောများတဲ့ စကား တလုံးစ ၊ နှစ်လုံးစကို လိုက်မှတ်သားပြီး ပြောဖို့ ကျင့်ယူနေပါတယ်။ များများသိစေချင်ရင် သူ့ကို စကားများများပြောပေးပါ။ ဒီအရွယ်မှာ ကလေးမကြားချင်ဆုံးစကားက “NO” လို့ အဓိပ္ပါယ်ရတဲ့ “ဘူး”ဆိုတဲ့ စကားလုံးပါပဲ။ ဘာဖြစ်လို့လဲဆိုရင် သူ့ကိုလူကြီးတွေက ဟိုဟာဆိုလည်း မလုပ်ရဘူး ၊ ဒါဆိုလည်း မကိုင်ရဘူး စသဖြင့် “ဘူး”ဆိုတဲ့ စကားလုံးဆိုတာကို အချိန်တိုင်းလိုလို ကြားနေရတဲ့အတွက် ဒီစကားလုံးကို မကြားချင်ဆုံးဖြစ်ပါတယ်။ ဒုတ် ဒုတ် လို့ အပြောခံရပါများတဲ့ကလေးဟာ ဒုတ် ဒုတ်လို့ ပြန်ပြောတတ်လာမှာဖြစ်ပါတယ်။

ဒီစကားလုံးကနေစပြီး သူကြားတာတွေ ပြန်ပြောနိုင်ဖို့ ၊ သူမြင်တာတွေ အတုယူလိုက်လုပ်နိုင်ဖို့ ကလေးဟာ ကြိုးစားနေတာ သူ့အပြစ်မဟုတ်ပါဘူး။ မလုပ်ရဘူး ၊ မကိုင်ရဘူးဆိုတာထက် မလုပ်သင့်တဲ့အကြောင်း ၊ မကိုင်သင့်တဲ့အကြောင်းတွေကို ကလေးနားလည်အောင် ထပ်ခါထပ်ခါ လေသံချိုချိုလေးနဲ့ နာခံချင်အောင် ရှင်းပြရမှာဖြစ်ပါတယ်။ ကြားရဖန်များတော့ ဒါကြောင့် မလုပ်သင့် ၊ မကိုင်သင့်ဆိုတာကို ကလေးဟာ နားလည်သဘောပေါက်သွားပါတယ်။ ဒီလိုနားလည် သဘောမပေါက်သရွေ့  ကလေးဟာ သူလိုချင်တာ ၊ လုပ်ချင်ရတွေ ရရှိလုပ်ကိုင်နိုင်ဖို့ ကြိုးစားနေဦးမှာဖြစ်ပါတယ်။

ကျွန်မဆို ကိုယ်ခွဲမရှိတာမို့ ကျွန်မသမီးကို ဟင်းချက်ရင်းတဖက်နဲ့လည်း ထိန်းရတာပါ။ ကိုယ်တဖက်မှာ မအားမလပ်ဖြစ်နေရင် ပုံးတစ်ခုထဲ ဗူးလွတ်ခွက်လွတ်တွေပေးထားတယ်။ ကော်ဇွန်းထူထူ သူ့မရှနိုင်တာတွေ ပေးထားတယ်။ ဒါတွေကို သူက ထုတ်လိုက် ၊ ထည့်လိုက် ၊ ခလောက်လိုက် ကိုယ့်မျက်စိအောက် ကစားစေတယ်။ သူ့ဘာသာသူအလုပ်များနေအောင် အလုပ်ပေးထားလိုက်တော့ ကိုယ်မကိုင်စေချင်တာတွေ သူကိုင်ရကောင်းလား စိတ်တိုအော်ဟစ်နေစရာမလိုတော့ဘူး။ ဒီတော့ မီးဖိုချောင်ထဲမှာ သူလည်းပျော် ၊ ကိုယ်လည်း အလုပ်ပြီးစေတာပေါ့။

တခြားနေရာတွေမှာလည်း သူ့ဘာသာသူ ကစားရင်းပျော်နေတတ်အောင် ၊ ကိုယ်လည်း အလုပ်မပျက်အောင် ကလေးလည်းကြည့် အလုပ်လည်းလုပ် လုပ်ရမှာပါ။ ဟိုဟာဆိုလည်း မလုပ်ရဘူး ၊ ဒါဆိုလည်း မကိုင်ရဘူး စသဖြင့် လိုက်တားနေရရင် ကိုယ်လည်း အလုပ်မပြီး သူလည်းစိတ်တိုအော်ဟစ်ငိုနေတော့ ဘယ်အလုပ်ပြီးမလဲနော်။

ကလေးတွေကို ကောင်းမွန်တဲ့အလေ့အကျင့် ရှိစေချင်တယ်ဆိုရင် သူတို့နဲ့အနီးကပ်နေပြီး ကိုယ်သင်ပေးချင်တဲ့ ကောင်းမွန်တဲ့ အလေ့အကျင့် ၊ အပြောအဆို ဆိုတာတွေကို ကိုယ်တိုင်က လုပ်ပြရင်း သူတို့ကို ဒီလိုလုပ်ကိုင်ရမယ်လို့ ပြောဆိုသင်ပေးသင့်တာဖြစ်ပါတယ်။ သူတို့နဲ့ အတူစားမယ် ၊ သူတို့နဲ့အတူကစားမယ် ၊ သူတို့နဲ့ အတူအိပ်မယ်ဆိုရင် သူတို့နဲ့ဒီလိုအနီးကပ်ရှိနေနိုင်တဲ့ သူတွေဆီကနေ ပြောဆိုလုပ်ကိုင်ပုံ စရိုက်အမူအကျင့်ဆိုတာတွေကို ကလေးတွေက သင်ယူသွားတာဖြစ်ပါတယ်။ တံငါနားနီးတံငါ ၊ မုဆိုးနားနီး မုဆိုး ဖြစ်သွားတာပါ။

မကောင်းတဲ့အကျင့်နဲ့ အပြောအဆိုရှိသူတွေ ကလေးအနားမှာ ရှိနေခဲ့ပြီး ကလေးက ဒါတွေအကျင့်ဖြစ်သွားတော့မှ ကလေးကို ရိုက်နှက်ဆုံးမ ပြောင်းလဲခိုင်းတာထက် ဒီအကျင့်တွေ မဝင်ခင်ကတည်းက ကလေးကို အကျင့်ကောင်းတွေ အသားသေသွားအောင် သင်ပေးထားရမှာဖြစ်ပါတယ်။ ကောင်းတာကျင့် ၊ ကောင်းတာပြောတတ်တဲ့ ကလေးတစ်ယောက်ကို မကောင်းတာတွေ မပြောဖို့ ၊ မကောင်းတဲ့အမူအကျင့်တွေ မလုပ်ဖို့ဆိုတာ ထူးပြီး သင်ပေးစရာမလိုတော့ဘူးလေ။

ရတု (Burmesehearts.com)

BurmeseApp

BurmeseApp on Google Play

]]>
http://www.burmesehearts.com/%e1%81%81%e1%81%84%e1%80%9c%e1%80%a1%e1%80%9b%e1%80%bc%e1%80%9a%e1%80%b9-%e1%80%80%e1%80%b1%e1%80%9c%e1%80%b8%e1%81%8f-%e1%80%96%e1%80%bc%e1%80%b6%e1%82%94%e1%81%bf%e1%80%96%e1%80%ad%e1%80%b3/feed/ 0
မိခင်ရင်ငွေ့ http://www.burmesehearts.com/%e1%80%99%e1%80%ad%e1%80%81%e1%80%84%e1%80%b9%e1%80%9b%e1%80%84%e1%80%b9%e1%80%b1%e1%80%84%e1%80%bc%e1%82%94/ http://www.burmesehearts.com/%e1%80%99%e1%80%ad%e1%80%81%e1%80%84%e1%80%b9%e1%80%9b%e1%80%84%e1%80%b9%e1%80%b1%e1%80%84%e1%80%bc%e1%82%94/#respond Thu, 24 Dec 2015 11:20:46 +0000 http://www.burmesehearts.com/?p=24554

ကျွန်မတို့လူသားတွေဟာ ကာလအတိုင်းအတာ တခုအထိ မိခင်ရဲ့ ရင်ငွေ့ခိုလှုံဖို့ မလိုအပ်ဘူးလား။ အသေအချာ လိုအပ်တာပေါ့။ ဒါကြောင့် မွေးကင်းစကလေးကို အနည်းဆုံးခြောက်လအထိ မိခင်နို့တိုက်ကျွေးသင့်တယ်လို့ ကျွမ်းကျင်သူပညာရှင်တွေက အချက်အလက်အကိုးအကားတွေနဲ့ တိုက်တွန်းပြောဆိုခဲ့တာဖြစ်ပါတယ်။ မိခင်နို့တိုက်ကျွေးတယ်ဆိုကတည်းက ကလေးဟာ မိခင်ရင်ခွင်ထဲမှာရှိတာမို့ မိခင်ရင်ငွေ့ကို ခိုလှုံခွင့်ရတာပေါ့။

မိခင်နို့အနည်းဆုံး ခြောက်လ နို့တိုက်ကျွေးရမယ်ဆိုရင် ခြောက်လတိုက်ကျွေးပြီးရင် လုံလောက်သွားပြီလားဆိုတော့ မဟုတ်ပါဘူး။ လုံးဝ အဆင်မပြေရင်တောင် ခြောက်လအထိ တိုက်ကျွေးပါလို့ ဆိုလိုတာဖြစ်သလို လုံးဝအဆင်မပြေဘူးဆိုရင်တောင် မွေးကင်းစကလေးဟာ မိခင်ရင်ငွေ့ကို ခြောက်လအထိ ခိုလှုံနေသင့်တယ်လို့ ဆိုလိုတာပါ။

ကလေးသုံးနှစ်အရွယ်အထိ မိခင်နို့တိုက်ကျွေးနေသမျှ ကလေးရောမိခင်ပါ ကောင်းကျိုးတွေ ခံစားနေရပါတယ်။ ဘယ်လိုကောင်းကျိုးတွေ ခံစားရသလဲဆိုတာကို မိခင်နို့၏ ဂုဏ်သတ္တိ ဆိုတဲ့ပို့စ်မှာ ရေးသားခဲ့ပြီးဖြစ်ပါတယ်။ ဒီပို့စ် မဖတ်ရသေးဘူးဆိုရင် အရောင်ကွဲနေတဲ့ စာသားရဲ့အပေါ်မှာ ကလစ်နှိပ်လိုက်ရုံပါပဲ။ အဲဒါလင့်ခ်ပေးထားတာပါ။ ကလစ်နှိပ်ပြီး ဖတ်ရှုနိုင်ပါတယ်။

မိခင်ရင်ငွေ့ ခိုလှုံခွင့်ရပြီး မိခင်ရဲ့ အနီးကပ်ပြုစုစောင့်ရှောက်မှုနဲ့ ကြီးပြင်းလာကြတဲ့ ကလေးတွေဟာ ဒီလိုကြီးပြင်းခွင့်မရတဲ့ ကလေးတွေထက် အားသာချက်အများကြီး ရှိနေပါတယ်။ ကလေးဟာ မိခင်ရင်ငွေ့ ခိုလှုံခွင့်ရခဲ့ပြီး မိခင်ရဲ့ အနီးကပ်ပြုစုစောင့်ရှောက်မှုနဲ့ ကြီးပြင်းလာခဲ့တဲ့အတွက် အဲဒီမိခင်နဲ့ အဲဒီရင်သွေးဟာ ပိုပြီး နီးနီးကပ်ကပ် ဆက်ဆံရေးကို ရရှိပါတယ်။ ဒီတော့ သူတို့နှစ်ဦးကြားက ဆက်ဆံရေးဟာ နွေးထွေးတယ်လေ။

ကလေးဟာ မိခင်ရဲ့ အနီးကပ်ပြုစုစောင့်ရှောက်မှုနဲ့ ကြီးပြင်းလာခဲ့တဲ့အပြင် မိခင်က နည်းမှန်လမ်းမှန် ဆိုဆုံးမပြီး သားသမီးကို မေတ္တာနဲ့ ကြီးပြင်းစေခဲ့မယ်ဆိုရင် ဒီသားသမီးဟာ မိခင်ကို အလွန်ခင်တွယ်မှာဖြစ်ပါတယ်။ မိခင်က သူ့ကို ချစ်တယ် ၊ နားလည်မှုပေးတယ်လို့ ယုံကြည်တဲ့အတွက် မိခင်က သွန်သင်ဆုံးမတာတွေကို နာခံလေ့ရှိတယ်။ ဒီရဲ့ နောက်ဆက်တွဲအကျိုးကျေးဇူးကတော့ မိဘကို ကလန်ကဆန်လုပ်တတ်တဲ့ကလေး ၊ မိဘစကား မနာခံတဲ့ကလေး မဖြစ်လာနိုင်တော့ဘူးပေါ့။

မိခင်နဲ့ အနေများပြီး မိခင်ကို ခင်တွယ်တဲ့သားသမီးဖြစ်တာမို့ မိခင်ကိုအထင်ကြီးတယ်။ မိခင်က အားကိုးလေးစားတဲ့ ဖခင်ကို အားကိုးလေးစားမှာဖြစ်ပြီး မိခင်နဲ့ ဖခင် ဆက်ဆံရေးအဆင်မပြေရင် ဖခင်ကို တဘက်သတ် မုန်းတီးနေသူလေးလည်း ဖြစ်လာနိုင်ပါတယ်။ အကယ်၍များ ဖခင်က သူ့အပေါ် နွေးနွေးထွေးထွေးမရှိခဲ့ရင် ဖခင်က မှန်ကန်တဲ့ဘက်မှာ ရပ်တည်နေသည့်တိုင် သူ့ခံစားချက်က မိခင်အပေါ် အားသာနေပါတယ်။ ဒါကြောင့် ဖခင်တွေဟာ မိမိသွေးသားကို ချစ်တယ်ဆိုရင် မိမိသွေးသားနဲ့ လက်ပွန်းတတီး အချိန်ပေး နေထိုင်ဖို့လည်း လိုပါတယ်။ မေတ္တာပေးမှ မေတ္တာရတာပါ။

ဖခင်နဲ့ မိခင်ပေါင်းမှ သန္ဓေတည်ပြီး လူဖြစ်ခွင့်ရတယ်ဆိုပေမယ့် သူ့ကို ကိုးလလွယ် ဆယ်လဖွားခဲ့တဲ့ မိခင်ကို သားသမီးတွေက ပိုခင်မင်တွယ်တာ သဘာဝဖြစ်ပါတယ်။ သူ့အနွံအတာကို အခံနိုင်ဆုံးလူဟာ မိခင်ဖြစ်တယ်လို့ သူ့ ကိုးလတိုင်တိုင် လွယ်ပိုးထားခဲ့တဲ့ မိခင်ကို သူ့ရဲ့မသိစိတ်ထဲကနေ ယုံကြည်နေတာပါ။ ဒါဟာ သားသမီးအပေါ်ကို မိခင်ရဲ့လွှမ်းမိုးမှု အားသာနေတဲ့အချက်ပဲလေ။ မွေးလာခဲ့ပြီဆိုရင်လည်း မိခင်ရဲ့ နို့ရည်သောက်စို့ပြီး ကြီးပြင်းခွင့်ရတယ်ဆို မိခင်ဟာ သူ့အတွက် အချစ်ခင်ဆုံးလူပါ။

နို့ဖြတ်လိုက်ပြီဆိုတာနဲ့ ဒီအနေအထားကနေ တဖြည်းဖြည်း ပြောင်းလဲလာနိုင်ပါတယ်။ အကယ်၍များ မိခင်ဟာ ကလေးကို အချိန်မပေးခဲ့ရင် ၊ နီးနီးကပ်ကပ် ဆက်ဆံမှုမျိုး မရှိရင် ၊ နည်းမှန်လမ်းမှန် ဆုံးမသွန်သင်မှုမရှိခဲ့ရင် ကလေးကို မိခင်က အနေစိမ်းသလို အချိန်တွေကြာလာတာနဲ့အမျှ ကလေးကလည်း မိခင်အပေါ် အနေစိမ်းလာမှာ ဖြစ်ပါတယ်။

BurmeseHearts Blog

မိခင်နို့ကို ကာလအတော်ကြာ သောက်စို့ခွင့်ရပြီး မိခင်ရဲ့ အနီးကပ်ပြုစုစောင့်ရှောက်မှုနဲ့ ကြီးပြင်းလာကြတဲ့ ကလေးတွေဟာ နုနယ်ငယ်ရွယ်တဲ့အရွယ်လေးဖြစ်သည့်တိုင် နာဖျားခဲပါတယ်။ နို့မှုန့်သောက်သုံးတဲ့ ကလေးတွေ ကျန်းမာရေးချို့တဲ့ တဲ့ အရေအတွက်နဲ့ မိခင်နို့သောက်စို့တဲ့ ကလေးတွေ ကျန်းမာရေးချို့တဲ့ တဲ့ အကြိမ်အရေအတွက်ကို သုတေသနပြုပြီးမှ မိခင်နို့ဟာ ကလေးတွေအတွက် အကောင်းဆုံးဖြစ်တယ်လို့ သုတေသနပြုခဲ့တဲ့ပညာရှင်တွေက ဆိုခဲ့တာပါ။

အခုလို မိခင်နို့ချိုစို့ခွင်ရတဲ့ ကလေးငယ်ရဲ့ ရုပ်ပိုင်းဆိုင်ရာ တိုးတက်မှုတင်မက စိတ်ပိုင်းဆိုင်ရာ တိုးတက်မှုတွေဟာလည်း တန်ဖိုးကြီးမားလှပါတယ်။ မိခင်ရင်ခွင်ထဲမှာ မိခင်ရင်ငွေ့ခိုလှုံပြီး မိခင်နို့သောက်စို့ခွင့်ရလို့ မိခင်မေတ္တာ ခံယူခွင့်ရတာမို့ သူတို့ကိုယ်သူတို့ ကျေနပ်မှုရှိတယ်။ အဲဒီကျေနပ်မှုနဲ့ အသားကျ ကြီးပြင်းလာခဲ့တော့ တခုခု စိတ်ပျက်စရာတွေ့သည့်တိုင် အကောင်းဘက်က လှည့်ကြည့်ဖို့ စိတ်ကူးရှိတယ်။

မိခင်နို့ချိုစို့ မိခင်ရင်ငွေ့ ခိုလှုံခွင့်ကာလရှည်ရခဲ့ပြီး မိခင်ရဲ့ နားလည်မှုနဲ့ နည်းမှန်လမ်းမှန် ဆိုဆုံးမခြင်း ခံရတဲ့ကလေးဟာ ဒီလောကမှာ လူဖြစ်ခွင့်ရခြင်းအပေါ် စိတ်ကျေနပ်မှု အပြည့်ရှိပါတယ်။ ဆင်းရဲနေဦးတော့ သူတို့တွေဟာ လောကဓံကို ရင်ဆိုင်နိုင်တဲ့ စိတ်ခွန်အား အပြည့်ရှိလာပါတယ်။ ဒါဟာ အမေ့မေတ္တာကြောင့် ရရှိလာခဲ့တဲ့ စိတ်ခွန်အားတွေပါ။

အမေ့မေတ္တာခံစားရတော့ ယခု ဆင်းရဲ ၊ ကျရှုံးနေသည့်တိုင် တနေ့ ချမ်းသာ ၊ အောင်မြင်နိုင်တယ်ဆိုတဲ့ အကောင်းမြင်စိတ်ရှိတယ်။ ဒီယုံကြည်ချက်မျိုးနဲ့ ကြိုးစားတဲ့အခါ အောင်မြင်မှုမျိုးကို ထူးထူးခြားခြား ရရှိပါတယ်။ အနီးကပ်ဆုံး မြင်အောင် သက်ရှိထင်ရှားရှိနေတဲ့ မြန်မာနိုင်ငံက လူပုဂ္ဂိုလ်အနေနဲ့ ဥပမာပြရမယ်ဆို မိုးလေဝသနဲ့ ဇလဗေဒပညာရှင် ဆရာကြီး ဒေါက်တာထွန်းလွင်ဖြစ်ပါတယ်။

