Welcome, visitor! [ Register | Loginrss  | tw

မိထ္ထီလာ လူသတ်မှု၊ အကြမ်းဖက်မှုများဖြင့် လူ ၇ ဦးကို ထောင်ဒဏ်များ ချမှတ်

| မြန်မာ့သတင်း | 1 hour ago

မတ်လအတွင်းက ဖြစ်ပွားခဲ့သည့် မိထ္ထီလာမြို့ အကြမ်းဖက်မှုများနှင့် ပတ်သက်၍ လူ ၇ ဦးအား ထောင်ဒဏ် ၂ နှစ်မှ ၂၈ နှစ်အထိ အသီးသီး ချမှတ်လိုက်သည်။

သေဒဏ်မှ လွတ်ငြိမ်းခွင့်ရသည့် အဆိုပါ ၇ ဦးမှာ သံဃာတပါးအား သတ်ဖြတ်မှုဖြင့် စွပ်စွဲခံရခြင်း ဖြစ်သည်။ ၎င်းတို့အား လူသတ်မှု၊ သတ်ဖြတ်ရန် သွေးထိုးလှုံ့ဆော်မှုနှင့် အများပိုင် အဆောက်အဦများအား မီးရှို့မှုနှင့် ဖျက်ဆီးမှုတို့ဖြင့် ထောင်ဒဏ်များ ချမှတ်လိုက်ခြင်းဖြစ်ကြောင်း မန္တလေးတိုင်း တရားသူကြီး ဦးရဲအောင်မြင့် အား ကိုးကား၍ AFP သတင်းတရပ်တွင် ရေးသားထားသည်။

အစိုးရ၏ တရားဝင် ထုတ်ပြန်ချက်အရ မိထ္ထီလာမြို့ ရွှေဆိုင်တခုမှ စတင်လိုက်သော ဘာသာနှစ်ခုအကြား အကြမ်းဖက်မှုများကြောင့် လူ ၄၄ ဦး သတ်ဖြတ်ခံခဲ့ရပြီး ထောင်ပေါင်းများစွာ အိုးအိမ်မဲ့ ဖြစ်ခဲ့ရသည်။

ရွှေဆိုင်ပိုင်ရှင် အပါအဝင် သုံးဦးကိုမူ ဈေးဝယ်သူအား ရိုက်နှက်မှုဖြင့် ဧပြီလ အတွင်းကပင် ထောင် ၁၄ နှစ်စီ ချမှတ်လိုက်ပြီး ဖြစ်သည်။

Source : Mizzima

ပုံရိပ်(burmesehearts.com)

အစိုးရနှင့် KIO ဆွေးနွေးပွဲ ကုလ အထူးကိုယ်စားလှယ် တက်ရောက်မည်

| မြန်မာ့သတင်း | 2 hours ago

မြစ်ကြီးနားမြို့၌ မေလ ၂၈ ရက်နေ့တွင် ကျင်းပရန်ရှိသည့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO နှင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီတို့ ဆွေးနွေးပွဲသို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ် မစ္စတာ ဗီဂျေး နမ်ဘီးယား တက်ရောက်မည် ဖြစ်ကြောင်း ကချင်အကျိုးဆောင် ဦးဆန်အောင်က ပြောသည်။

လာမည့်ဆွေးနွေးပွဲ မတိုင်မီ မစ္စတာ နမ်ဘီးယား၏ လက်ထောက်တဦးက KIO ငြိမ်းချမ်းရေး ကိုယ်စားလှယ် များအား သွားရောက် ခေါ်ယူရာတွင် လိုက်ပါသွားမည် ဖြစ်ကြောင်း သိရသည်။

KIO ဘက်မှ တင်ပြသော ကုလသမဂ္ဂ အပါအဝင် အမေရိကန်၊ ဗြိတိန်နှင့် တရုတ်နိုင်ငံများမှ လေ့လာသူများ လည်း ပါဝင်ရန် ဖိတ်ကြားမှုကိုမူ အစိုးရဘက်မှ လက်မခံဘဲ ကုလသဂ္ဂ ကိုယ်စားလှယ်သာ ပါဝင်ရန် လက်ခံခဲ့ခြင်း ဖြစ်သည်။

ငြိမ်းချမ်းရေးလုပ်ငန်းဖော်ဆောင်ရေး ဒု-ဥက္ကဋ္ဌ ဝန်ကြီး ဦးအောင်မင်းတို့ ဘက်မှ သီးသန့် လေ့လာသူများကို ဖိတ်ကြားခြင်း မရှိကြောင်းလည်း သိရသည်။

Source : Mizzima

ပုံရိပ်(burmesehearts.com)

ဘဏ်တိုးနှုန်းနည်းမည့် Myanmar Microfinance Bank ယခုနှစ်အတွင်း တည်ထောင်မည်

| မြန်မာ့သတင်း | 2 hours ago

လက်ရှိ ဘဏ်တိုးနှုန်းထက် ထက်ဝက်ခန့် လျော့နည်းသက်သာမည့် Myanmar Microfinance Bank (MMB) ကို ယခုနှစ်အတွင်း တည်ထောင်သွားရန် စီစဉ်လျက်ရှိကြောင်း ဘဏ်လုပ်ငန်း အသိုင်းအ၀ိုင်းထံမှ သိရသည်။