ဘယ်လောက်ပဲ ပြည့်စုံဦးတော့ မိခင်နို့ချို ကာလရှည်ကြာ သောက်စို့ခွင့်မရ ၊ မိခင်ရင်ငွေ့ ခိုလှုံခွင့်မရ ၊ မိခင်နဲ့ နီးနီးကပ်ကပ် ဆက်ဆံရေးမရှိ ၊ နွေးနွေးထွေးထွေး ခံစားရမှုမရှိရင် ဒီအိမ်ထဲ ၊ ဒီမိသားစုထဲမှာ သူစိမ်းပြင်ပြင် ဆက်ဆံရေးမျိုး ၊ အေးစက်စက် ဆက်ဆံရေးတွေနဲ့ ပြည့်နှက်နေမှာပါ။ ဒီလိုကလေးတွေကြီးလာရင် မိဘကို မနာခံတာ ၊ မိဘအလိုကို ဆန့်ကျင်တာ ၊ စိတ်ထဲအလိုလို မကျေနပ်စိတ်တွေ ဖြစ်နေတာ ၊ ဘာမဟုတ်တာလေးကို တအားခံစားပြီး အဆိုးမြင်နေတာ စတဲ့ အဆိုးမြင်ခံစားချက်တွေဟာ ဘယ်ကစသလဲဆို မိဘနဲ့ (အထူးသဖြင့် မိခင်နဲ့) လက်ပွန်းတတီး ဆက်ဆံရေးမရှိတာက စတယ်လို့ ဆိုရပါမယ်။

ဒါကြောင့် မိမိသားသမီးကို တကယ်ချစ်တယ်ဆိုရင် အနည်းဆုံး ခြောက်လတော့ မိခင်နို့တိုက်ကျွေးပါ ၊ မိခင်နို့ဖြတ်လိုက်သည့်တိုင်အောင် မအားလပ်တဲ့ကြားထဲက မိမိရဲ့ ကိုယ်ပိုင်အချိန်တွေဖဲ့ပြီး သားသမီးကို အချိန်ပေးပါ ၊ နွေးနွေးထွေးထွေး ဆက်ဆံပါ ၊ နားလည်မှုပေးပါ ၊ နည်းမှန်လမ်းမှန်ဆုံးမပါ ၊ သူ့ခံစားချက်တွေလည်း နားထောင်ပေးပါ ၊ ကိုယ်နိုင်သမျှကို ဖြည့်ဆည်းပေးပါ ၊ ကိုယ်မနိုင်တာတွေကိုလည်း သူ့ကို သဘောပေါက်အောင် ရှင်းလင်းပြောဆိုပါ။ မေတ္တာဟာ အလွန်အစွမ်းထက်ပါတယ်။ မိဘမေတ္တာဟာ ပိုလို့အစွမ်းထက်ပါတယ်။ သားသမီးဘယ်အရွယ်ရောက်ရောက် မိခင်ရင်ငွေ့ဟာ သားသမီးတွေအတွက် အလုံခြုံ အနွေးထွေးဆုံး ခံစားမှုကို ပေးပါတယ်။ မိခင်ရင်ငွေ့ ခိုလှုံဖူးသူတိုင်းဟာ ဒီတန်ဖိုးကို ပိုနားလည်ပါတယ်။

ရတု (Burmesehearts.com)


BurmeseHearts Courses
BurmeseApp

 

BurmeseApp on Google Play

]]>
http://www.burmesehearts.com/%e1%80%99%e1%80%ad%e1%80%81%e1%80%84%e1%80%b9%e1%80%9b%e1%80%84%e1%80%b9%e1%80%b1%e1%80%84%e1%80%bc%e1%82%94/feed/ 0
(၁၃)လအရွယ် ကလေးငယ်များ၏ ဖွံ့ဖြိုးတိုးတက်မှု http://www.burmesehearts.com/%e1%81%81%e1%81%83%e1%80%9c%e1%80%a1%e1%80%9b%e1%80%bc%e1%80%9a%e1%80%b9-%e1%80%80%e1%80%b1%e1%80%9c%e1%80%b8%e1%80%84%e1%80%9a%e1%80%b9%e1%80%99%e1%80%ba%e1%80%ac%e1%80%b8%e1%81%8f-%e1%80%96/ http://www.burmesehearts.com/%e1%81%81%e1%81%83%e1%80%9c%e1%80%a1%e1%80%9b%e1%80%bc%e1%80%9a%e1%80%b9-%e1%80%80%e1%80%b1%e1%80%9c%e1%80%b8%e1%80%84%e1%80%9a%e1%80%b9%e1%80%99%e1%80%ba%e1%80%ac%e1%80%b8%e1%81%8f-%e1%80%96/#respond Mon, 21 Dec 2015 07:12:35 +0000 http://www.burmesehearts.com/?p=24034

ဒီအရွယ်မှာ သူတို့ရဲ့ ပထမခြေလှမ်းဆိုတာကို စလှမ်းကောင်း လှမ်းနေပါပြီ။ သူ့ဘဝရဲ့ ပထမဆုံးခြေလှမ်းတွေကို စမြင်ရတယ်ဆို လက်ခုပ်သြဘာပေးလို့ သူ့အောင်မြင်မှုကို အားပေးပါ။ ဒါမှလည်း ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်နဲ့ နောက်ထပ်ခြေလှမ်းတွေ သွက်သွက် ဆက်လှမ်းဖို့ အားရှိမှာဖြစ်ပါတယ်။

ကလေးဟာ ခြေလျှပ်တိုက် လျှောက်လေ့ရှိတယ်ဆိုရင် သူ့ဘာသာလျှောက်လှမ်းမယ့် ခြေလှမ်းတွေဟာ နောက်ကျကောင်း နောက်ကျနိုင်ပါတယ်။ လေးဘက်ထောက်လိုက် လျှောက်လိုက် လုပ်တတ်တဲ့ကလေးတွေထက် ခြေလျှပ်တိုက် လျှောက်လေ့ရှိတဲ့ကလေးတွေဟာ လမ်းလျှောက်နောက်ကျတတ်ပါတယ်။ လမ်းလျှောက်နောက်ကျလို့ စိတ်မပူပါနဲ့ တချို့ကလေးတွေဟာ (၁၇)လ (၁၈)လနောက်ပိုင်းမှ လမ်းလျှောက်တတ်တာလည်းရှိပါတယ်။

လမ်းလျှောက်မြန်မြန်တတ်စေချင်လို့ဆိုပြီး ကလေးကို ဖိအားပေး လမ်းလျှောက်ခိုင်းတာမျိုးတော့ မလုပ်ပါနဲ့။ ကစားရင်းဆော့ရင်း သူသတိမထားမိချိန်မှာ သူ့ကို သူ့ဘာသာသူ လမ်းလျှောက်တတ်ဖို့ အခွင့်အရေးပေးဖို့ လိုပါတယ်။ လူကြီးက ဆန္ဒစောလွန်းရင် လမ်းလျှောက်နောက်ကျတတ်သလို လူကြီးက စိုးရိမ်လွန်း ၊ သည်းလွန်းရင်လည်း လမ်းလျှောက်နောက်ကျတတ်ပါတယ်။ ကလေးကို ဘီးတပ်လှည်းထဲထည့်ပြီး လမ်းလျှောက်ခိုင်းနေသမျှ အလွတ်လမ်းလျှောက်တတ်ဖို့ နှောင့်နှေးနေဦးမှာ ဖြစ်ပါတယ်။

လမ်းမြန်မြန်လျှောက်တတ်စေဖို့ အကောင်းဆုံးနည်းဟာ သိပ်မပေါ့ ၊ သိပ်မလေးတဲ့ သူ့အရပ်နဲ့အဆင်ပြေပြေ တွန်းနိုင်မယ့် ဘီးတပ်ပစ္စည်းတစ်ခုကို သူ့ဆော့ရင်းတွန်းခိုင်းကျင့်လုပ်ပေးပါ။ ရွေ့အောင် တွန်းရင်းကနေ သူဟာ လမ်းလျှောက်တတ်သွားမှာဖြစ်ပါတယ်။ ငွေတတ်နိုင်သူတွေက (Baby Push Walker) ဆိုတာလေးတွေ ဝယ်ပေးပြီး ကလေး လမ်းမြန်မြန် လျှောက်တတ်အောင် ကျင့်ပေးနိုင်ပါတယ်။

ကလေးဟာ သူ့အရွယ်အလိုက် အတတ်ဆန်းလေးတွေ တတ်မြောက်နေတာမို့ သူကိုယ်တိုင် သတိမထားမိချိန်မှာတင် အတတ်ပညာအသစ် တတ်မြောက် လုပ်ကိုင်သွားတာကို သူကိုယ်တိုင် အံ့အားသင့်လက်ခံလိုက်တာမျိုးကိုလည်း ကြုံနိုင်ပါသေးတယ်။ ဒီလိုအချိန်မျိုးမှာ သူ့ရဲ့ သင်ယူနိုင်စွမ်းကို အားပေးဖို့ သူသင်ယူတတ်မြောက်မှုတွေကို လက်ခုပ်တီးချီးကျူးလို့ အားပေးပါ။

BurmeseHearts Blog

ဒီအရွယ်ကလေးကို အစာကျွေးတဲ့အခါ ခွံ့ကျွေးရင်ပဲဖြစ်ဖြစ် သူ့ဘာသာစားလို့ပဲဖြစ်ဖြစ် အတော် စိတ်ရှည်ရမှာပါပဲ။ သူတို့မှာ စူးစမ်းလိုစိတ်တွေ များနေပြီလေ။ ချဉ်ရည်ခွက်ထဲ လက်နှစ်လိုက်ရင် ဘယ်လိုဖြစ်မလဲ ၊ ဘာအရသာရမလဲကအစ သူ့လက်ကလေးကို အသုံးပြလို့ ဟိုဆွဲ ဒီနှိုက် အတော်လုပ်တတ်နေပါပြီ။ ဒါကြောင့် သူ့ဘေးနားမှာ သူ့ပါးစပ်မထည့်စေချင်တဲ့ အရာမှန်သမျှ ရှင်းထားရမှာပါ။

သူ့ဗိုက်ပြည့်ပြည့်ဝဝစားဖို့ သိနိုင် ၊ မသိနိုင် အကောင်းဆုံးနည်းကတော့ သူ့ဘာသာသူ စားကျင့်လုပ်ပေးထားတာပါပဲ။ သူပါးစပ်ထဲ သူ့ဘာသာ မထည့်နိုင်တဲ့အခါတွေမှာ ကိုယ်က ကိုယ်ထည့်ပေးရုံပေါ့။ ကိုယ်ကခွံ့ကျွေးနေရင် သူအာသီသဖြစ်တဲ့ စားချင် ၊ မစားချင် (နေကောင်းလို့ ၊ မကောင်းလို့) ဆိုတာတွေ သတိမထားနိုင်ဘဲ ဝ ၊ မဝဆိုတာကိုလည်း ဒီအတိုင်းအတာကုန်ရင် တော်ပြီလို့ သတ်မှတ်လိုက်ရတာပါ။ သူလည်း လူပေမို့ စားကောင်းတဲ့အစာ ၊ အာသီသရှိတဲ့အချိန်ဆို ပိုစားမှာဖြစ်ပြီး သိပ်ခံတွင်းမလိုက်တဲ့အစာ ၊ မစားချင်တဲ့အခါတွေမှာ မစားဘဲနေချင်မှာပါ။ သူ့ဆန္ဒဆိုတာကိုလည်း ဒီအရွယ်ကတည်းက လေးစားသမှုပြုလို့ သူ့ရဲ့ပင်ကိုယ်စိတ်ဆန္ဒနဲ့ ကျန်းမာရေးကိုလည်း ဒီကနေတဆင့် အကဲဖြတ်နိုင်ပါတယ်။

ဒီအရွယ်မှာ စကားအများကြီး မပြောတတ်သေးပေမယ့် သူ့ကိုနေ့တဓူဝပြောနေတဲ့ ရိုးရိုးရှင်းရှင်း စကားလုံးတွေကိုတော့ ကလေးက ကောင်းကောင်းနားလည် သဘောပေါက်နေပါပြီ။ လူကြီးမိဘတွေက သူ့ကို အလေးထားပြီး စကားခပ်များများ ပြောပေးတဲ့အခါ သူ့ရဲ့ စကားလုံးကြွယ်ဝ သိတတ်နားလည်မှုကို ၊ ဘာသာစကားလေ့လာမှုကို အများကြီး အထောက်အကူ ဖြစ်စေပါတယ်။

ကိုယ်က အရောင်တွေ ၊ ပုံသဏ္ဍာန်တွေ ၊ စကားလုံး အသုံးအနှုန်းတွေ များများပြောပြ သင်ပေးလေ သူဟာ စိတ်ထဲကနေ လိုက်မှတ်သားသင်ယူနေလေပါ။ ဒါကြောင့် ကလေးတွေကို များများသိတတ်စေချင်ရင် များများသင်ပြ ပြောဆိုပေးပါ။ သူပြန်မပြောတတ်သေးတဲ့ ဒီလို အရွယ်ကတည်းကနေ အလေ့အကျင့်လုပ်ထားရမှာပါ။

ဒီအရွယ်မှာ ကလေးဟာ (၁၄)နာရီလောက်တော့ ပုံမှန်အိပ်စက်ချိန်ရှိရမှာဖြစ်ပါတယ်။ ဒီ(၁၄)နာရီဟာ ညလုံးပေါက် အိပ်စက်ချိန်နဲ့ နေ့ခင်းဘက် တရေးတမောအိပ်ချိန်တွေကို ရေတွက်ထားတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကလေးဟာ မိခင်ကိုယ်ဝန်ဆောင်ချိန်ကတည်းကနေ ရလာတဲ့ အကျင့်အတိုင်း ဖြစ်ချင်ဖြစ်နေနိုင်ပါသေးတယ်။

ဥပမာ မိခင်နဲ့အတူ အိပ်စက်လေ့ရှိတဲ့ကလေးဟာ ညဘက်ဆို မိခင်အိပ်ရာဝင်မှ လုံးဝအိပ်ပျော်လေ့ရှိပြီး နေ့ဘက်မှာလည်း မိခင်သိပ်မှ အိပ်တတ်တဲ့ အကျင့်မျိုးရှိတဲ့ကလေးလိုပေါ့။ ဒီလိုကလေးတွေကတော့ ချွင်းချက်အနေနဲ့ အိပ်စက်ချိန် အနည်းငယ်လျော့တတ်ပါတယ်။

ကလေးဟာ အစားကောင်းကောင်းစား ၊ ကောင်းကောင်းဆော့ ၊ ပျော်ရွှင်သွက်လက် တက်ကြွပြီး အလေးချိန်မှန်မှန်တက်နေသမျှ ကလေးရဲ့ကျန်းမာရေးကို စိုးရိမ်စရာမရှိပါဘူး။ အိပ်ချိန်နည်းနည်းလျော့လို့ဆိုပြီး ထူးစိတ်ပူစရာတော့ မရှိပါဘူး။ ကလေးတစ်ယောက်နဲ့တစ်ယောက် အလေ့အကျင့်ချင်း ကွဲပြားနိုင်ကြပါတယ်။

ရတု (Burmesehearts.com)


BurmeseHearts Courses
BurmeseApp

 

BurmeseApp on Google Play

]]>
http://www.burmesehearts.com/%e1%81%81%e1%81%83%e1%80%9c%e1%80%a1%e1%80%9b%e1%80%bc%e1%80%9a%e1%80%b9-%e1%80%80%e1%80%b1%e1%80%9c%e1%80%b8%e1%80%84%e1%80%9a%e1%80%b9%e1%80%99%e1%80%ba%e1%80%ac%e1%80%b8%e1%81%8f-%e1%80%96/feed/ 0
တရေနိုး ကလေးတွေဂျီမကျအောင် ဘယ်လိုလုပ်မလဲ http://www.burmesehearts.com/%e1%80%90%e1%80%b1%e1%80%9b%e1%82%8f%e1%80%ad%e1%80%af%e1%80%b8-%e1%80%80%e1%80%b1%e1%80%9c%e1%80%b8%e1%80%b1%e1%80%90%e1%80%bc%e1%80%82%e1%80%ba%e1%80%ae%e1%80%99%e1%80%80%e1%80%ba%e1%80%b1%e1%80%a1/ http://www.burmesehearts.com/%e1%80%90%e1%80%b1%e1%80%9b%e1%82%8f%e1%80%ad%e1%80%af%e1%80%b8-%e1%80%80%e1%80%b1%e1%80%9c%e1%80%b8%e1%80%b1%e1%80%90%e1%80%bc%e1%80%82%e1%80%ba%e1%80%ae%e1%80%99%e1%80%80%e1%80%ba%e1%80%b1%e1%80%a1/#respond Fri, 18 Dec 2015 04:26:00 +0000 http://www.burmesehearts.com/?p=23423

အိပ်ယာက နိုးထလာတဲ့ကလေးတစ်ယောက် ဂျီကျနေပြီဆိုရင် လူကြီးတွေက စိတ်တိုပြီလေ။ တရေးနိုးဂျီကျတတ်တဲ့ကလေးတွေဟာ စားစရာပေးလည်းမဟုတ် ၊ ကစားစရာပေးလည်းမဟုတ် ၊ ချီထားလည်းမဟုတ် ၊ ချထားလည်းမဟုတ် ၊ ဘာမှစိတ်အလိုမကျဘဲ ဂျီကျနေတတ်တာမျိုးပါ။ ကလေးတွေ ဘာကြောင့် ဂျီကျတတ်သလဲဆိုရင် အိပ်ချင်ရင်ဂျီကျတယ် ၊ အိပ်ရေးမဝရင်လည်း ဂျီကျတယ် ၊ ဗိုက်ဆာရင် ဂျီကျတယ် ၊ နေလို့မကောင်းရင် ဂျီကျသလို နေလို့ မပျော်ရင်လည်း ဂျီကျတတ်ပါတယ်။ ဒါဆို ဂျီကျတတ်တဲ့ ကလေးတွေဟာ ဘာကြောင့် ဂျီကျရသလဲဆိုတာကို နားလည်နိုင်ပြီပေါ့။

တခြားအကြောင်းတွေကြောင့်လဲမဟုတ်ဘဲ ကျန်းမာနေကောင်းရက်က ဂျီကျနေတယ်ဆိုရင် သူမပျော်လို့ ဂျီကျနေတယ်လို့မှတ်ပါ။ ဒီတော့ သူ့ကိုပျော်အောင် သူပျော်နေကျ ကစားနည်းတွေနဲ့ ၊ အကြောင်းအရာမျိုးစုံနဲ့ ပျော်အောင်လုပ်ပေးဖို့ စိတ်ရှည်ရမှာပါ။ ကိုယ်ကစိတ်မရှည်လေ သူက ပိုဂျီကျလေ ဖြစ်နေမှာပါ။ ဒီတော့ ဆူရိုက်တဲ့သူနဲ့ ဂျီကျငိုယိုနေတဲ့ကလေး မုန့်လုံးစက္ကူကပ်သလို မပြီးနိုင်တော့ဘူးလေ။

ကျွန်မကတော့ ကုသနည်းထက် ကာကွယ်နည်းကို အမြဲကျင့်သုံးလေ့ရှိသူပါ။ ဂျီကျတဲ့ကလေးကို ဂျီမကျအောင် ချော့မော့တတ်ဖို့တတ် ဂျီကျကျင့်မရှိအောင် ငယ်ငယ်ကတည်းက ပျိုးထောင်ပေးသင့်တာပါ။ ဒီတော့ ဂျီကျရင် ဘယ်လိုချော့မယ်ဆိုတာထက် တရေးနိုး ဂျီကျတဲ့ကလေးတွေဖြစ်မလာအောင် သူလသားအရွယ်ကတည်းက ပြုစုပျိုးထောင်ပေးကြရအောင်လား။

ကျွန်မငယ်ငယ်က အိပ်ယာကနိုးရင် စိတ်တွေ မှုံမှိုင်းနေဆဲမို့ စိတ်မကြည်မသာရှိနေတတ်တယ်။ ဒီအချိန်မှာ ကိုယ်ခင်တွယ်တဲ့သူ (အဲဒီအချိန်က ကျွန်မကိုထိန်းခဲ့သူ)ကို အနီးအနား မတွေ့ရရင် ပိုလို့ဝမ်းနည်းလာတတ်တယ်။ လိုက်ရှာလို့မတွေ့ဘူးဆို ငါ့ထားသွားပြီလားလို့ စိတ်ပူပင်လာတတ်တယ်။ အဲဒီခံစားချက်တွေက မျက်ရည်အဖြစ်ကူးပြောင်းပြီး အော်ငိုတော့တာပဲ။ အဲဒီအချိန်မှာ ကျွန်မရဲ့ခံစားချက်တွေကို မပြောတတ်သေး ၊ ပြောတတ်ပြန်တော့ နားထောင်တဲ့သူမရှိ ၊ ပြောခွင့်မရှိတဲ့ ကလေးဘဝမို့ စိတ်မရှည်တဲ့လူကြီးတွေ အော်ငေါက်ရိုက်နှက်တာကို အကြိမ်ကြိမ်ခံခဲ့ရဖူးတယ်။ အိပ်ရာနိုးတိုင်းလိုပေါ့။

ဒီတော့ ကလေးဖြစ်တဲ့ ကျွန်မစိတ်ထဲမှာ ဘာစွဲသွားလဲဆိုရင် အိပ်ရာနိုးတာနဲ့ ငါငိုရတော့မယ်ဆိုတာကြီး စွဲသွားပါတယ်။ အဲဒီတော့ အိပ်ယာထငိုရမှာကို ကြောက်တဲ့စိတ်နဲ့ ဖြစ်နိုင်ရင် မအိပ်ချင်ဘူး။ ဒီတော့ မအိပ်ခင်မှာလည်း တိုင်ပတ်ပြီး တော်ရုံနဲ့ မအိပ်တော့ဘူး။ အဲဒီလိုဖြစ်လာခဲ့တော့ ကလေးသိပ်ဖို့တာဝန်ကျ စိတ်မရှည်တဲ့လူကြီးတွေက ကျွန်မအိပ်ခါနီးမအိပ်ချင်လို့ရစ်နေပြီဆို ဆော်တော့တာပဲ။ အဲဒီတော့ မအိပ်ခင်တိုင်းလည်း ငိုရပြန်ရော။ ငိုလို့မောတော့ အိပ်ပျော်သွားတယ်။ ဒါကိုလူကြီးတွေက ဘာမှတ်သွားလဲဆိုတော့ ကျွန်မဟာ ငိုပြီးမှ အိပ်တတ်တဲ့အကျင့်ရှိတယ်။ ငိုရင်းမောမှ အိပ်တတ်တယ်လို့ ဆိုကြတယ်။ သူတို့မှကလေးစိတ်ကို နားမလည်နိုင်ဘဲလေ။

ဒါတွေ မှတ်မိနေခဲ့တဲ့ကျွန်မက ကျွန်မသမီးလေး မွေးကင်းစအရွယ်ကတည်းကနေ အခုအချိန်အထိ အိပ်ယာနိုးမငိုအောင် ကလေးကို ကျင့်ယူခဲ့တာပါ။ ဘယ်လိုကျင့်လဲပြောပြမယ်နော်။ မွေးကင်းစကလေးရဲ့အလိုလားဆုံးက မိခင်နို့ချိုနဲ့ မိခင်အနားမှာရှိဖို့ဖြစ်ပါတယ်။ နို့တိုက်မိခင်ဖြစ်ရင် အဲ့ လို့ ကလေးနိုးသံ သဲ့သဲ့လေးကြားတာနဲ့ ကလေးငိုတဲ့အထိ စောင့်မနေဘဲ နို့ကို ခပ်မြန်မြန် ဖမ်းတိုက်လိုက်ပါ။ ကလေးဟာ ငိုချိန်မရှိတော့ဘဲ သူအလိုလားဆုံးအရာ ရရှိလိုက်တဲ့အတွက် ငိုဖို့မေ့သွားပါတယ်။ ငိုစရာအကြောင်းမရှိတော့ဘူးလေ။ နို့ဗူးတိုက်သူတွေလည်း ကလေးအိပ်နေချိန်မှာ နို့ဗူးအဆင့်သင့် မနွေးတနွေးအနေထားနဲ့ စောင့်ပြီး ဒီလိုကျင့်နိုင်ပါတယ်။

ကလေးနည်းနည်းကြီးလာလို့ ကစားစရာတွေ သိတတ်လာတဲ့ လသားအရွယ်လေးတွေရောက်ပြီဆို သူနိုးလို့ အသံပေးတာနဲ့ သူငိုတဲ့အထိ စောင့်မနေဘဲ သူကြိုက်တဲ့ကစားစရာလေးကိုင်သွားပြီး သူ့အနားအမြန်ပြေးသွားပါ။ ထိန်းတဲ့သူအမေပဲဖြစ်ဖြစ် ကလေးကြည့်သူက ကလေးအနားသူမနေနိုင်တာ ကလေးအတွက် ကစားစရာသွားယူတာပါလို့ ကလေးနားလည်အောင်ပြောပါ။ ဒါဟာ ကလေးစိတ်ထဲမှာဖြစ်နေတဲ့ “ငါမအိပ်ခင် ငါ့အနားရှိနေတဲ့ဒီလူ ဘာလို့ငါ့ကို ထားသွားတာလဲ” ဆိုတဲ့ မေးခွန်းကို ဖြေပေးလိုက်တာပါ။ နောင်သူနိုးလို့ ကိုယ့်ကိုမတွေ့ရင် အရမ်းစိတ်ပူပင်တာမျိုး မရှိတော့ဘူးလေ။ ငါ့အတွက် ကစားစရာ သွားယူနေတာပါလားလို့ မှတ်ထင်ယုံကြည်သွားပါတယ်။ ကလေးနိုးမနိုးနားစွင့်နေဖို့တော့လိုပါတယ်။ ကလေးနိုးချိန်မှာ ကလေးကို အငိုမခံပါနဲ့။ အကျင့်ဖြစ်သွားတတ်ပါတယ်။

BurmeseHearts Blog

နို့တိုက်အရွယ်ကလေးနိုးတိုင်း ပထမဦးဆုံး နို့ချိုတိုက်ကျွေးပါ။ သူဝသွားမှ လက်ထဲက ကစားစရာလေးနဲ့ သူ့ကိုမြှူပါ။ မြှူရင်း သူရယ်မောပျော်ရွှင်အောင် ကစားပေးပါ။ ဒါဟာ အိပ်ယာနိုးစ မှုံမှိုင်း မကြည်လင်နိုင်သေးတဲ့ သူ့စိတ်တွေကို ပျော်ရွှင်မှုဆီ ဦးဆောင်ခေါ်သွားတာဖြစ်ပါတယ်။ သူတခစ်ခစ် ရယ်မောပျော်ရွှင်လို့ အားရအောင် ဆော့ပြီးရင် မိတ်ဆက်စာတွေ စားနေတဲ့ကလေးဆို သူ့ကိုချီပြီး ကလေးကို အသီးအနှံကျွေးပါ။ ကလေးဘာသာဘာဝဟာ အချိုဓါတ်ကို သဘောကျပါတယ်။ တစ်နှစ်အောက် ကလေးတွေကို သစ်သီးဝလံတွေကရတဲ့ သဘာဝအချိုကိုပဲ မိတ်ဆက်ပေးပါ။ အထူးသဖြင့် အရည်ရွှမ်းတဲ့ အသီးတွေကိုကျွေးပါ။ ချော့ကလက်လို ၊ ဂျယ်ရီလို စားတတ်လာပြီဖြစ်တဲ့ နှစ်နှစ်ဝန်းကျင် ကလေးတွေကို သူကြိုက်တတ်တဲ့ သရေစာတွေကို အခုလိုအချိန်မှာ ကျွေးပါ။

အိပ်ရာနိုးတာနဲ့ နို့လဲဝ ၊ ကစားလဲပြီး ၊ ကိုယ်ကြိုက်နှစ်သက်ရာလည်း စားပြီးပြီဆို သူ့ရဲ့စိတ်တွေ တက်ကြွလန်းဆန်းလို့နေပါပြီ။ အခုအချိန်အထိ ကလေးဟာ အိပ်ရာနိုးငိုရမယ်ဆိုတာကို မသိတော့ဘဲ အိပ်ရာနိုးရင် ဆော့ရမယ် ၊ ကိုယ်ကြိုက်တဲ့အစာတွေ စားရမယ်ဆိုတဲ့အသိဘဲ ရှိနေပါတယ်။ ဒီတော့ ဘာငိုစရာအကြောင်းရှိလို့ ငိုနေတော့မှာလဲနော်။

လမ်းလျှောက်နိုင်တဲ့အရွယ်မှာ တရေးနိုးအမေကိုမတွေ့ရင် (သူခင်တဲ့သူမတွေ့ရင်) ပူပင်စိတ်နဲ့ တောက်တက်တောက်တက် လိုက်ရှာပြီး ငိုနေနိုင်ပါတယ်။ ပိုသိတတ်လာတာကိုး။ ငိုနေတဲ့ကလေးကို တွေ့တာနဲ့ပြေးချီပြီး ကိုယ်က သူ့အတွက် ဘာတွေလုပ်ကိုင်ပေးနေတာ လာကြည့်ပါလား ဆိုတာမျိုးနဲ့ အဝတ်လျှော်တဲ့နေရာ ၊ အဝတ်လှန်းတဲ့နေရာ ၊ ထမင်းဟင်းချက်တဲ့နေရာ သူအိပ်တုန်း ကိုယ်ရှိနေတဲ့နေရာကို အရင်ခေါ်သွားပြီး ကိုယ်ဘာတွေလုပ်ကိုင်နေလို့ သူ့အနားမရှိတာပါ။ တမင်ထားသွားတာမဟုတ်ပါဘူးလို့ သူနားလည်အောင်ပြောပြပြီး ဖြစ်နိုင်ရင်ကိုယ့်နဘေးနား သူ့ထားပြီး သူ့ကို စားစရာလက်ထဲထည့်ပေးလို့ ဆက်လုပ်စရာရှိတာလုပ်နိုင်ပါတယ်။

ကျွန်မဆို အိပ်နေတဲ့ ကလေးရဲ့အခန်းရှေ့နားမှာ သူအိပ်ရာနိုးစားဖို့ သရေစာကို အသင့်ထားထားတယ်။ သူနိုးသံကြားတာနဲ့ အဲဒါယူသွားပြီးမှ အခန်းထဲဝင်တယ်။ အဲဒါလေးပြပြီး သူ့ကိုပျော်အောင်လုပ်တယ်။ အိပ်ရာနိုးလာတဲ့ကလေးကို ငိုတဲ့အထိ ထားတာမျိုး ၊ ငိုမှကောက်ချီတာမျိုး ၊ စိတ်မရှည်လို့ဆူရိုက်တာမျိုးတွေမလုပ်ရင် ကလေးဟာ အိပ်ရာနိုးငိုကျင့်မရှိပါဘူး။

တကယ်လို့မှား ကလေးဟာ နှစ်နှစ်ကျော်သွားပြီဆိုရင် သူနိုးထလာပေမယ့် အိပ်ချင်မူးတူးမျက်ဝန်းတွေနဲ့ဆို ကလေးကို ပြန်သိပ်နိုင်ပါတယ်။ ကလေးဟာ အိပ်ရေးမဝရင် ဆက်ဂျီကျပြီး ဘာမှ အလိုကျမှာမဟုတ်ပါဘူး။ ဒါကြောင့် လုပ်နေတာတွေထားခဲ့ပြီး အိပ်ချင်မူးတူးဖြစ်နေသေးတဲ့ကလေးကို ပြန်သိပ်ခိုင်းတာပါ။ သူပြန်အိပ်သွားမှ ကိုယ်လုပ်စရာရှိတာတွေ ဆက်လုပ်ပါ။ သူပြန်မအိပ်တော့ဘူးဆိုရင်လည်း သူ့ကိုအချိန်ပေး အနားနေပေးတဲ့မိခင်ကြောင့် ဂျီကျတာတွေ မလုပ်တော့ဘူးလေ။

ဒီလိုနဲ့ အသားကျ ကြီးပြင်းလာတဲ့ကလေးဟာ အိပ်ရာနိုး ဂျီကျငိုယိုတာတွေမရှိတော့ပါဘူး။ အိပ်ယာနိုးလို့ သူချစ်တဲ့သူကို အနားမတွေ့ရင် ဒီလူရှိတတ်တဲ့နေရာတွေကို ပူပင်တကြီး တကြော်ကြော်ခေါ်လို့ လိုက်ရှာနေမှာဖြစ်ပါတယ်။ ဒီလူ့တွေ့ရင် သူ့သောကတွေငြိမ်းပြီလေ။ သူ့ကိုကောက်ချီချော့မော့လိုက်တာနဲ့ မိနစ်ဝက်အတွင်း မျက်ရည်တိတ် ၊ မြှူကစားလိုက်တာနဲ့ ချက်ချင်းရယ်မော ၊ စားစရာရှိတာစား ၊ ဆော့စရာရှိတာဆော့နဲ့ သူ့တနေ့တာကို သူ့ဘာသာ ရှေ့ဆက်လုပ်ဆောင်သွားမှာဖြစ်ပါတယ်။

အိပ်ယာနိုးမကြည်တဲ့ကလေးဟာ တနေကုန်လို မကြည်ဖြစ်တတ်ပါတယ်။ အလိုမကျဖြစ်တတ်ပါတယ်။ ဒါကြောင့် အိပ်ယာနိုး စိတ်တွေမှုံမှိုင်း မကြည်မလင်ဖြစ်နေတဲ့ကလေးကို နားလည်ပါ။ ဆူပူတာမျိုး ၊ ငေါက်ငမ်းတာမျိုး ၊ ရိုက်နှက်တာမျိုး မလုပ်ပါနဲ့။ ဆယ့်ငါးမိနစ် နာရီဝက်လောက် အိပ်ရာနိုးလာတဲ့သူနဲ့အတူ ဆော့ကစားပါ။ ပုံပြင်လေးတွေ ဖတ်ပြပါ။ ကာတွန်းကားတွေ အတူကြည့်ပါ။ သူပြန်ပြီး ကြည်ကြည်လင်လင်ဖြစ်လို့ ပျော်ရွှင်လာရင် သူ့ဘာသာသူကစားဖို့ လွှတ်ထားနိုင်ပါပြီ။ ဒီအခါကျမှ ကိုယ်လုပ်စရာရှိတာတွေ ဆက်လုပ်ပါ။ ဒီလိုဆိုရင် ကလေးဟာတရေးနိုး ဘယ်ဂျီကျတော့မလဲ။ မအိပ်ခင်လည်းပျော် ၊ အိပ်လည်းအိမ်မက်ထဲမှာပျော် ၊ နိုးထလာတော့လည်း ပျော်နေမှာပါ။

ရတု (Burmesehearts.com)


BurmeseHearts Courses
BurmeseApp

 

BurmeseApp on Google Play

]]>
http://www.burmesehearts.com/%e1%80%90%e1%80%b1%e1%80%9b%e1%82%8f%e1%80%ad%e1%80%af%e1%80%b8-%e1%80%80%e1%80%b1%e1%80%9c%e1%80%b8%e1%80%b1%e1%80%90%e1%80%bc%e1%80%82%e1%80%ba%e1%80%ae%e1%80%99%e1%80%80%e1%80%ba%e1%80%b1%e1%80%a1/feed/ 0
ပန်းပျိုးလက်ရဲ့ မှတ်တမ်း http://www.burmesehearts.com/%e1%80%95%e1%80%94%e1%80%b9%e1%80%b8%e1%80%95%e1%80%ba%e1%80%ad%e1%80%b3%e1%80%b8%e1%80%9c%e1%80%80%e1%80%b9%e1%80%9b%e1%80%b2%e1%82%95-%e1%80%99%e1%80%bd%e1%80%90%e1%80%b9%e1%80%90%e1%80%99/ http://www.burmesehearts.com/%e1%80%95%e1%80%94%e1%80%b9%e1%80%b8%e1%80%95%e1%80%ba%e1%80%ad%e1%80%b3%e1%80%b8%e1%80%9c%e1%80%80%e1%80%b9%e1%80%9b%e1%80%b2%e1%82%95-%e1%80%99%e1%80%bd%e1%80%90%e1%80%b9%e1%80%90%e1%80%99/#respond Thu, 03 Dec 2015 12:00:21 +0000 http://www.burmesehearts.com/?p=21719

ကုန်လွန်နေတဲ့အချိန်တွေကို တားဆီးလို့မရဘူး။ ဒါပေမယ့် ကိုယ့်အချိန်တွေကို စနစ်တကျ အသုံပြုချွေတာတတ်ရင် ချွေတာလို့တော့ရပါတယ်။ ဒီလို ဥာဏ်ရှိရှိ ချွေတာလို့ရတဲ့အချိန်တွေကို ကိုယ့်အတွက်သာမက ကိုယ့်မိသားစုဖြစ်တဲ့ မိဘ ၊ အိမ်ထောင်ဖက်နဲ့ သားသမီးတွေအတွက် အချိန်ပေးမယ် ၊ သူတို့အတွက် အမှတ်တရလေးတွေ ဖန်တီးပေးမယ် ၊ အဲဒါလေးတွေကို မှတ်တမ်းတင်ထားမယ်ဆိုရင် တချိန်မှာ ဒီမှတ်တမ်းတွေက ငွေပေးဝယ်လို့မရတဲ့ တန်ဖိုးအကြီးဆုံးအရာတွေ ဖြစ်နေမှာပါ။ ဘာဖြစ်လို့လဲဆိုရင် အဲဒီအချိန်ကို ပြန်ရယူလို့မှ မရတော့ဘဲလေ။ ဒီမှတ်တမ်းတွေက ကိုယ်သူတို့အတွက် ဘာတွေ ၊ ဘယ်လို လုပ်ပေးခဲ့တယ်ဆိုတာ သက်သေထူနေပြီး အပြောထက် လက်တွေ့ ပိုကျနေတယ်မဟုတ်လား။

ကလေးငယ်ငယ်တုန်းက ကိုယ်ဘာလုပ်ပေးခဲ့တယ် ၊ ဘယ်လိုအနွံအတာခံခဲ့တယ် ၊ ဘယ်လိုချစ်မြတ်နိုးစွာ ပြုစုပေးခဲ့တယ်ဆိုတာကို သူအရွယ်ရောက်လာတဲ့အခါမှာ သူမှတ်မိတာတွေလောက်ပဲ သတိရတော့မှာပါ။ ကိုယ်ပြန်ပြောလည်း အပိုတွေပါလို့ သူ့စိတ်ထဲ ထင်ရင် ထင်နိုင်သေးတယ်လေ။ မမြင်တော့ ဘယ်ယုံနိုင်မလဲ။ ဒါတွေကို ချေဖျက်ဖို့ ဒီဘက်အိုင်တီခေတ်ထဲမှာ အစစ အဆင်ပြေနေပြီလေ။

ဖုန်းကင်မရာနဲ့ပဲဖြစ်ဖြစ် ၊ နိုင်ရာတွေနဲ့ ကိုယ်မှတ်တမ်းတင်ထားရင် တင်သလောက် ဓါတ်ပုံမှတ်တမ်း ၊ ဗွီဒီယိုမှတ်တမ်းတွေ တင်ထားလို့ရပြီ။ ဒါတွေကို တနေရာတည်းမှာ နှစ်အလိုက် သူ့ကြီးပြင်းလာမှု အဆင့်ဆင့်ကို စနစ်တကျ သီးသန့် သိမ်းဆည်းထားနိုင်မယ်ဆိုရင် ကလေးဟာ သူအဆင့်ဆင့် ကြီးပြင်းလာမှု အရွယ်အဆင့်ဆင့်က  ရယ်စရာလေးတွေ ၊ ပေါက်ကရတွေ ၊ လိမ်မာတာလေးတွေ စတာ စတာတွေကို သူဆန္ဒရှိတဲ့အချိန်မှာ အချိန်မရွေး ပြန်ကြည့်ပြီး မိဘမေတ္တာ ပြန်ပြောင်းသတိရနိုင်ပြီပေါ့။ ဒါက Digital Record လေ။

Physical Record အနေနဲ့ကတော့ သူနဲ့ပတ်သက်တာလေးတွေ ဟိုတစ ၊ သည်တစ အမှတ်တရ စုသိမ်းထားတာ ၊ သူနဲ့ပတ်သက်တာလေးတွေ ရေးခြစ် မှတ်တမ်းတင်ထားတဲ့ ဒိုင်ယာယီ ၊ သူပထမဆုံး ဖန်တီးထားတဲ့ ပန်းချီ ၊ ကဗျာ ၊ စာစီစာကုံး စသဖြင့်ဆိုတာတွေကို သိမ်းပေးထားခဲ့မယ်ဆိုရင် နှစ်ကာလအရှည်ကြီးတခုအထိကတော့ အထုပ်တထုပ်နဲ့ အိမ်ရှုပ်တယ်လို့ ထင်ချင်စရာပါပဲ။ ဒါပေမယ့် အဲဒီအထုပ်ကို ကိုယ်သာ မသိမ်းဆည်းထားခဲ့ရင် သူအရွယ်ရောက်လာတဲ့အချိန် ၊ ရာထူးကြီးကြီးဖြစ်လာတဲ့အချိန် ၊ ငွေကြေးများစွာရှိလာတဲ့အချိန် ၊ ဒါတွေ ပြန်လိုချင်လှချည်ရဲ့လို့ ငွေဘယ်လောက်ပေးပေး ပြန်ဝယ်လို့မရနိုင်ပါဘူး။

ကျွန်မဆိုရင် နေရာစုံမှာ ကလေးအတွက် ဘာလုပ်ပေးပေး တနည်းမဟုတ်တနည်း မှတ်တမ်းတင်ထားတယ်။ ကလေးနို့ချိုတိုက်ကျွေးတဲ့ပုံအမျိုးမျိုးကအစ မှတ်တမ်းတင်ထားတယ်။ သူဆန္ဒရှိတဲ့အချိန်တိုင်း အမေဟာ မညည်းမငြူ သူ့ဆန္ဒကို ဘယ်လောက် လိုက်လျောပေးထားခဲ့တယ်ဆိုတာ တချိန်မှာ သိနားလည်စေချင်လို့ပါ။ ကလေးရဲ့ အပေါ့ ၊ အလေး သန့်စင်ပုံတွေကိုလည်း မှတ်တမ်းတင်ထားပါတယ်။ ကျွန်မတင်မက ကျွန်မအမျိုးသား (သမီးအဖေ) လုပ်ကိုင်ပေးတာကိုလည်း မှတ်တမ်းတင်ထားတယ်လေ။ တချိန်မှာ ဒီအဖေနဲ့အမေက သူနဲ့ပတ်သက်တာတွေဆို အညစ်အကြေးတွေကအစ မရွံမရှာ လုပ်ကိုင်ပေးခဲ့တယ် ဆိုတာကို မှတ်တမ်းအနေနဲ့ ပြန်ပြနိုင်အောင်ဖြစ်ပါတယ်။ မိဘဟာ ကိုယ့်ကိုချစ်တယ်ဆိုတာ ခံစားသိတာထက် ဘယ်လောက်ချစ်ခဲ့တယ် ၊ ဘယ်လောက်အနွံအတာခံခဲ့တယ်ဆိုတာကို ဒီမှတ်တမ်းတွေက သက်သေပြနေတယ်လေ။

ကိုယ်ဝန်ဆောင်ကတည်းကနေ တနေ့တပုံမဟုတ်တောင် တရက်ခြားတပုံလောက် သမီးသက်တမ်းတလျောက် မှတ်တမ်းတင်ထားတယ်။ အမေဟာ သူ့ကို ဘယ်လိုဒုက္ခတွေ ကျော်ဖြတ်လို့ ဘယ်လိုချစ်ခြင်းမေတ္တာနဲ့ ကြီးပြင်းစေခဲ့တယ်ဆိုတာ တချိန်မှာ သက်သေပြနိုင်အောင်ဖြစ်ပါတယ်။ ဒီအတိုင်းပဲ အဖေသူ့ဝေယျာဝစ္စ လုပ်နေတာတွေကိုလည်း မှတ်တမ်းတင်ထားတယ်။ ဒီပုံတွေဟာ မိသားစုပုံတွေဖြစ်လို့ ပုံတိုင်းကို လူမှုကွန်ယက်က မိတ်ဆွေသူငယ်ချင်းတွေကို ဝေမျှခြင်း မလုပ်ပါဘူး။

ကလေးဟာ ငယ်သေးလို့ ကိုယ်တင်သမျှပုံတွေ ၊ တင်သမျှဗွီဒီယိုတွေကို တားရကောင်းမှန်းမသိပေမယ့် သူသိတတ်လာလေလေ သူ့ Privacy ဆိုတာကို နားလည်လာလေလေပါပဲ။ ဒီအခါ ရှက်တတ်လာတယ်။ မိဘတွေ တင်ထားခဲ့တဲ့ပုံတွေက တချိန် သူနေရာကောင်းတခုရလာချိန်မှာ ရှက်စရာဖြစ်လာတာပေါ့။ ဒါကြောင့် ကျွန်မကော ၊ ကျွန်မခင်ပွန်းပါ ကိုယ့်မိတ်ဆွေ လူမှုကွန်ယက်ပေါ်က မိတ်ဆွေသူငယ်ချင်း ၊ အပေါင်းအသင်းဆိုတာတွေကို အရမ်းစိစစ်ပါတယ်။

ကိုယ့်သူငယ်ချင်း ၊ ဆွေမျိုးအရင်းအချာမဟုတ်ရင် သူငယ်ချင်းအဖြစ် လက်မခံသလို ဒီအရင်းအချာတွေထဲကမှ တချို့ဆို ပုံတွေ မမြင်စေတဲ့အထိ Privacy ကန့်သတ်ထားပါတယ်။ အထူးသဖြင့် သိပ်မယုံကြည်ရဘူးထင်တဲ့သူ (သူငယ်ချင်းအဖြစ်လည်း ဆက်စပ်နေသေးတဲ့သူ)ဆိုရင် မမြင်အောင် ကန့်သတ်လိုက်တာမျိုးပါ။ ကလေး သူ့ဘာသာသူ သိတတ်လာတဲ့အချိန် သူဝေမျှချင်တဲ့အကြောင်းအရာ ၊ မဝေမျှချင်တဲ့အကြောင်းအရာကို သူ့ဘာသာဆုံးဖြတ်ပါစေလေ။ ကိုယ့်သားသမီးကို ဝိုင်းချစ်ကြတာ မိဘဖြစ်တဲ့ကိုယ်က ဂုဏ်ယူပေမယ့် ကလေးက ဒါမျိုး မလိုလားတဲ့သူဆို ဘယ်လိုလုပ်မလဲနော်။ သူ့ပုံတွေကို ကာယကံရှင်ဖြစ်တဲ့ သူကပိုပိုင်ဆိုင်တယ် မဟုတ်လား။

BurmeseHearts Blog

နောက်တခုက ဒိုင်ယာယီမရေးတတ်သေးတဲ့သမီးအတွက် သူ့ဘဝရဲ့ ထင်ထင်ရှားရှား အဖြစ်အပျက်လေးတွေကို ကိုယ်စား မှတ်တမ်းတင်ပေးထားပါတယ်။ ဥပမာ သွားစပေါက်တဲ့ရက်က ဘယ်ရက် ၊ ဘယ်ရက်က စလေးဘက်တွားပြီး ဘယ်ရက်မှာ စထိုင်တတ်တယ်ကအစ အသေးစိတ်အမှတ်တရလေးတွေကို နေ့စွဲနဲ့တကွ ရေးမှတ်ပေးထားတယ်။

သူနားလည်သိတတ်တဲ့တချိန်မှာပဲဖြစ်ဖြစ် ၊ သူကိုယ့်မေတ္တာကို နားမလည် အထင်အမြင်လွဲနေတဲ့ တချိန်မှာပဲဖြစ်ဖြစ် ဒါတွေက ကိုယ်သူ့အပေါ် ဘယ်လောက်ထိ အသေးစိတ် ဂရုစိုက်ပေးခဲ့တာကို သူခံစားသိမြင်နိုင်တယ်လေ။ ဒါဟာ စကားလုံးတွေထက် ပိုထင်ရှားသိသာလှပြီး ကိုယ့်မေတ္တာတရားကို ရှင်းရှင်း ဖော်ပြနေတဲ့အရာတွေပေါ့။ ဒီအရာတွေကို မှတ်တမ်းမတင်မိခဲ့ရင် ကိုယ်ချစ်ပါတယ်ဆိုတဲ့စကားဟာ သူ့အတွက် ကြားနေကျစကားမို့ ပေါ့သွမ်းကောင်း ပေါ့သွမ်းနေနိုင်တယ်လေ။

ဒီလိုမျိုး မှတ်တမ်းလေးတွေ လုပ်ထားနိုင်ဖို့ဆိုတာ ကလေးနဲ့အတူရှိနေတဲ့အချိန်များပါမှ ဒါလေးတွေ သတိထားမိမှာပေါ့။ ကလေးနဲ့အတူမရှိတဲ့အချိန်တွေ များနေတယ်ဆိုရင် ကလေးဟာ ဘယ်တုန်းက စကားစပြောလို့ သူ့ဘဝရဲ့ ပထမဆုံးစကားလုံးဟာ ဘာလဲလို့တောင် သိလိုက်မှာမဟုတ်ပါဘူး။ ကျွန်မဒီလိုပြောတဲ့အခါ တနေ့လုပ်မှ တနေ့စားစရတယ်ဆိုတဲ့လူတွေ ၊ ဝမ်းစာအတွက်ရှာရလို့ ကလေးအနား မနေနိုင်ပါဘူးဆိုတဲ့လူတွေက ကန့်ကွက်လေ့ရှိတယ်။ မအားဘူးတဲ့။

ကလေးကို တနေ့တာလေးမှာ နာရီပိုင်းလေးတောင် အတူနေဖို့ အချိန်မပေးနိုင်ရလောက်အောင် မအားရင် ဘာကြောင့် ကလေးမွေးထားသေးလဲ (ဘာကြောင့် ကလေးမတားခဲ့သလဲ)လို့ ပြန်မေးချင်လိုက်တာ။ ကိုယ်လည်းအလုပ်ရှုပ်ဝန်ပို ၊ ကလေးလည်းမပျော်မရွှင် လစ်ဟာချက်တွေ တပုံတပင်နဲ့ ဒီဇတ်လမ်းကို ဘယ်သူဖန်တီးခဲ့တာလဲ။ ဒီမိဘတွေပဲမဟုတ်လား။ အထူးသဖြင့် သန္ဓေမတားခဲ့တဲ့မိခင်ပေါ့နော်။

ကလေးရဲ့တန်ဖိုးဟာ ကြီးမားပါတယ်။ အသက်တစ်ချောင်း ၊ ဘဝတစ်ခုရဲ့တန်ဖိုးဟာ ဘယ်လောက်ကြီးမားလိုက်သလဲဆို တချို့ ကလေးလိုချင်လို့တောင် ကလေးမရနိုင်တဲ့သူတွေ ရှိနေတဲ့အထိ ဘဝတစ်ခုရဲ့တန်ဖိုးဟာ ကြီးမားလှပါတယ်။ ဘဝတစ်ခုတန်ဖိုး ကြီးမားတဲ့အလျောက် ရရှိတဲ့ဘဝကို ပျော်ပျော်ရွှင်ရွှင် ၊ အကောင်းမြင်စိတ် နဲ့ မေတ္တာတရားကိုခံစားရင်း ကြီးပြင်းလာဖို့က ပိုအရေးမကြီးပေဘူးလား။

ဥပမာ ပန်းတော့ပွင့်ပါရဲ့ အဆိပ်ပန်းချည်းဆိုရင် ကမ္ဘာမြေကြီးအတွက် အဆိပ်အတောက်ဖြစ်နေမှာပါ။ လူဖြစ်အောင်တော့ မွေးပေးလိုက်ပါရဲ့။ မွေးပြီးကြီးလာတဲ့ကလေးဟာ မိဘအပေါ် မကျေနပ်ချက်တွေ ၊ ဘဝအပေါ်မကျေနပ်ချက်တွေ ၊ ခါးသည်းမှုတွေ တပုံတပင်ပွေ့ပိုက်လို့ အဆိုးမြင်စိတ်နဲ့ (စိတ်ဒဏ်ရာကြီးနဲ့) ကြီးပြင်းလာတယ်ဆိုရင် ဒီလူဟာ လူသားတွေအတွက်တော့ အဆိပ်အတောက်ပါပဲ။ ဒီတော့ ကိုယ်ပျိုးတဲ့ပန်းဟာ အဆိပ်ပန်း မဖြစ်ပါစေနဲ့လေ။

ကိုယ်ပျိုးလိုက်တဲ့ပင်ဟာ မျိုးကောင်းပါစေ။ မျိုးရိုးကောင်းအောင် သားသမီးတွေအတွက် စံပြနေပြမယ်လေ။ ကိုယ်ပျိုးလိုက်တဲ့အပင်ဟာ အပင်သန်ပါစေ။ ကလေးပျော်ရွှင်စွာ ရှင်သန်အောင် ဂရုတစိုက်နဲ့ ပြုစုပျိုးထောင်ရမယ်လေ။ ကိုယ်ပျိုးလိုက်တဲအပင်ဟာ အသီးမှန်ပါစေ။ ကိုယ်က ရှေ့ဆောင်လမ်းပြ သားသမီးကို ဒီလိုဂရုစိုက်ရတယ်လို့ ဂရုစိုက်ပြမှ သူဟာ သူ့သားသမီးတွေကို ဒီလို ဂရုစိုက်ရကောင်းမှန်း ၊ မေတ္တာပေးရကောင်းမှန်း သိမှာပါ။

ကိုယ်ပျိုးလိုက်တဲ့အပင်ဟာ တထောင့်တနေရာက ကမ္ဘာမြေအတွက် အရိပ်ပေးလို့ပဲဖြစ်ဖြစ် ၊ မွှေးထုံဖို့ပဲဖြစ်ဖြစ် ၊ အလှဆင်လို့ပဲဖြစ်ဖြစ် ၊ ဆေးဘက်ဝင်စေဖို့ပဲဖြစ်ဖြစ် အကျိုးပြုပါစေ။ ကိုယ်မွေးခဲ့တဲ့သားသမီးဟာ အများအကျိုးအတွက် အကျိုးပြုနိုင်ရင် အကောင်းဆုံးပေါ့။ အများအကျိုးအတွက်မဟုတ်တောင် မိဘကျေးဇူးဖြစ်တဲ့ ကြွေးဟာင်းလည်းကျေအောင် ဆပ်တဲ့သူ ၊ ကိုယ့်မိသားစုအပေါ်လည်း တာဝန်ကျေတဲ့သူ ၊ သားသမီးအပေါ်လည်း မေတ္တာနဲ့ပျိုးထောင်ပြီး တာဝန်ကျေတဲ့သူ ဖြစ်ပါစေလေ။

ရတု (Burmesehearts.com)


BurmeseHearts Courses
BurmeseApp

 

BurmeseApp on Google Play

]]>
http://www.burmesehearts.com/%e1%80%95%e1%80%94%e1%80%b9%e1%80%b8%e1%80%95%e1%80%ba%e1%80%ad%e1%80%b3%e1%80%b8%e1%80%9c%e1%80%80%e1%80%b9%e1%80%9b%e1%80%b2%e1%82%95-%e1%80%99%e1%80%bd%e1%80%90%e1%80%b9%e1%80%90%e1%80%99/feed/ 0
ကလေးသူငယ်များအား ဆုံးမခြင်း http://www.burmesehearts.com/%e1%80%80%e1%80%b1%e1%80%9c%e1%80%b8%e1%80%9e%e1%80%b0%e1%80%84%e1%80%9a%e1%80%b9%e1%80%99%e1%80%ba%e1%80%ac%e1%80%b8%e1%80%a1%e1%80%ac%e1%80%b8-%e1%80%86%e1%80%b6%e1%80%af%e1%80%b8%e1%80%99%e1%80%bb/ http://www.burmesehearts.com/%e1%80%80%e1%80%b1%e1%80%9c%e1%80%b8%e1%80%9e%e1%80%b0%e1%80%84%e1%80%9a%e1%80%b9%e1%80%99%e1%80%ba%e1%80%ac%e1%80%b8%e1%80%a1%e1%80%ac%e1%80%b8-%e1%80%86%e1%80%b6%e1%80%af%e1%80%b8%e1%80%99%e1%80%bb/#respond Mon, 30 Nov 2015 08:32:09 +0000 http://www.burmesehearts.com/?p=21274
မှန်ကွဲကို မှန်သစ်နဲ့ အစားထိုးနိုင်ပေမယ့် စိတ်ဒဏ်ရာဒဏ်ချက်တွေကို ဘာနဲ့ အစားထိုးရပါ့။
မှန်ကွဲကို မှန်သစ်နဲ့ အစားထိုးနိုင်ပေမယ့် စိတ်ဒဏ်ရာဒဏ်ချက်တွေကို ဘာနဲ့ အစားထိုးရပါ့။

မိဘတွေရဲ့စိတ်ထဲမှာ ကလေးကို ရိုက်ပြီးဆုံးမမှ ကလေးဟာ သင်ယူမယ်လို့ တွေးထင်နေရင် အမှားကြီးမှားနေပါပြီ။ ကလေးကိုရိုက်တာဟာ ကလေးအသားကို နာကျင်စေရုံတင်မဟုတ်ဘူး။ စိတ်ကိုလည်း နာကျင်စေပါတယ်။ ကလေးကို ရိုက်ဆုံးမလိုက်မှ ကလေးဟာ ကိုယ်ပြုစေချင်တာကို တကယ်ပြုမှာလား။ တစ်ကြိမ်ကနေ နှစ်ကြိမ် ၊ နှစ်ကြိမ်ကနေ အကြိမ်ကြိမ် အချက်ရေထပ်တိုးရိုက်မယ် ၊ ခပ်ကြမ်းကြမ်း ဆုံးမရင်းကနေ ခြေလွန်လက်လွန်တွေဖြစ်ပြီး ကလေးဟာ အရိုးအဆစ်ပြုတ် ၊ ကျိုးပဲ့တာတွေနဲ့ ဆေးရုံဆေးခန်းပြေးကြရတာတွေကိုလည်း ကျွန်မမြင်တွေ့ဖူးပါတယ်။

သူ့သားသမီးသူ ဘယ်လိုဆုံးမ ဆုံးမ ကိုယ်နဲ့မဆိုင်ဘူးလို့ မျက်နှာလွှဲလိုက်လို့ရပေမယ့် ကျွန်မစိတ်ထဲမှာတော့ အဲဒီအခြင်းအရာကြီးက စွဲထင်ကျန်ရစ်စေပါတယ်။ ကျွန်မကလေ စိတ်ဒဏ်ရာရစွာ ကြီးပြင်းခဲ့ရတဲ့သူအရေအတွက် နည်းစေချင်တယ်။ ဒီလိုနည်းဖို့ဆို ကလေးသူငယ်တွေ စိတ်ဒဏ်ရာနဲ့ မကြီးပြင်းလာဖို့ အာရုံထားရမှာပါပဲ။ ကလေးသူငယ်တွေ စိတ်ဒဏ်ရာနဲ့ မကြီးပြင်းလာဖို့ဆိုရင် ကလေးသူငယ်တွေကို ကြည့်ရှုစောင့်ရှောက်လို့ ပဲ့ပြင်အုပ်ထိန်းနေတဲ့ လူကြီးသူမတွေ ၊ ဆရာ ၊ ဆရာမတွေ ၊ ပတ်ဝန်းကျင် အသိုင်းအဝန်းမှာ ရှိတဲ့သူတွေရဲ့ ကလေးကို သွန်သင်ပြသမှုနည်းလမ်းတွေဟာ နူးညံ့စွာ ၊ စိတ်ရှည်စွာ ၊ မှန်ကန်တဲ့နည်းလမ်းနဲ့ ဆုံးမပဲ့ပြင်တတ်ဖို့ ဦးစားပေးရမှာပါပဲ။

စိတ်ဒဏ်ရာရတဲ့သူတွေနည်းလေ လူမှုဝန်းကျင်ဟာ ပိုပြီး နူးညံ့ညင်သာလို့ ပြုမူဆက်ဆံရေး ၊ ခံယူချက်တွေဟာ အကောင်းဘက်က တွေးခေါ်လုပ်ကိုင်မှာဖြစ်ပါတယ်။ စိတ်ဒဏ်ရရတဲ့သူတွေများနေရင်တော့ ဤကိုကျွဲဖြစ်သလို အမှားဟာအမှန်ဖြစ်ပြီး ကြမ်းတမ်းခက်ထန်မှုတွေ ၊ မနာလိုမရှုစိမ့်မှုတွေ ၊ သူများတိုးတက်ပျော်ရွှင်တာကို မလိုလားမှုတွေနဲ့ ပြုမူလုပ်ကိုင်သမျှဟာ အဆိုးဘက်ကပဲ တွေးခေါ်လုပ်ကိုင်သူတွေ များနေမှာပါ။ ဒါကြောင့် ကလေးသူငယ်တွေကို နူးညံ့စွာဆက်ဆံခြင်း ၊ နားလည်မှုပေးပြီး သွန်သင်ခြင်း ၊ သည်းခံမှုနဲ့သွန်သင်ပေးခြင်း ၊ ကိုယ်ချင်းစာမှုနဲ့ ဆုံးမခြင်းတွေဟာ အနာဂါတ်လူမှုဝန်းကျင်ကောင်းမွန်ဖို့ မဖြစ်မနေလိုအပ်နေပါတယ်။

ဖိတ်စင်အောင်လုပ်လိုက်တဲ့ကလေး ၊ ပျက်စီးမှုတွေ ဖြစ်စေတဲ့ကလေး ၊ ပစ္စည်းတွေကွဲစေခြင်း ၊ ဖြဲဆုတ်ခြင်း ၊ ပွရှုပ်ခြင်း စတဲ့ အထွေထွေသော စိတ်မရှည်စဖွယ် ၊ စိတ်ပျက်ဖွယ် ၊ သည်းမခံနိုင်ဖွယ် အလုပ်တွေကို လုပ်မိတဲ့ကလေးဟာ အပြစ်လုပ်မိသူ ၊ အမှားလုပ်မိသူပေါ့။ အပြစ်လုပ်မိသူ ၊ အမှားလုပ်မိတဲ့ကလေးကို အော်ဟစ်ဆူပူငေါက်ငမ်းတာ ၊ လုပ်ရကောင်းရဲ့လို့ ရိုက်နှက်တာ ၊ လုပ်ဦးမလားဆိုပြီး ပြစ်ဒဏ်ပေးတာတွေ မလုပ်ခင် ကလေးဟာ ဒါကို ဖြစ်စေချင်တဲ့ဆန္ဒနဲ့ (တနည်းအားဖြင့် ဖြစ်ပါစေတော့လို့) တမင်ရည်ရွယ်လုပ်ခဲ့တာလား အရင်စဉ်းစားပါ။

ကလေးဆိုတာ နုငယ်လေ မသိတတ်သေးလေပါပဲ။ အဲဒီလိုမသိတတ်သေးတဲ့ သုံးနှစ်အောက်လို အရွယ်တွေမှာ သိတတ်အောင် စမ်းသပ် သင်ယူနေတဲ့အရွယ်မို့ ဒါဟာလုပ်သင့်တယ် ၊ ဒါဟာ မလုပ်သင့်ဘူးဆိုတာ ခွဲခြားမသိဘဲ လုပ်မိတာတွေပါ။ သူ့စိတ်ထဲမှာ ဒါကို ဒီလိုလုပ်လိုက်ရင် ဘာဖြစ်သွားမလဲဆိုတဲ့ စူးစမ်းချင်စိတ်ရယ် ၊ ဒါကို ဒီလိုလုပ်လိုက်ရင် ဘာဖြစ်သွားမလဲလို့ စမ်းသပ်ချင်စိတ်ရယ်ဆိုတာတွေကို အခြေခံ လုပ်ကြည့်ရင်းနဲ့မှ သင်ယူလေ့လာနေတာဖြစ်ပါတယ်။ ဒါတွေကို သူတို့က အကြိမ်ကြိမ် ၊ အဖန်ဖန် လုပ်ကြည့်ရင်းနဲ့ သင်ယူနေတာပါ။ တခါလုပ်ပြီးလို့ မှတ်သွားပြီ ၊ တတ်သွားပြီမထင်နဲ့လေ။

ဒီလိုစူးစမ်းလေ့လာနေတဲ့အရွယ်မို့ သူတို့လုပ်လိုက်လို့ ပစ္စည်းတွေဟာ ဖိတ်စင် ၊ ကွဲကြေ ၊ ပျက်စီးသွားခဲ့မယ်ဆိုရင် ကလေးဟာ ဒီလိုလုပ်ရင်း သင်ယူနေပါလားလို့ အရင်ဆုံး တွေးပေးကြည့်ပါလား။ ဒီလိုအတွေး အရင်ဝင်လာခဲ့မယ်ဆိုရင် ဖိတ်စင်ပျက်စီးသွားတဲ့ပစ္စည်းအတွက် ကလေးကို ဆူပူငေါက်ငမ်း ရိုက်နှက်ပြစ်ဒဏ်ပေးဖို့ မတွေးဖြစ်တော့ဘူးလေ။ ကလေးဟာ ဒီလိုလုပ်ရင်း သင်ယူနေတယ်ဆိုတဲ့ အတွေးရဲ့နောက်မှာ ဘယ်လိုမှန်မှန်ကန်ကန် လုပ်သင့်တယ်လို့ ကလေးကို နားလည်အောင် စိတ်ရှည်ရှည် ပြောဆိုသင်ပြပေးရမှာပါ။

တမင်ပျက်စီးပါစေဆိုတဲ့ ရည်ရွယ်ချက်နဲ့ မလုပ်ခဲ့ဘဲ မတော်တဆဖြစ်လို့ ပျက်စီးဖိတ်စင်သွားခဲ့တဲ့အဖြစ်ကို နားလည်ပေးလိုက်ပါ။ မှားတတ်တဲ့ လူ့သဘာဝကို နားလည်ပေးလိုက်ပါ။ စူးစမ်းသင်ယူနေတတ်တဲ့ ကလေးသဘာဝကို နားလည်ပေးလိုက်ပါ။ ဖြစ်သွားခဲ့တာတော့ ဖြစ်သွားခဲ့ပြီ ၊ ပျက်သွားခဲ့တာတော့ ပျက်သွားခဲ့ပြီး နောက်မဖြစ်အောင် ဘယ်လိုလုပ်ရမယ်လို့ ဦးစားပေးသင်ပေးရမှာဖြစ်ပါတယ်။

တမင်ပျက်စီးပါစေဆိုတဲ့ ရည်ရွယ်ချက်နဲ့ မလုပ်ခဲ့တဲ့ကလေးကို နာမှမှတ်မှာဆိုတဲ့စိတ်နဲ့ တမင်နာအောင် ၊ မှတ်အောင် တရကြမ်းရိုက်နှက်ဆုံးမတတ်တဲ့ လူကြီးမိဘ ၊ ဆရာသမားတွေဟာ ကလေးကို လုံးဝမှားယွင်းစွာ ဆုံးမနေတာပါ။ ကလေးဟာ စိတ်ထဲမှာ မှတ်ကောင်းမှတ်သွားမယ်။ ဒါပေမယ့် ကောင်းသောမှတ်ခြင်းမျိုးမဟုတ်ဘဲ ဒီလူဟာ ငါ့ကို ဒီလို ရက်ရက်စက်စက် လုပ်တတ်ပါလား ၊ ဒီလူဟာ ငါအမှားလုပ်တိုင်း စိတ်ဆိုးဒေါသထွက်ပြီး ရိုက်နှက်တတ်တာ အတော်ကြောက်စရာကောင်းပါလားလို့ အကြောက်တရား စိုးမိုးတဲ့စိတ်နဲ့ သူ့ရဲ့ အမှတ်သညာထဲမှာ မှတ်သွားပါတယ်။

BurmeseHearts Blog

ကလေးတွေကို ထုလေမာလေ ငါးဖယ်လို့ တင်စားပြီး မိဘတွေက သရော်ဆုံးမတတ်ကြသေးတယ်။ ကလေးဟာ ငါးဖယ်မှမဟုတ်ဘဲလေ။ ထုလေမာလေ ဖြစ်လာတာက ကလေးရဲ့စိတ်ဓါတ်တွေ မာကြောလာတာကို ပြတာပါ။ အမြဲရိုက်နှက်ခံနေရတော့ လူကြီးမိဘတွေရဲ့ ရိုက်နိုင်အားကို ခံနိုင်ရည်ရှိလာတာပေါ့။ လူကြီးမိဘတွေရဲ့ ရိုက်နိုင်အားကို ငယ်ငယ်လေးနဲ့ ခံနိုင်ရည်ရှိလာလေ ဆိုဆုံးမရခက်လေ ဖြစ်လာမှာပါ။ ဘယ်လောက်ရိုက်ရိုက် လုပ်မြဲလုပ်ကျင့်ဖြစ်နေတဲ့ ကလေးရဲ့ အကျင့်ဟာ ပြောင်းလဲမသွားဘူးဆိုရင် ကလေးရဲ့စိတ်ဓါတ်မာကြောမှုဟာ အရမ်းကို ရေချိန်မြင့်မားနေပါပြီ။

ကလေးစိတ်ဓါတ်မာကြောလာတယ်ဆိုလို့ အကောင်းဘက်ကပဲလို့ မထင်လိုက်နဲ့နော်။ ဒါဟာ အဆိုးဘက်ကဖြစ်ပါတယ်။ လူကြီးမိဘ ၊ ဆရာသမားတွေရဲ့ ရိုက်နှက်ဆုံးမတာ ခံရပါများတော့ ကလေးရဲ့စိတ်ဓါတ်မာကြောလာတယ်ဆိုတာ ကလေးရဲ့ ခံစားမှုတွေ မာကြောလာတာ ၊ တနည်းအားဖြင့် ကလေးရဲ့ခံစားမှုတွေ အေးစက်လာတာ ၊ အဆုံးစွန်မှာတော့ တော်ရုံဝမ်းနည်းခံစားမနေတတ်တဲ့ သွေးအေးအေးနဲ့ ရက်စက်တတ်သူတွေ ဖြစ်လာနိုင်တယ်လေ။

ဒီလိုစိတ်နဲ့ ကြီးလာတဲ့ကလေး ၊ လူငယ် ၊ လူရွယ် ၊ လူကြီးတွေဟာ တပါးသူကို ကိုယ်ချင်းမစာတတ်ဘူး။ သူ့တို့တုန်းက ကိုယ်ချင်းစာဖေးမတဲ့သူ မရှိခဲ့လို့ ဖြစ်နိုင်တယ်။ တပါးသူကို မသနားတတ်ဘူး။ သူ့တို့တုန်းက ဘယ်လောက်ငိုယို တောင်းပန်တောင်းပန် မသနားမညှာတာ ရိုက်နှက်အနှိပ်စက်ခံခဲ့ရလို့ ဖြစ်နိုင်တယ်။ တပါးသူကို ဖေးမညှာတာချင်စိတ် မရှိဘူး။ သူတို့တုန်းက ဖေးမညှာတာတဲ့သူ မပေါ်ခဲ့ဖူးလို့ ဖြစ်နိုင်တယ်။ သူတို့တွေဟာ တပါးသူပျော်တာကို မလိုလားဘူး။ သူ့တို့တုန်းက ပျော်ရွှင်မှုဆိုတာကို မခံစားခဲ့ရလို့ဖြစ်တယ်။ သူတို့တွေဟာ ချစ်ခြင်းမေတ္တာကို မယုံကြည်ဘူး။ သူတို့တုန်းက ချစ်ခင်ကြင်နာတဲ့သူ မတွေ့ခဲ့ရလို့ဖြစ်တယ်။ အဆုံးစွန်မှာတော့ သူတို့ဟာ သွေးအေးအေးနဲ့ စီရင်တတ်သူတွေ ဖြစ်လာပါတယ်။

တကယ်ဆို သူတို့ဟာ ကလေးဘဝကတည်းက စိတ်ဒဏ်ရာနဲ့ ကြီးပြင်းလာခဲ့ရတာပေါ့။ သူတို့ရဲ့စိတ်ဒဏ်ရာ နက်ရင်နက်သလောက် သူတို့ကြီးပြင်းလာတဲ့ လူ့အသိုင်းအဝန်းအတွက် အန္တရာယ်ကြီးကြီးပေးနိုင်တဲ့ အဆိပ်အတောက်တွေ ဖြစ်လာပါတယ်။ အနည်းဆုံး သူ့မိသားစု ၊ သူ့မိဘ ၊ သူ့ဇနီး ၊ သူ့ကလေးနဲ့ သူ့လူမှုဝန်းကျင်မှသည် သူ့ရဲ့အလုပ်အကိုင် ၊ ရာထူး ၊ ဂုဏ်ရှိန်ကြီးရင်ကြီးသလောက် လူ့အသိုင်းအဝန်းအတွက် အန္တရာယ်ရှိနေပါတယ်။

ဒါတွေဟာ ဘယ်ကစသလဲဆိုရင် လူကြီးမိဘ ၊ ဆရာသမားတွေရဲ့  သွန်သင်ဆုံးမမှုကနေ စတာလို့ ဆိုနိုင်ပါတယ်။ အပြောမတတ်ရင် ဆဲသလိုဖြစ်သွားတယ်ဆိုတာ နားလည်ပေးလို့ရပေမယ့် ဆိုဆုံးမမှုမတတ်ရင်တော့ လူ့ဘဝတစ်ခုမှသည် လူ့အသိုင်းအဝန်းတခုလုံးကို ခြိမ်းခြောက်နေနိုင်ပါတယ်။ ဒီလိုစိတ်ဒဏ်ရာနဲ့ ကြီးပြင်းလာတဲ့သူတွေများလေ လူ့အသိုင်းအဝန်းအတွက် အန္တရာယ်ကြီးလေမို့ ကလေးကို မဆုံးမခင် ငါလည်း မှားတတ်တာပဲ ၊ ငါ့ထက်ငယ်နုသေးတဲ့ ဒီကလေးလည်း မှားတတ်တာပဲဆိုတဲ့ နားလည်ခွင့်လွှတ်စိတ်ကလေး ရှေ့ပြေးတွေးပေးနိုင်မယ်ဆိုရင်တော့ လူကြီးမိဘ ၊ ဆရာသမားတွေရဲ့ ဆိုဆုံးမမှုဟာ နားလည်မှုအခြေခံ ပျော့ပျောင်းလာနိုင်တာမို့ စိတ်ဒဏ်ရာရတဲ့ ကလေးတွေ နည်းသထက် နည်းလာနိုင်ပါတယ်။

ရတု (Burmesehearts.com)


BurmeseHearts Courses
BurmeseApp

 

BurmeseApp on Google Play

]]>
http://www.burmesehearts.com/%e1%80%80%e1%80%b1%e1%80%9c%e1%80%b8%e1%80%9e%e1%80%b0%e1%80%84%e1%80%9a%e1%80%b9%e1%80%99%e1%80%ba%e1%80%ac%e1%80%b8%e1%80%a1%e1%80%ac%e1%80%b8-%e1%80%86%e1%80%b6%e1%80%af%e1%80%b8%e1%80%99%e1%80%bb/feed/ 0
ခံနိုင်ရည်အားကောင်းသော ကလေးငယ်များဖြစ်ဖို့ http://www.burmesehearts.com/%e1%80%81%e1%80%b6%e1%82%8f%e1%80%ad%e1%80%af%e1%80%84%e1%80%b9%e1%80%9b%e1%80%8a%e1%80%b9%e1%80%a1%e1%80%ac%e1%80%b8%e1%80%b1%e1%80%80%e1%80%ac%e1%80%84%e1%80%b9%e1%80%b8%e1%80%b1%e1%80%9e%e1%80%ac/ http://www.burmesehearts.com/%e1%80%81%e1%80%b6%e1%82%8f%e1%80%ad%e1%80%af%e1%80%84%e1%80%b9%e1%80%9b%e1%80%8a%e1%80%b9%e1%80%a1%e1%80%ac%e1%80%b8%e1%80%b1%e1%80%80%e1%80%ac%e1%80%84%e1%80%b9%e1%80%b8%e1%80%b1%e1%80%9e%e1%80%ac/#comments Wed, 18 Nov 2015 10:33:01 +0000 http://www.burmesehearts.com/?p=20049

ခံနိုင်ရည်အားကောင်းတဲ့ ကလေးငယ်တွေဆိုတာ ဘာကိုဆိုလိုတာလဲဆိုတော့ ဒူပေနာပေ ခံနိုင်တဲ့ကလေးငယ်တွေကို ဆိုလိုတာဖြစ်ပါတယ်။ ပိုရှင်းအောင်ပြောရမယ်ဆိုရင် တခုခုဆို နွဲ့မနေတတ်ဘဲ အကြမ်းခံတဲ့ ကလေးငယ်တွေကို ဆိုလိုတာဖြစ်ပါတယ်။ ဒီလိုကလေးမျိုးဖြစ်ဖို့က ပထမဦးစွာ စိတ်ဓါတ်ကြံ့ခိုင်ဖို့လိုပါတယ်။ စိတ်ဓါတ်ကြံ့ခိုင်မှသာ စိတ်ကြောင့်ကိုယ်လည်း ကြံ့ခိုင်လာပါမယ်။ သတိချပ်ရမှာက ကိုယ်ကာယကြံ့ခိုင်မှုအားနည်းပြီး မကျန်းမာတဲ့ လူမမယ်လေးအဖြစ် မွေးလာမယ်ဆိုရင်တော့ စိတ်ဓါတ်ကြံ့ခိုင်ဖို့ အတော်ကြိုးစားသင်ပေးရမှာဖြစ်ပါတယ်။

စိတ်ဓါတ်ကြံ့ခိုင်ပြီး ခံနိုင်ရည်အားကောင်းတော့ ဘာအကျိုးကျေးဇူးရှိလို့တုန်းလို့ သိချင်မှာပဲနော်။ “Show me a man who hasn’t failed, and I’ll show you a man who hasn’t tried.” ဆိုတဲ့စကားကို ကျွန်မက ဘာသာပြန်ရင်း စိတ်ဓါတ်ကြံ့ခိုင်ပြီး ခံနိုင်ရည်အားကောင်းသူတွေရဲ့ အကျိုးကျေးဇူးကို ရှင်းပြချင်ပါတယ်။ ဆိုလိုရင်းက မကျရှုံးဖူးတဲ့သူတစ်ဦးကိုပြပါ။ ငါကမင်းကို လုံးဝမကြိုးစားဖူးသူတစ်ဦးကို ပြပါ့မယ်တဲ့။ ဘဝမှာ အောင်မြင်သူတိုင်းဟာ အခါခါ ကျရှုံးဖူးကြပါတယ်။ ထိပ်ဆုံးမှာရောက်နေသူတွေက ဆုံးရှုံးမှုဆိုတာကို ပိုခံခဲ့ရသူတွေလေ။ သူတို့ဟာ စိတ်ဓါတ်အင်အား ကြံ့ခိုင်သူတွေဖြစ်တဲ့အတွက် အရှုံးတွေကြုံတိုင်း အောင်မြင်အောင်လုပ်ဖို့ စိတ်ဓါတ်ခိုင်မာခဲ့လို့ အခုလို အောင်မြင်တဲ့သူတွေအဖြစ် ရပ်တည်နေနိုင်တာဖြစ်ပါတယ်။ ဒီလိုဆို စိတ်ဓါတ်အင်အား ကြံ့ခိုင်သူတွေရဲ့ အကျိုးကျေးဇူးကို လိုရင်းတိုရှင်း မြင်နိုင်ပြီပေါ့။

စိတ်ဓါတ်မကြံ့ခိုင်သူတွေကျတော့ အထက်မှာပြောခဲ့ဖူးသလို ဆုံးရှုံးမှာ ၊ ကျရှုံးမှာ ကြောက်နေတဲ့စိတ်ကြောင့်ပဲ အောင်မြင်မှုရဲ့ အသီးအပွင့်ဆိုတာ မခံစားရဘဲ သူလို ၊ ငါလို ဘဝနဲ့ ပြီးသွားခဲ့ကြသူတွေပါ။ ဒါကြောင့် အောင်မြင်တဲ့သူတစ်ဦးဖြစ်ဖို့ အခြေခံလိုအပ်ချက်ဟာ စိတ်ဓါတ်အင်အား ကြံ့ခိုင်ပြီး ခံနိုင်ရည်အားကောင်းဖို့ လိုနေပါတယ်။ ခံနိုင်ရည် အားကောင်းဖို့ဆိုတဲ့နေရာမှာ သူများမြှောက်တိုင်းမမြှောက် ၊ သူများတွန်းထိုးလည်း မယိုင် ၊ သူများခြေထိုးခံလည်း မလဲ ၊ လဲပါသော်လည်း အရှုံးမပေးဘဲပြန်ထလို့ အနိုင်ရဖို့ ပြန်ကြိုးစားသူဖြစ်ရပါမယ်။ အောင်မြင်လာတဲ့နောက်မှာ သူများဝေဖန်တဲ့ဒဏ် ကြံ့ကြံ့ခံနိုင်သူမှ စိတ်ဓါတ်ကြံ့ခိုင်သူစာရင်း ဝင်မှာပါ။ ဒါဟာ စိတ်ဓါတ်ခံနိုင်ရည် အားကောင်းဖို့ လိုအပ်ချက်တွေပေါ့။

ဒါဆိုရင် ကလေးတွေကို စိတ်ဓါတ်ြ့ကံခိုင်သူတွေဖြစ်အောင် ဘယ်လို သင်ကြားပေးနိုင်မလဲ။ လွယ်ပါတယ်။ သူတို့ကို ထပ်ခါထပ်ခါ ကြိုးစားချင်အောင် တိုက်တွန်းပြီး ထပ်ခါထပ်ခါ ကြိုးစားခွင့်ပေးရမှာပါ။ ဒီလိုဖြစ်ဖို့ဆိုရင် မိဘကိုယ်တိုင်က အရှုံးအိမ်ပိုက်ပြန်လာတဲ့ သားသမီးရဲ့ ဆုံးရှုံးမှုကို လက်ခံနိုင်တဲ့သူ ဖြစ်ရမှာပေါ့နော်။ ဒါဟာ မိဘတွေအတွက် အကြီးမားဆုံး စိန်ခေါ်မှုတစ်ခုပါပဲ။ ကိုယ့်သားသမီး အောင်မြင်မှုပိုက်လာတာကိုပဲ မိဘတွေက မြင်တွေ့လိုကြတာလေ။ အဆင့်ကျသွားတဲ့သားသမီး ၊ မျှော်မှန်းထားသလို မဖြစ်လာတဲ့ သားသမီးရဲ့ အရှုံးဆိုတာကို မိဘတွေက အလွယ်တကူ ၊ အသာတကြည် လက်ခံနိုင်ပါရဲ့လား။

သားသမီးရဲ့ အရှုံးကို လက်မခံနိုင်တဲ့ မိဘတွေဟာ သားသမီးကို စိတ်ဓါတ်ကြံ့ခိုင်ဖို့ မသင်ပေးနိုင်တော့ပါဘူး။ မိဘကိုယ်တိုင်က သားသမီးဆုံးရှုံးမှုကို လက်မခံနိုင်တော့ သားသမီးတွေဟာ ဆုံးရှုံးမှာ စိုးကြောက်စိတ်တွေ ၊ အပူအပင်များစိတ်တွေနဲ့ စိတ်ဓါတ်မကြံ့ခိုင်သူတွေပဲ ဖြစ်လာမှာပါ။ ဒါဆိုရင် ထိပ်တန်းက အအောင်မြင်ဆုံးသူနေရာမှာ ရေရှည်ရပ်တည်နိုင်ဖို့ ခက်သွားပြီပေါ့။ ဆုံးရှုံးမှာ ကြောက်စိတ်တွေက ဆုံးရှုံးမှုကို ပိုကြုံတွေ့စေတယ်ဆိုတာကို ယုံကြည်ပါရဲ့လား ။ စိတ်ရဲ့ဆွဲငင်အားကြောင့် ဆုံးရှုံးမှာကြောက်ရင်းနဲ့က ဆုံးရှုံးမှုတွေကို ကြုံလာတတ်တာပါ။

သားသမီးရဲ့ ဆုံးရှုံးမှုကို လက်ခံနိုင်တဲ့မိ့ဘတွေကျတော့ ကိုယ်ချင်းစာတရားနဲ့ စိတ်ဓါတ်အင်အား ရင့်ကျက်သူတွေပါ။ ဘာကြောင့် ကိုယ်ချင်းစာတရားရှိတယ်လို့ ပြောရသလဲဆိုရင် ဆုံးရှုံးမှုကြုံလာတဲ့ သားသမီးကို ထွေးဖက်ဖေးမ အားပေးနိုင်တဲ့သူမို့လို့ပါ။ တခါဆုံးရှုံးပေမယ့် နောက်တခါ ကြိုးစားခွင့်ရှိသေးတယ်လို့ အားပေးနိုင်တဲ့မိဘဟာ စိတ်ဓါတ်ရင့်ကျက်သူတွေပေါ့။ သူကိုယ်တိုင်လည်း မိဘမို့ ကိုယ့်သားသမီးကို အောင်မြင်မှုပဲ မြင်ချင်တာပါ။ ဒါပေမယ့် အောင်မြင်မှုမရလာတဲ့ သားသမီးဟာ သူ့ဆုံးရှုံးမှုကြောင့် ဝမ်းနည်းကောင်းနည်းနေနိုင်တယ် ၊ အဆင့်ကျသွားလို့ အတန်းထဲမှာ ရှက်ကောင်းရှက်နေနိုင်တယ်။ ဒါကို နားလည်ပေးနိုင်ရမယ်။ ကိုယ်ဖြေသိမ့်ပေးပါမှ သူစိတ်သက်သာရာရမှာပါ။ စိတ်က တခြားရောက်ပြီး လမ်းလွဲသွားလို့ ဆုံးရှုံးမှုကြုံရတယ်ဆို ဒါကို ပြစ်တင်ကြိမ်းမောင်းနေဖို့ထက် နောင်တကြိမ်မှာ ဒီလိုဆုံးရှုံးမှုမျိုးမကြုံရအောင် ကိုယ်တိုင်က ဘေးကနေဖေးမ ကြပ်မတ်ပေးရမှာပါ။

BurmeseHearts Blog

မြန်မာစကားက ရိုးရှင်းတယ်နော်။ ဖေးမကြပ်မတ်ပေးရမယ်လို့ ဆိုထားတာဖြစ်ပြီး ဆုံးရှုံးမှုကြုံရတဲ့သားသမီးကို နှိမ့်ချတင်းကျပ်တာမျိုး အထူးရှောင်ကြဉ်ရမှာပါ။ အကြောင်းကြောင်းကြောင့် ဆုံးရှုံးမှုကြုံလာတဲ့ သားသမီးကို ရှုံးရကောင်းလား ၊ အသုံးမကျလိုက်တာ ၊ သူများနဲ့နှိုင်းယှဉ်နှိမ့်ချလို့ စည်းကမ်းတွေ တင်းကျပ်လိုက်တာမျိုးဆို အရှုံးကြုံရတဲ့ကလေးဟာ အခါခါရှုံးနိမ့်သွားပါပြီ။ အရှုံးလဲကြုံ ၊ မိဘဖေးမမှုလဲမရ ၊ ပြစ်တင်ခြင်းကိုခံရ ၊ စိတ်ဖိစီးမှုများတဲ့အထဲ စည်းကမ်းတွေ ပိုတင်းကြပ် ဒါတွေခံစားရတဲ့သားသမီးဟာ တချိန်မှာ တင်းကြပ်ခံထားရတဲ့စိတ်တွေကြောင့် လွတ်ထွက်သွားနိုင်တယ်လေ။ ဖိလွန်းရင် ကြွတက်လာတတ်တဲ့ သဘောလိုပေါ့။ ဒါကြောင့် ဒီလိုမိဘမျိုးရဲ့ သားသမီးတွေဟာ ရေရှည်မှာ ဆုံးရှုံးမှုကိုရင်ဝယ်ပိုက်ရဖို့ အလားအလာပိုများနေပါတယ်။

တချို့ကလေးတွေဟာ မွေးကတည်းက သင်လွယ် ၊ တတ်လွယ် ၊ ဥာဏ်ကောင်းကြတယ်။ ဒါပေမယ့် သူတို့တွေဟာ ရေရှည်မှာ တော်တဲ့သူ ၊ ထူးချွန်တဲ့သူ ၊ အောင်မြင်တဲ့သူအဖြစ် မရပ်တည်နိုင်ကြဘူး။ ဒါ့အပြင်သူတို့ဟာ စွန့်စားရမှာ စိုးကြောက်ကြတယ်။ ဒါတွေဟာ မိဘတွေကြောင့်ပဲ။ မိဘတွေက သားသမီးဆုံးရှုံးနဲ့တွေ့မှာ စိုးကြောက်စိတ်တွေကြောင့် သူတို့ဟာလည်း စွန့်စားလုပ်ရင် ရထားတဲ့အနေအထား ၊ ရှိထားတဲ့ဂုဏ်အင်တွေ ဆုံးရှုံးသွားမယ်လို့ ယုံကြည်စိတ်ကြောင့် သူတို့အချိန် ၊ သူတို့ဦးနှောက်နဲ့ သူတို့အင်အားကို သူတို့တတ်စွမ်းသလောက် အသုံးမချတော့ဘူး။ သူတို့ခံယူချက်က မဆုံးရှုံးချင်ရင် မစွန့်စားတာ အကောင်းဆုံး ၊ အတတ်မဆန်းတာ အကောင်းဆုံးဆိုတာပါပဲ။ ဒီခံယူချက်တွေဟာ လူကြီးမိဘ ၊ ဆရာသမားတွေဆီက သင်ယူလာခဲ့တာလေ။

ကလေးတွေကို စိတ်ဓါတ်ြ့ကံခိုင်သူတွေဖြစ်အောင် မိဘတွေက သင်ကြားပေးလိုတယ်ဆိုရင် သူ ငယ်တုန်းမှာ လဲနိုင်တယ် ၊ အသေးစား ဆုံးရှုံးမှုလေးတွေ ကြုံရနိုင်တယ်။ ကလေးကိုဒါတွေ တွေ့ကြုံခံစားစေပါ။ ဆိုလိုတာက အစစ အရာရာက ကလေးချောမွေ့အဆင်ပြေအောင် ဝင်ကာကွယ်ပေးတာ ၊ စီစဉ်ပေးတာမျိုး မလုပ်ဖို့ပါ။ တကယ့်ဘဝဟာ ပန်းခင်းလမ်းမဟုတ်ဘူးလေ။ ကလေးငယ်တုန်းမှာ လဲကျတာမျိုး ၊ ကစားစရာလေးတွေ ပျောက်သွားတာမျိုး ၊ ပျက်စီးသွားတာမျိုး ၊ ထိခိုက်ဒဏ်ရာ အသေးစားလေးတွေ ရသွားတာမျိုး ကြုံနိုင်ပါတယ်။ ကြုံပါစေလေ။ ဒါဟာ ဘဝမှာ အသေးစားဆုံးရှုံးမှုလေးတွေပေါ့။ လက်ထဲက မိုးပျံပူဖောင်းလေးလွတ်သွားတာဟာလည်း သူ့အရွယ်လေးနဲ့သူ အကြီးမားဆုံး ဆုံးရှုံးမှုကို ခံစားငိုကြွေးနိုင်ပါတယ်။ ဒီအခါမှာ ဆူတာမျိုး ၊ အပြစ်တင်တာမျိုး မလုပ်ဘဲ ဒါဟာ ဖြစ်တတ်တဲ့သဘောလို့ ကလေးကို နှစ်သိမ့်ပြီး ဒီဆုံးရှုံးမှုကို လက်ခံနိုင်အောင် လေ့ကျင့်ပေးပါ။

ကလေးလဲကျလို့ ခဲလုံးနဲ့ မြေကြီးကို တန်ပြန်ခြေဆောင့်တာမျိုး မလုပ်ပါနဲ့ ။ ဒီလိုလုပ်ရင် ကလေးဟာ ကလဲ့စားချေစိတ်ကို သင်ယူသွားတယ်။ ကလေးပစ္စည်းပျက်စီးဆုံးရှုံးသွားလို့ တခြားသူကို အပြစ်တင်တာမျိုး မလုပ်ပါနဲ့။ ဒီလိုဆို ကလေးဟာ နောင်မှာ သူဆုံးရှုံးတိုင်း အခြားသူကို လက်ညှိုးထိုး အပြစ်ရှာတာမျိုးလုပ်မယ်။ ဒီအရှုံးကို ကလေးလက်ခံနိုင်အောင် (ကိုယ်တိုင်ကလည်း လက်တွေ့ကျကျ လက်ခံနိုင်အောင်) အရင် ကျင့်ရမှာဖြစ်ပါတယ်။

နောက်တဆင့်မှာ ကလေးကို ထွေးဖက်နှစ်သိမ့်မှုပေးမယ်။ ကလေးစိတ်ဖြေသိမ့်နိုင်လို့ ဝမ်းနည်းအားငယ်တာမျိုး မရှိတော့ဘူးဆိုရင် နောင်မှာ ဒီလိုဆုံးရှုံးမှုမကြုံဖို့ ဘာသတိထားရမယ်ဆိုတာ အကောင်းဘက်က ရှုမြင်သင်ပေးရမှာဖြစ်ပါတယ်။ ဥပမာ  အောက်မကြည့်လျှောက်လို့ ၊ ရှေ့မကြည့်လို့ လဲကျတယ်ဆိုရင် နောင်မှာ ကိုယ့်ခြေလှမ်းကိုယ် သတိထားမိအောင် သင်ပေးရမယ်။ ပျောက်သွားတဲ့ပစ္စည်းဆို လက်ထဲမြဲအောင် ၊ မပျောက်ပျက်အောင် ဘယ်လိုထိန်းသိမ်းရမယ်ဆိုတာ သင်ပေးမယ် စသဖြင့်သော သင်ကြားမှုတွေကို နားဝင်အောင် လေသံချိုချိုနဲ့ ပြောပြသင်ပေးရမှာဖြစ်ပါတယ်။ ဆူတာမျိုး မဖြစ်ပါစေနဲ့လေ။

ကလေးဟာ ဆုံးရှုံးမှုကို သဘာဝအတိုင်း လက်ခံနိုင်မယ်။ ဒီဆုံးရှုံးမှုကနေ သင်ယူမယ်။ နောင်မှာ ထပ်ခါထပ်ခါ ကြိုးစားချင်စိတ်နဲ့ ကြိုးစားခွင့်ရှိမယ်ဆိုရင် ဒီကလေးဟာ စိတ်ဓါတ်ကြံ့ခိုင်တဲ့ ခံနိုင်ရည်အားကောင်းသူလေး ဖြစ်လာပါပြီ။ ဒါဆို သူ့ကြိုးစားရင်ကြိုးစားသလောက် အောင်မြင်မှုတွေဆွတ်ခူးဖို့ နီးနေပြီလေ။ လဲရင်ငိုကြွေးနေတဲ့ကလေးက ခရီးမရောက်ဘဲ လဲရင်ပြန်ထ ၊ မလဲအောင်ကြိုးစားရင်း ခရီးဆက်သူမှ လိုရာခရီးရောက်နိုင်တာကို သတိချပ်ပါလေ။

ကလေးဟာ လဲကျလို့ သူ့ဘာသာသူပြန်ထနိုင်တယ် ၊ ဆုံးရှုံးသွားရင် ဖိတ်စင်သွားရင် သူ့တာဝန်သူယူပြီး ပြန်ပြင်နိုင်ဖို့ ကြိုးစားတယ်ဆိုရင် လက်ခုပ်တီးလို့ အားပေးချီးမြှောက်လိုက်ပါ။ ဒါဟာ မမှားအောင် ထပ်ကြိုးစားဖို့ ခွန်အားပေးလိုက်တာဖြစ်ပါတယ်။ ဒါဟာ သူ့အတွက် နောင်ထပ်ကြိုးစားချင်စိတ်ဖြစ်လာမယ့် စိတ်ဓါတ်ခွန်အားတွေ ပေးလိုက်တာပါ။ နောက်တဆင့်ကတော့ သူဟာ နောက်ထပ် ဒီလိုအမှားမျိုး မကြုံအောင် သတိထားနိုင်တယ် ၊ နောက်ထပ်ကြိုးစားရင် အောင်မြင်နိုင်တယ်လို့ သူ့ကို မျက်လုံးအကြည့်နဲ့ ၊ စကားအပြောအဆိုနဲ့ ၊ ကိုယ်တိုင်အားပေး ထောက်ပံ့မှုမျိုးနဲ့ နောက်ထပ်ကြိုးစားချင်စိတ် ပေးလိုက်ပါ။ နောက်ထပ် သူကြိုးစားတဲ့အခါ ရရှိလာမယ့် အောင်မြင်မှုပဲဖြစ်ဖြစ် ၊ ရှုံးနိမ့်မှုပဲဖြစ်ဖြစ် ကိုယ်ဟာ လက်ခံဖို့ အဆင်သင့်ရှိတယ်ဆိုတာ သူနားလည်အောင် ၊ ခံစားတတ်အောင် ထုတ်ဖော်ပြောဆိုပါ။ ဒါဆိုရင်တော့ ကလေးဟာ အခါခါကြိုးစားရင်းနဲ့ အောင်မြင်မှုကို လှမ်းယူနိုင်ပြီပေါ့။ အောင်မြင်ဖို့ဆို ကြိုးစားဖို့ပဲလိုတာပါ။ အခါခါကြိုးစားချင်စိတ်ရှိဖို့ဆိုတာကလည်း စိတ်ဓါတ်ကြံ့ခိုင်ပါမှ ၊ ခံနိုင်ရည်အားကောင်းပါမှ ဖြစ်မယ်လေ။

ရတု (Burmesehearts.com)


BurmeseHearts Courses
BurmeseApp

 

BurmeseApp on Google Play

]]>
http://www.burmesehearts.com/%e1%80%81%e1%80%b6%e1%82%8f%e1%80%ad%e1%80%af%e1%80%84%e1%80%b9%e1%80%9b%e1%80%8a%e1%80%b9%e1%80%a1%e1%80%ac%e1%80%b8%e1%80%b1%e1%80%80%e1%80%ac%e1%80%84%e1%80%b9%e1%80%b8%e1%80%b1%e1%80%9e%e1%80%ac/feed/ 2
ကလေးသူငယ်များဟာ အသုံးချခံများ ၊ ဓါးစာခံများ မဖြစ်သင့် http://www.burmesehearts.com/%e1%80%80%e1%80%b1%e1%80%9c%e1%80%b8%e1%80%9e%e1%80%b0%e1%80%84%e1%80%9a%e1%80%b9%e1%80%99%e1%80%ba%e1%80%ac%e1%80%b8%e1%80%9f%e1%80%ac-%e1%80%a1%e1%80%9e%e1%80%b6%e1%80%af%e1%80%b8%e1%80%81%e1%80%ba/ http://www.burmesehearts.com/%e1%80%80%e1%80%b1%e1%80%9c%e1%80%b8%e1%80%9e%e1%80%b0%e1%80%84%e1%80%9a%e1%80%b9%e1%80%99%e1%80%ba%e1%80%ac%e1%80%b8%e1%80%9f%e1%80%ac-%e1%80%a1%e1%80%9e%e1%80%b6%e1%80%af%e1%80%b8%e1%80%81%e1%80%ba/#respond Thu, 12 Nov 2015 10:01:29 +0000 http://www.burmesehearts.com/?p=19083

ကလေးကို ပဲ့ပြင်ဆုံးမမယ့်သူတွေဟာ အများအားဖြင့် ကလေးရဲ့ မိဘနဲ့တကွ ကလေးရဲ့ အမျိုးအဆွေတွေ ဖြစ်ကြပါတယ်။ ဒီဆွေမျိုးတော်စပ်သူတွေထဲမှာမှ ဟိုဘက်ဆွေမျိုး ၊ ဒီဘက်ဆွေမျိုးဆိုတာတွေ ကွဲပြားဦးမှာပါပဲ။ လူအမျိုးမျိုး စိတ်အထွေထွေဆိုတာကို လက်ခံရင် ကလေးကို ပဲ့ပြင်ဆုံးမကြမယ့် သူတို့တွေဟာ ခံယူချက်အမျိုးမျိုး ၊ ဘဝမှာတွေ့ကြုံခဲ့တဲ့ အတွေ့အကြုံအမျိုးမျိုး ၊ လေ့လာမှတ်သားခဲ့တဲ့ ဗဟုသုတအမျိုးမျိုး ၊ ကြားဖူးနားဝအထွေထွေတွေနဲ့ ကလေးကို ပဲ့ပြင်ထိန်းသိမ်းဖို့ ကြိုးစားကြမှာပါ။

လူကြီးတွေရဲ့ ဆုံးမမှုခံရတဲ့ ကလေးဘက်က ဝင်ကြည့်ဘူးလား။ ဟိုလူကတမျိုးသင် ၊ ဒီလူကတမျိုးပြော ၊ သူတို့အပြောတွေက မတူညီ ၊ သူတို့စည်းကမ်းတွေက ကွဲပြား ၊ သူတို့သင်တာတွေဟာ ခြားနားနေတော့ ကလေးဟာ သူ့စိတ်ထဲ အလွယ်တကူလက်ခံနိုင်တဲ့ ၊ သူလုပ်ကိုင်ပြောဆိုရလွယ်တဲ့အတိုင်း  (တနည်းအားဖြင့်) သူနဲ့ အချိန်အများဆုံး ကုန်ဆုံးလေ့ရှိသူ အလိုကျ လိုက်ပြော ၊ လိုက်လုပ်ရင်း စာရိတ္တဟာ ရောထွေးသွားပါတော့တယ်။

အလုပ်ကပြန်လာတဲ့ မိဘက ငါသင်ထားတာဒီလို ဘာလို့ ဒီလိုမလုပ်ရတာလဲ ၊ နောက်ဒီလိုပြောဦးမလား ၊ လုပ်ဦးမလားဆိုတာတွေနဲ့ ကလေးဟာ အဆူခံ ၊ အရိုက်ခံ ဖြစ်လာပါတော့တယ်။ ကလေးမှာ တကယ်အပြစ်ရှိရဲ့လား။ တစ်ဦးနဲ့တစ်ဦး ကွဲပြားစွာသင်တတ်ကြတဲ့ လူကြီးမိဘတွေရဲ့ အပြစ်မဟုတ်ဘူးလား။ လုပ်တဲ့ကလေးကို ရိုက်ဖို့ထက် ကိုယ့်ကလေးကို ကိုယ်မကြိုက်တာတွေ သင်ပြပြောဆိုသူကို တားသင့်တာမဟုတ်လား။ တားပေမယ့်လည်း သူတို့ဟာ ရပ်ချင်မှရပ်မှာပါ။ ကိုယ့်ထက် အရွယ် ၊ အတွေ့အကြုံ ကြီးကြသူတွေဆို ပိုဆိုးနေမှာပါ။

 

မိသားစုနဲ့ခွဲနေဖို့ အဆင်မပြေတဲ့ ကလေးမိဘတွေဟာ ဒီမိသားစုဒဏ်ကို ခံရတာ ခပ်နည်းနည်းပါ။ ကလေးက ပိုခံရတယ်လေ။ “ဆရာများ သားသေ” ဆိုတဲ့ စကားပုံလိုမျိုးပေါ့။ စကားပုံထဲမှာတော့ ကုတဲ့ဆေးဆရာတွေများလို့ တယောက်တမျိုး ၊ တယောက်တပေါက်ကုရာက သားသေသွားခဲ့တာဖြစ်ပေမယ့် လက်တွေ့မှာတော့ သင်တဲ့သူတွေ ၊ ဆရာလုပ်သူတွေများတော့ ကလေးဟာ ဟိုလူတွေ့ ဟိုလူ့အလိုကျပြော ၊ ဒီလူတွေ့ ဒီလူ့အလိုကျပြောရာက ကိုယ်တကယ်သင်ပေးချင်တဲ့ စာရိတ္တအမှန်ကို မရတော့ဘူးလေ။ ဒီလိုကိစ္စမျိုးတွေမှာ ကလေးကို ကိုယ်က ရိုက်နှက်ဆုံးမရင် ကလေးဟာ အပြစ်မရှိဘဲ အသားနာခံရတယ် ၊ စိတ်ထဲဝမ်းနည်းမယ် ၊ မကျေနပ်စိတ်တွေ ဖြစ်နေမယ် ၊ ပြန်ခုခံကာကွယ် ပြောဆိုနိုင်စွမ်း မလုပ်နိုင်ရင် အားငယ်စိတ် ၊ ကြောက်စိတ်တွေ ဝင်သွားပါတယ်။ ဒီလိုအဖြစ်မျိုး အခါခါဖြစ်နေရင် ကလေးဟာ စိတ်ဒဏ်ရာဖြစ်လာမယ်လေ။ ဒါမဖြစ်သင့်ဘူးနော်။

BurmeseHearts Blog

ဓါးစာခံဖြစ်လာတဲ့ ကလေးတွေဟာ တစ်ဦးနဲ့တစ်ဦး အကြောင်းအကျိုး မတူညီကြပေမယ့် လူကြီးတွေကြောင့်ပဲ ဓါးစာခံဖြစ်လာရတာပါ။ လူကြီးဆိုတဲ့အထဲမှာ အရွယ်ရောက်ပြီးတဲ့ လူကြီးတွေအပါအဝင် ကလေးထက် အသက်ကြီးတဲ့ အရွယ်မတိုင်သေးသူတွေလည်း ပါဝင်နေပါတယ်။ ဘန်းစကားနဲ့ဆို ချွန်လိုက်တဲ့သူတွေ ၊ အရောက်ပို့လိုက်တဲ့သူတွေကြောင့် ကလေးငယ်တွေဟာ အသုံးချခံလေးတွေ ၊ ဓါးစာခံလေးတွေ ဖြစ်လာရတာပါ။ အထူးသဖြင့် စကားမပီကလာ ပီကလာအရွယ် ကလေးငယ်တွေနဲ့ မှန် ၊ မမှန် ကိုယ်ပိုင် စဉ်းစားနိုင်မှု အားနည်းပြီး အရွယ်နုနယ်သေးတဲ့ ကလေးငယ်တွေဟာ ဓါးစာခံတွေ အဖြစ်များပါတယ်။

ကျွန်မ စကားမပီကလာ ၊ ပီကလာအရွယ်မှာ အမျိုးဝမ်းကွဲအစ်ကိုတစ်ယောက်က ကျွန်မတို့အိမ်အလှူလာကူတဲ့ အစ်မချောချောတစ်ယောက်ကို သူပြောချင်တဲ့ ရည်းစားစကား ကျွန်မကို သွားပြောခိုင်းခဲ့တယ်။ အဲဒီအစ်မကြီးနားသွားပြီး ဟိုကိုကြီးက မမကိုချစ်တယ်လို့ အပျော်စနောက်ပြောခိုင်းခဲ့တာပါ။ သွားပြောရင် သကြားလုံးကျွေးမယ်ဆိုတော့ ကလေးပီပီ သူပြောခိုင်းတဲ့အတိုင်း သွားပြောခဲ့ဖူးတယ်။ ကျွန်မပြောလိုက်တဲ့စကားဟာ တပါးသူကို မခံချိမခံသာ ဖြစ်စေမယ် ၊ လက်မခံစရာ ၊ နားမထောင်လိုစရာ ဖြစ်နေမယ်လို့ မစဉ်းစားတတ်သေးဘူးလေ။ ဒါကိုအမြတ်ထုတ်ခဲ့သူ ဝမ်းကွဲအစ်ကိုကြောင့် အဲဒီအစ်မကြီး မျက်နှာတင်းတင်းနဲ့ဆူတာကို မသိတတ်သေးတဲ့ ကျွန်မ ခံခဲ့ရတယ်။ “ကလေးက ကလေးအရာနေတဲ့ နောက်တခါ ဒီလိုလုပ်ရင် နင့်အမေနဲ့တိုင်ပြီး ရိုက်ခိုင်းမယ်” ဆိုတော့ ဝမ်းနည်းသွားလိုက်တာ အစ်ကိုဝမ်းကွဲကျွေးမယ့် သကြားလုံးဆိုတာလည်း မစားချင်ခဲ့တော့ဘူး။ ကျွန်မ ဘာအပြောမှားမှန်း အဲဒီအချိန်က မတွေးတတ်သေးပေမယ့် ဒီလိုမျက်နှာမာမာနဲ့ အဆူခံခဲ့ရတာကို မှတ်မိသေးတယ်။ နောက်ပိုင်းမှာလည်း ကလေးအရွယ် ကျွန်မ မပြောချင်တဲ့စကားလုံးတွေကို  မိဘ ၊ ဆွေမျိုး ၊ အသိုင်းအဝန်းဆိုတာတွေကြောင့် ၊ သူတို့ဖိအားအချို့ကြောင့် ပြောခဲ့ရတာတွေ ရှိတယ်။

ကလေးပြောရင် တော်ရုံစိတ်မဆိုးကြဘူးဆိုပြီး ကလေးကို အသုံးချကြတဲ့လူကြီးတွေကြောင့် ကလေးဟာ ဘာမသိ ၊ ညာမသိနဲ့ လူအမုန်းခံရတဲ့ အခြေအနေတွေလည်း ရှိပါတယ်။ လူကြီးအချင်းချင်းမတည့်ရင် ၊ တိုက်ရိုက်မပြောချင်ရင် ကလေးကတဆင့် ပြောကြ ၊ ဆိုကြရင်း ကလေးဟာ တဘက်လူရဲ့ အမုန်းခံရတယ်။ နောက်ဆုံး အဖေနဲ့ အမေ မတည့်ရင် စိတ်မကြည်တဲ့မိဘက ဒီအချိုးက နင့်အဖေအချိုး ၊ နင့်အမေအချိုး ၊ မျိုးမစစ်ကလေး စသဖြင့် အပြစ်မရှိတဲ့ကလေးကို ကိုယ့်မကျေနပ်ချက်တွေပုံချပြီး ပြစ်တင်ပြောဆို ရိုက်နှက်ကြပြန်တယ်။ ဒီလိုနဲ့ ကလေးဟာ ဘာမသိ ၊ ညာမသိနဲ့ မိဘနှစ်ဦးအလယ် ဓါးစာခံလေးဖြစ်လာတာပေါ့။

အဖေ့ကိုမကြည်တဲ့ အမေ့ဘက်က အဖိုးအဖွား ၊ ဦးလေးအဒေါ်နဲ့ ဆွေမျိုးညာတိတွေက အဖေ့သွေးဖြစ်တဲ့ ကလေးကို သူတို့မကြိုက်တဲ့အချက်တွေ့တာနဲ့ ဒီအကျင့်ပျောက်အောင်ဆိုပြီး အမုန်းဓါတ်ခံထား ဆူပူဆုံးမ ရိုက်နှက်ကြပြန်တယ်။

အမေ့ကိုမကြည်တဲ့ အဖေ့ဘက်က အဖိုးအဖွား ၊ ဦးလေးအဒေါ်နဲ့ ဆွေမျိုးညာတိတွေက အမေ့သွေးဖြစ်တဲ့ ကလေးကို သူတို့မကြိုက်တဲ့အချက်တွေ့တာနဲ့ ဒီအကျင့်ပျောက်အောင်ဆိုပြီး အမုန်းဓါတ်ခံထား ဆူပူဆုံးမ ရိုက်နှက်ကြပြန်တယ်။  ဒီလိုနဲ့ ကလေးဟာ နှစ်ဖက်ဆွေမျိုးတွေအလယ်မှာ မတည့်တဲ့မိဘဆွေမျိုး အသိုင်းအဝန်းနှစ်ဖက်ကြား ဓါးစာခံဖြစ်လာပါတယ်။

ရပ်ကွက်ထဲမှာ အိမ်နီးချင်း မတည့်သူတွေရှိနေရင် သူ့မိဘကိုမကျေနပ်ချက်တွေနဲ့ သူ့ကလေးကို အမုန်းပွားကြပြန်တယ်။ သူ့မိဘကို တိုက်ရိုက်မပြောရဲတဲ့စကားတွေ ကလေးကိုပြောပြီး စိတ်ထိခိုက်ခံစားစေတယ်။ ကလေးက သူ့မိဘပြန်ပြောရင် ဒီလူတွေနဲ့ သွားပတ်သက်ရလားဆိုပြီး အရိုက်ခံရဦးမယ်။ တကယ်တော့ ကလေးဆိုတာ တခါတလေမှာ လူကြီးတွေရဲ့ စိတ်ထွက်ပေါက်သဖွယ်လည်း ဖြစ်နေတတ်တယ်။ ကိုယ်လုပ်သမျှ ၊ ပြောသမျှ အကာအကွယ်မဲ့ ခံရတဲ့ ကလေးအဖြစ်ကိုမေ့ပြီး လူကြီးမိဘတွေက သူတို့စိတ်ခံစားချက်ရှေ့တန်းတင် ပြောဆိုတတ်သေးတယ်။

တခါတလေ အိမ်မှာကျန်နေတဲ့ ကလေးတွေဟာ အလုပ်အဆင်မပြေတဲ့ မိဘရဲ့ စိတ်ထွက်ပေါက်ဖြစ်နေတတ်သေးတယ်။ သူတို့ဘာသာ စီးပွားရေး ၊ အလုပ်အကိုင် ၊ လူမှုရေး အဆင်မပြေတာဟာ ကလေးနဲ့ ဘာမှ မဆိုင်ဘူးလို့ နားလည်ရမယ့်အစား သူတို့အပူကို မသိတတ်ရကောင်းလားလို့ နားလည်နိုင်စွမ်းမရှိသေးတဲ့ကလေးကို ဆူပူရိုက်နှက်တတ်သေးတယ်။ တကယ်ဆို အဆင်မပြေတဲ့ အခြေအနေကြောင့် ဖြစ်ပေါ်လာတဲ့ သူ့စိတ်ဖိစီးမှုတွေကို ကလေးအပေါ်ပုံချလို့ ထွက်ပေါက်ပေးလိုက်တာပါ။ ဒါပေမယ့် ဒီလို စိတ်ထွက်ပေါက်ပေးလို့ မပြေလည်တဲ့အခြေအနေ တိုးတက်ကောင်းမွန်လာမှာ မဟုတ်ဘူးလို့ လူကြီးမိဘဟာ မတွေးတတ်တာ ၊ နားမလည်နိုင်တာ ဖြစ်ပါတယ်။ ဒီလိုလုပ်ဖန်များတဲ့အခါ ကလေးမှာ စိတ်ဒဏ်ရာဆိုးဆိုးတောင် ရသွားနိုင်တယ်လေ။

ကိုယ်မကြိုက်တဲ့ စကား ၊ အပြုအမူနဲ့ စာရိတ္တတွေ ကိုယ့်ကလေးမှာ တွေ့မြင်ကြားသိရတယ်ဆို ကလေးကို ပြစ်တင်ဆုံးမမှုမလုပ်ခင် အရင်ဦးဆုံး ကလေးဟာ လူကြီးတွေရဲ့ အသုံးချခံလေး ဖြစ်သွားခဲ့သလားလို့ အရင်တွေးပါ။ ကလေးကို ဆိုဆုံးမတဲ့အခါမှာ စိတ်တိုနေတဲ့ ကိုယ့်စိတ်အတိုင်း စိတ်လိုက်မာန်ပါ ဆုံးမမှုကို မပြုလုပ်ပါနဲ့။ ဘယ်သူ့ကြောင့် ၊ ဘယ်ဝါ့ကြောင့် ၊ ဟိုလူ့အကျင့် ၊ ဒီလူ့အကျင့်ဆိုတဲ့ အတွေးအခေါ်ကြီးထည့်လို့ မဆုံးမပါနဲ့။

ကလေးကို ဒီအကျင့်နဲ့ အပြောအဆိုတွေဟာ မကောင်းလို့ ပြင်သင့်တယ်ဆိုတာကို နားလည်သဘောပေါက်အောင် အရင်ပြောကြည့်ပြီး ဒီအကျင့်ဖျောက်ဖို့ ကြိုးစားရမှာပါ။ အခါခါ ကောင်းကောင်းမွန်မွန် ရှင်းပြပြောဆိုတားမြစ်ရက်က မပြောင်းမလဲဘဲ ဒီအကျင့်ကြီးစွဲနေတယ်ဆိုမှ ဒီအကျင့်ပျောက်ဖို့ ဆုပေး ၊ ဒဏ်ပေးတာလိုမျိုး ကျင့်သုံးပြိး ဖျောက်ကြည့်ပါဦး ။ ဒါနဲ့မှမရဘူးဆိုရင် ရိုက်နှက်ဆုံးမနိုင်ပါတယ်။

ကလေးကိုဆုံးမမယ့် လူကြီးမိဘတွေ အထူးသတိထားရမှာက ကလေးဟာ ဒီအပြောအဆို ၊ ဒီအကျင့်ကို မွေးကတည်းက တတ်လာတာမျိုးမဟုတ်ဘဲ သူ့အနီးဝန်းကျင်မှာ ရှိနေတဲ့ သူတွေဆီကနေ ဒီအကျင့်ကိုတတ်လာတာ ဆိုတာကိုပါပဲ။ အသုံးချခံနေရာကို ရောက်မှန်းမသိရောက်နေတဲ့ ကလေးတွေနည်းသထက်နည်းပြီး လူကြီးတွေရဲ့ ဓါးစာခံအဖြစ် ဝမ်းနည်းခံစားနေကြရတဲ့ ကလေးတွေ နည်းသထက်နည်းပါစေ။

ရတု (Burmesehearts.com)


BurmeseHearts Courses
BurmeseApp

 

BurmeseApp on Google Play

]]>
http://www.burmesehearts.com/%e1%80%80%e1%80%b1%e1%80%9c%e1%80%b8%e1%80%9e%e1%80%b0%e1%80%84%e1%80%9a%e1%80%b9%e1%80%99%e1%80%ba%e1%80%ac%e1%80%b8%e1%80%9f%e1%80%ac-%e1%80%a1%e1%80%9e%e1%80%b6%e1%80%af%e1%80%b8%e1%80%81%e1%80%ba/feed/ 0
ကလေးတွေကို ကစားရင်းနဲ့ သင်ယူစေမယ် http://www.burmesehearts.com/%e1%80%80%e1%80%b1%e1%80%9c%e1%80%b8%e1%80%b1%e1%80%90%e1%80%bc%e1%80%80%e1%80%ad%e1%80%af-%e1%80%80%e1%80%85%e1%80%ac%e1%80%b8%e1%80%9b%e1%80%84%e1%80%b9%e1%80%b8%e1%80%94%e1%80%b2%e1%82%94-%e1%80%9e/ http://www.burmesehearts.com/%e1%80%80%e1%80%b1%e1%80%9c%e1%80%b8%e1%80%b1%e1%80%90%e1%80%bc%e1%80%80%e1%80%ad%e1%80%af-%e1%80%80%e1%80%85%e1%80%ac%e1%80%b8%e1%80%9b%e1%80%84%e1%80%b9%e1%80%b8%e1%80%94%e1%80%b2%e1%82%94-%e1%80%9e/#respond Wed, 11 Nov 2015 11:29:30 +0000 http://www.burmesehearts.com/?p=19023

ကလေးတွေရဲ့ သဘာဝဟာ ကစားခြင်းမှာ ခုံမင်မှုပါ။ ကလေးတွေရဲ့ သဘာဝလဲဖြစ် ၊ သူတို့ လုပ်ကိုင်ရတာ ကြိုက်နှစ်သက်တဲ့ ကစားခြင်းမှသည် ကလေးတွေရဲ့ စာရိတ္တ ၊ အရည်အချင်းနဲ့ စိတ်နေသဘောထားတွေကို သိရှိနိုင်တယ်ဆိုရင် လက်ခံပါရဲ့လား။ ကလေးတွေခုံမင်တဲ့ ကစားခြင်းဆိုတာနဲ့ ကလေးတွေကို ဥာဏ်ပညာဖွံ့ဖြိုးဖွံ့ဖို့ ၊ စာရိတ္တမှန်ကန်ဖို့ ၊ စိတ်သဘောထားကောင်းမွန်ဖို့ ဆိုတာတွေကို သင်ပေးနိုင်ရင် ပိုပြီးနားဝင်လွယ် ၊ သင်ယူလွယ်တယ်ဆိုတာ တွေ့ရှိရပါတယ်။

ကလေးဖြစ်ဖြစ် လူကြီးဖြစ်ဖြစ် ဇောဖုံးသွားတဲ့အခါမျိုးတွေမှာ လုပ်မှား ၊ ကိုင်မှား ၊ ပြောမှား ၊ ဆိုမှားဆိုတာတွေနဲ့ သူတို့ရဲ့ ပင်ကိုယ်စရိုက် အမူအကျင့်တွေဆိုတာ ဖုံးမရဘဲ ပေါ်လာတတ်တယ်။ ကျန်တဲ့အချိန်တွေမှာဆိုရင် တပါးသူကြိုက်တာ ၊ လူကြီးမိဘတွေကြိုက်တာကို ရွေးချယ် ပြောဆိုလုပ်ကိုင်နေတော့ သူတို့ရင်ထဲမှာ တကယ်ကိန်းအောင်းနေတဲ့ တကယ့်စိတ်ထားဆိုတာကို သိမြင်နိုင်ဖို့ ၊ အကဲခတ်နိုင်ဖို့ မလွယ်ပါဘူး။ သူတို့ရင်ထဲမှာ လွှမ်းမိုးထားထားတွေကို ဒီလို တကယ်သိမြင်ပါမှ ပြုပြင်ပေးနိုင်မှာဖြစ်ပါတယ်။

ဒါ့အပြင် ကလေးရဲ့ ဥာဏ်ရည်နဲ့ သင်ယူနိုင်စွမ်းတွေ ၊ နားလည်လက်ခံနိုင်စွမ်းနဲ့ သိတတ်နိုင်စွမ်းတွေဆိုတာကိုလည်း ဒီလိုကစားရင်းနဲ့ အကဲ့ဖြတ်ရင်း ၊ သင်ကြားရင်း လုပ်ပေးတဲ့အခါ ကလေးဟာ သူ့ကို မိဘက ဆုံးမပဲ့ပြင်နေမှန်း မသိဘဲ ကစားရင်းပြောတဲ့ စည်းကမ်းချက်တွေအတိုင်း လိုက်နာလုပ်ဆောင်ရင်းက ဥာဏ်ရည်သွက်လာတာ ၊ လိမ္မာပါးနပ်လာတာတွေကိုလည်း တွေ့ရှိရပါတယ်။ သာမာန်အချိန်မှာ ဒါမလုပ်နဲ့ ၊ ဒီလိုလုပ်လို့ပြောရင် ကလေးဟာ နာခံချင်မှ နာခံမှာဖြစ်ပေမယ့် ကစားချိန်မှာ ကစားရင်းပြောတဲ့ စည်းကမ်းတွေ ၊ ဆုံးမသွန်သင်မှုတွေကိုတော့ ကစားချင်ဇောနဲ့ လိုက်နာရင်း ၊ နားထောင်ရင်းက ကစားရင်းသင်ယူသွားပါတယ်။

ကျွန်မရဲ့ကလေးကို ကျွန်မဟာ သင်ယူလေ့လာတဲ့အပိုင်းမှာ ဘောင်မခတ်ထားပါဘူး။ ကလေး တစ်လ ၊ နှစ်လသား ဆိုကတည်းက ရင်ခွင်ပိုက်ကလေးကို မှန်ရှေ့မှာထိုင်ပြီး တူတူပုန်းတမ်း ကစားခဲ့ပါတယ်။ ဘယ်လိုကစားလဲဆိုရင် တကိုယ်စာမှန်ရှေ့ သူ့ကိုရင်ခွင်ပိုက် ထိုင်နေလျက်က ကျွန်မရဲ့မျက်နှာကို တဘက်ကိုင်းစောင်းလိုက်တာပါ။ ပထမတော့ ကလေးဟာ မှန်ဆိုတာကို နားမလည်နိုင်သေးပါဘူး။ ဒါပေမယ့် အမေ့မျက်နှာကိုတော့ ခပ်ဝါးဝါးကနေ အသံနဲ့တကွ မှတ်မိသိရှိနေပြီလေ။ ရှေ့ကမှန်ထဲမှာ မြင်နေရတဲ့ အမေ့ရုပ်သွင်ဟာ ပျောက်သွားလိုက် ဘွားဆိုတဲ့အသံနဲ့ ပြန်ပေါ်လိုက်ဆိုတာတွေကို မြင်တွေ့နေတာ သူသတိထားမိလာတယ်။ နောက်ပိုင်းမှာ မှန်ဆိုတဲ့သဘောကို နားလည်လာတယ်။ မှန်မှာပေါ်လာတဲ့ ကိုယ့်နောက်ကအရာဟာ တကယ်မှာ ကိုယ့်ရဲ့အနောက် ရှိနေတဲ့အရာလို့ သဘောပေါက်လာတာပါ။ ဒါဟာ ပိုင်းခြားသိမြင်တတ်တဲ့ ကလေးရဲ့  ဦးနှောက်အာရုံကို နှိုးဆွပေးတာပါ။ သတိထားရမှာက ကလေးလန့်အောင် အသံခပ်ကျယ်ကျယ်နဲ့ မအော်မိဖို့ပါ။

ကလေးဟာ ဒီအာရုံရဲ့နှိုးဆွမှုကြောင့် မှန်ရဲ့သဘောကို နားလည်လာခြင်း ရှိ ၊ မရှိ ဘယ်လိုသိနိုင်မလဲ။ ကလေးဟာ ဒီသဘောကိုသိလာမယ်ဆိုရင် အမေပျောက်သွားတဲ့အခါ မျက်လုံးပြူး ရှာသလိုလုပ်လာနိုင်ပြီး အမေမှန်ထဲပြန်ပေါ်လာရင် အမေရယ်သလို ပြုံးပျော်ရယ်မှာပါ။ နောက်တဆင့်မှာ သူ့ကို အိပ်လျက်ထားပြီး ကိုယ်ကထိုင်လျက်ဖြစ်ဖြစ် အနေအထားနဲ့  ကလေးမျက်နှာမိုးထားတဲ့ ကိုယ့်မျာက်နှာကို လက်ဝါးနှစ်ဘက်နဲ့အုပ် ၊ ပြီးရင်တူတူရေဝါးလုပ်ကစားရင်း သူ့ကိုလည်း သူ့လက်ဝါးလေးတွေ ဆွဲယူလို့ မျက်လုံးအုပ်ပေးလိုက် ဝါးဆိုပြီး ပြန်ဖယ်လိုက်နဲ့ ကစားနိုင်ပါတယ်။ ဒါဟာ ကိုယ်မျက်စိရှေ့မှာ မြင်ရတဲ့အရာတွေကို အုပ်ဖယ်လိုက်လို့ မမြင်ရတော့တာဟာ အမြဲထာဝရမဟုတ်ဘူး။ ဖယ်လိုက်တာနဲ့ ပြန်မြင်ရတယ်ဆိုတာ ပိုနားလည်လာတယ်။ နောင် အမေမအားလို့ သူ့အနားမှာ မမြင်တွေ့ရတဲ့အခါမှာ ကြီးစွာသော စိတ်ဖိစီးမှုနဲ့ အောင်ငိုတာမျိုးမရှိဘဲ သူအမေ့ကိုမြင်ချင်တယ်ဆိုတာသိရအောင် အမေ့ကို အသံပေးလို့ သိစေပြီး သူ့ဆီလာစေတာမျိုးလောက်ပဲ ရှိတယ်လေ။

ကလေးလဲအိပ် ၊ ကိုယ်လဲအိပ်လျက် အနေအထားမှာ ကိုယ့်ရဲ့ညာဘက်လက်ကိုထောင်ပြီး လက်ချောင်းလေးတွေကို နီးလာလိုက် ၊ ဝေးသွားလိုက် လှုပ်ပြပါ။ ကိုယ်ညာဘက်လက် လှုပ်ပြီးရင် သူ့ညာလက်ကို လက်ကောက်ဝတ်ကကိုင်လို့ ကိုယ်လည်းလက်ချောင်းလေးတွေလှုပ် သူ့လက်ချောင်းလေးတွေကိုလည်း လှုပ်စေပါ။ ညာပြီးဘယ် နောက်မှာ ခြေချောင်းလေးတွေကို ခြေထောက်ထောင်လှုပ်ပြ ၊ ညာပြီးဘယ်လုပ်ပြရင်း သူ့ကိုလည်းလုပ်စေပါ။ ကလေးဟာ ခြေချောင်းလက်ချောင်းလေးတွေ နီးလာလိုက် ဝေးသွားလိုက်နဲ့ လှုပ်နေတာမြင်ရင် ပထမတော့ ထူးဆန်းနေပါလိမ့်မယ်။ လူ့ကောကထဲ အခုမှရောက်လာတာဆိုတော့ နားမလည်နိုင်သေးဘူးလေ။ နောက်ပိုင်းမှာတော့ ကိုယ်လှုပ်တိုင်း သူ့ကိုလည်း ခြေချောင်း ၊ လက်ချောင်းလေးတွေ လှုပ်တတ်အောင် နှိုးဆော်မယ် ၊ ပြပေးမယ်ဆိုရင် မလှုပ်တတ် ၊ လှုပ်တတ်နဲ့ လက်လှုပ် ၊ ခြေလှုပ်ဖို့ ကြိုးစားလာပါတယ်။

ဒီလိုကစားပေးရင် ဘယ်လိုဖွံ့ဖြိုးမှုမျိုးရသလဲဆိုတော့ ကလေးဟာ သူ့ခန္ဓာအစိတ်အပိုင်းတွေ ရှိနေတာ ၊ ဒါတွေကို ဦးနှောက်ကနေတဆင့် ခိုင်းစေလို့ရတယ်ဆိုတာကို သင်ယူသွားတယ်လေ။ သူ့ခြေချောင်း လက်ချောင်းလေးတွေကို လှုပ်ဖို့ကြိုးစားလာတယ်ဆိုတာ သူနားလည်လာတဲ့သဘောပါ။ ဒီလိုနားလည်လာတော့ သူ့ခြေချောင်း ၊ လက်ချောင်းတွေကို ငိုနေတုန်း ရုန်းကန်လို့လှုပ်တာမျိုး မဟုတ်တော့ဘဲ သိတတ်နားလည်မှုနဲ့ ဦးနှောက်က စေစားချက်အရ လှုပ်လာမယ်လေ။ နောက်တဆင့်မှာတော့ ပစ္စည်းတွေ ကိုင်တွယ်တာတွေ ခပ်စောစော လုပ်ကိုင်လာနိုင်ပါမယ်။ ပစ္စည်းတွေကိုင်တယ်ဆိုတာကလည်း ဦးနှောက်က ကိုင်လိုစိတ်ရဲ့စေခိုင်းမှုကြောင့် လက်ကကိုင်နိုင်အောင် ၊ မြဲနေအောင် ကြိုးစားရင်းက ကိုင်တွယ်တတ်လာတာပဲဖြစ်ပါတယ်။ ဒါ့အပြင် သူ့ကိုဒီလိုလှုပ်ရှားစေခြင်းအားဖြင့် ကိုယ်လက်ဖွံ့ဖြိုးမှုတိုးတက်လို့ အရိုးအကြော ၊ အဆစ်အမြစ်တွေ ဆက်သွယ်မှုအား ပိုအားကောင်းလို့ ပိုသန်မာလာစေတယ်လေ။

BurmeseHearts Blog

ကလေးတွေကို အရောင်စုံ ကလေးပစ္စည်းလေးတွေ ၊ စာအုပ်လေးတွေပြလို့ အမြင်အာရုံဖွံ့ဖြိုးသဲကွဲအောင် ၊ မှတ်ဥာဏ်ဖွံ့ဖြိုးတိုးတက်အောင် လုပ်ကြပါတယ်။ ဒါတွေ မဝယ်နိုင်တဲ့သူ ၊ ဘာပစ္စည်းဝယ်လို့ ဝယ်ရမှန်းမသိသူတွေဟာ အထက်ပါနည်းတွေနဲ့ ကလေးရဲ့ဦးနှောက် ဖွံ့ဖြိုးတိုးတက်မှု ၊ စိတ်စေစားမှု ၊ မှတ်ဥာဏ်တွေကို လေ့ကျင့်ပေးနိုင်ပါတယ်။ ငွေလဲမကုန် ၊ စိတ်လဲမထွေပြားတဲ့ ခပ်ရိုးရိုးနည်းလေးတွေပေါ့။

ချိုသာတဲ့ ဂီတသံစဉ်တွေဟာ ကလေးရဲ့ဦးနှောက်ဖွံ့ဖြိုးတိုးတက်မှုကို များစွာအထောက်အကူဖြစ်ပါတယ်။ ဒါကလည်းလွယ်ပါတယ်။ သားချော့တေးဆိုတာ ဟိုးပဝေသဏီကတည်းက ရှိခဲ့တာပဲ။ သီချင်းတစ်ပုဒ် အစ ၊ အဆုံး မရရင်နေပါစေ ၊ တောင်မြောက် ရောက်နေရင်လည်း နေပါစေ ၊ စာသားမရရင်လည်းနေပါစေ ၊ အလိုက်မသိရင်လည်းနေပါစေ။ မိခင်ရဲ့အသံဆိုတာ သားသမီးတွေအတွက် နားဝင်အချိုဆုံးသော သံစဉ်ပါ။ နားအထောင်ချင်ဆုံးသောအသံပါ။ အေးအေးအို တေးဆိုကာ ချော့ပါလေ။ ငိုနေတဲ့ကလေး စိတ်လုံခြုံသက်သာမှုကို ခံစားရစေပါတယ်။ အိပ်ချိန်တန်ရင် စိတ်လုံခြုံမှုနဲ့ အိပ်ပျော်သွားမှာဖြစ်သလို စိတ်ဖိစီးမှုတွေရှိနေရင်လည်း မိခင်အနားမှာရှိတယ်ဆိုတဲ့အသိနဲ့ မိခင်ရဲ့အသံကိုနားထောင်ရင်း ၊ ပွေ့ဖက်ရင်း ကလေးရဲ့ စိတ်ဖိစီးမှုတွေဟာ သက်သာပျောက်ကင်းသွားတယ်လို့ တွေ့ရှိရပါတယ်။

ကလေးငိုတယ်ဆိုတာ သူစိတ်ဖိစီးနေတယ်လို့ သူ့အနားဝန်းကျင်ကသူတွေ သိရှိအောင် အချက်ပေးတာပါ။ ဒါကိုမှ ချော့မော့ဖျောင်းဖြမှု မခံရဘူးဆိုရင် စိတ်ဖိစီးမှုအာ မြင့်တက်သထက် မြင့်တက်လာပါတယ်။ ကလေးရဲ့ စိတ်ဖိစီးမှုတွေကို လျှော့ချပေးတဲ့အနေနဲ့ ချော့မော့တဲ့သူမရှိဘဲ မောလို့ တိတ်သွားရဖန်များလာတဲ့ကလေးဟာ စိတ်ဖိစီးမှုကို ရေရှည်ခံစားရတတ်ပါတယ်။ စိတ်ဖိစီးမှု ရေရှည်ခံစားရတော့ ကျန်းမာရေးချို့ယွင်းလာမှု မရှိရင်တောင် ကလေးဟာ စိတ်ဓါတ်ကျအားငယ်လွယ်တာ ၊ အရှုံးပေးလွယ်တာ ၊ မိမိကိုယ်ကို ယုံကြည်မှုမရှိတာ စတဲ့ ဆိုးကျိုးတွေ ဖြစ်စေတာပေါ့။ ဒါကြောင့် ကလေးငိုရင် ငိုရကောင်းလားလို့ ရိုက်ဖို့ထက် မငိုအောင် နည်းလမ်းရှာ ချော့မော့နှစ်သိမ့်ရမှာ ဖြစ်ပါတယ်။ ဒါမလိုက်လျော်ပေးနိုင်လို့ ကလေးငိုရင် ဒါမဟုတ်တဲ့ အခြားဟာနဲ့ သူ့ကို စိတ်ပြောင်းလဲစေရမှာဖြစ်ပါတယ်။ ကလေးငိုလို့ သူလိုချင်တာ လုပ်ခွင့်ပေးလေ့ရှိမယ်ဆိုရင်ဖြင့် စည်းကမ်းပိုင်းမှာ လျော့ရဲလာမယ်လေ။

ကလေးတွေရဲ့ မဖွံ့ဖြိုးသေးတဲ့ ဦးနှောက်အပိုင်းဟာ ကွဲပြားခြားနားတဲ့ အချိန်လိုမျိုးတွေမှာ ဆက်သွယ်ဖွံ့ဖြိုးခဲ့တာလို့ သိရပါတယ်။ ဒါကြောင့် ကလေးစိတ်ဝင်စားနေချိန်မှာ သူစိတ်ဝင်စားရာကို အချိန်ကိုက် သင်ယူခွင့်ရမယ်ဆို မတူခြားနားတဲ့ အသိပညာနဲ့ အတတ်ပညာတွေကို မြန်ဆန်စွာ တတ်မြောက်ခွင့်ရမယ်လေ။ ကလေးစိတ်ဝင်စားချိန်မှာ မှန်ကန်တဲ့ သွန်သင်ဆုံးမလို့ နာယူစေတာမျိုး ၊ သင်ပေးတာမျိုး မလုပ်ဘူးဆိုရင်တော့ ကိုယ်သင်ပေးတဲ့အချိန်မှာ သူစိတ်ပါဝင်စားမှု ရှိချင်မှ ရှိနိုင်တော့တာမို့ သင်သော်လည်း တကယ် နားလည်တတ်မြောက်လာနိုင်ပါ့မလားဆိုတာ တွေးဆစရာဖြစ်ပါတယ်။

ဒါပေမယ့် သူစိတ်ဝင်စားမှု မရှိသေးခင် ၊ သူ့စိတ်ပိုင်း ကိုယ်ပိုင်းဆိုင်ရာ အဆင်သင့် မဖြစ်သေးခင်မှာ တတ်မြောက်စေချင်စိတ်စောပြီး သင်ပေးတာမျိုးကိုတော့ ရှောင်ရပါမယ်။ ဥပမာ – လမ်းလျှောက်ဖို့အဆင်သင့် မဖြစ်သေးတဲ့အရွယ်မှာ အတင်း လမ်းလျှောက်ကျင့်ပြီး လမ်းလျှောက်ခိုင်းတာမျိုး ၊ ကလေးနှစ်နှစ်အရွယ်မှာ ကလေးကို ဖိအားပေးလို့ A, B, C တွေသင်ပြတာမျိုး ဖြစ်ပါတယ်။ အခုအဆင်သင့်မဖြစ်သေးဘူးဆိုရင် နောက်လအနည်းငယ်အကြာမှာ ထပ်သင်ပေးနိုင်တယ်လေ။ သင်ယူဖို့ အဆင်သင့်ဖြစ်တဲ့အရွယ်မှာ သူဟာ စိတ်ဝင်တစား သင်ယူမှာဖြစ်ပါတယ်။

ရတု (Burmesehearts.com)


BurmeseHearts Courses
BurmeseApp

 

BurmeseApp on Google Play

]]>
http://www.burmesehearts.com/%e1%80%80%e1%80%b1%e1%80%9c%e1%80%b8%e1%80%b1%e1%80%90%e1%80%bc%e1%80%80%e1%80%ad%e1%80%af-%e1%80%80%e1%80%85%e1%80%ac%e1%80%b8%e1%80%9b%e1%80%84%e1%80%b9%e1%80%b8%e1%80%94%e1%80%b2%e1%82%94-%e1%80%9e/feed/ 0