လက်ရှိ ဗဟိုဘဏ်၏ အတိုးနှုန်းမှာ တစ်နှစ်လျှင် ၁၀ ရာခိုင်နှုန်းဖြစ်ပြီး ပုဂ္ဂလိက ဘဏ်များ၏ အတိုးနှုန်းမှာ အပ်ငွေအတိုးနှုန်း တစ်နှစ်လျှင် ရှစ်ရာခိုင်နှုန်း၊ ချေးငွေအတိုးနှုန်း တစ်နှစ်လျှင် ၁၃ ရာခိုင်နှုန်းနှင့် ၀န်ဆောင်ခ တစ်နှစ်လျှင် တစ်ရာခိုင်နှုန်းတို့ ဖြစ်သည်။ ယခုတည်ထောင်မည့် ဘဏ်သည် ၀င်ငွေနည်း ပြည်သူလူထုအတွက် အရင်းအနှီးချေးငွေ ရရှိရန် အထူးပြု တည်ထောင်ခြင်းဖြစ်ပြီး အခြားဘဏ်များထက် ဘဏ်တိုးနှုန်း လျော့နည်းသက်သာမည် ဖြစ်ကြောင်း သိရသည်။

“ဒီဘဏ်က နိုင်ငံတော်နဲ့ ဗဟိုဘဏ်ရဲ့ ခွင့်ပြုချက်နဲ့ တည်ထောင်တာ ဖြစ်ပါတယ်။ တခြားအသစ်ဖွင့်မယ့် ဘဏ်တွေနဲ့ မတူဘူး။ ဦးတည်တာက အခြေခံ လူတန်းစားနဲ့ ၀င်ငွေနည်း လူလတ်တန်းစားတွေအတွက် ဖြစ်ပါတယ်။ အပ်ငွေလည်း လက်ခံမယ်၊ ငွေလည်း ထုတ်ချေးမယ်။ ဘဏ်တိုးနှုန်းကလည်း အခုအတိုးနှုန်းရဲ့ တစ်ဝက်လောက်ပဲ ရှိမှာပါ” ဟု သမ၀ါယမဘဏ် မန်နေဂျင်းဒါရိုက်တာ ဦးဖေမြင့်က ပြောကြားသည်။ အဆိုပါ MMB ဘဏ်တည် ထောင်ရန်အတွက် အစုရှယ်ယာများ စတင်ခေါ်ယူနေပြီး အစုရှယ်ယာ တစ်စုလျှင် ငွေကျပ် ၁၀၀၀၀၀ သတ်မှတ်ထားကြောင်း သိရပြီး ဘဏ်လုပ်ငန်း အသိုင်းအ၀ိုင်းမှ အဓိက ၀ယ်ယူနေကြကြောင်းလည်း သတင်းရရှိသည်။ “ကျွန်တော်တို့ ဘဏ်လည်း MMB ဘဏ်မှာ အစုရှယ်ယာ ပါတယ်။ ကျွန်တော်လည်း အစုရှယ်ယာ ၀ယ်ထားတယ်” ဟု ဦးဖေမြင့်က ဖြည့်စွက်ပြောကြားသည်။

မေလဆန်းတွင် ကျောက်မျက်လုပ်ငန်း၊ ဆောက်လုပ်ရေး လုပ်ငန်းများ အထူးပြု တည်ထောင်မည့် ဘဏ်နှစ်ခုနှင့် နေပြည်တော် စည်ပင်သာယာရေး ဘဏ်တစ်ခုတို့ ထပ်မံဖွင့်လှစ်ရန် စီစဉ်လျက်ရှိသည်ဟု သတင်းထွက်ပေါ်ခဲ့သော်လည်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်က တရားဝင် သတင်းထုတ်ပြန်ခြင်း မရှိသေးကြောင်း သိရသည်။

ဗဟိုဘဏ် အနေနှင့် ငွေကြေးကဏ္ဍ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများကို ဆက်လက်ပြုလုပ် သွားမည်ဖြစ်ပြီး ဗဟိုဘဏ်တွင် သီးခြားလွတ်လပ်စွာ ပြဋ္ဌာန်းခွင့် ရှိစေရန် ဗဟိုဘဏ် ဥပဒေသစ်ကို အချောသပ် ရေးဆွဲထုတ်ပြန်နိုင်ရေးကို ဦးစားပေး ဆောင်ရွက်လျက် ရှိကြောင်း ဗဟိုဘဏ် တာဝန်ရှိသူများထံမှ သိရသည်။

ထို့ပြင် ပုဂ္ဂလိက စီးပွားရေးဘဏ်များ တစ်နှစ်ထက် ပိုချေးငှားခွင့် ပြုနိုင်ရန်နှင့် အိမ်ခြံမြေ ဈေးကွက်တွင် စတင်ဆောင်ရွက်နိုင်စေရန် ခွင့်ပြုသွားမည်ဖြစ်ကြောင်းနှင့် ရွှေ့ပြောင်းနိုင်သော ပိုင်ဆိုင်မှုများကို အပေါင်ခံအဖြစ် ထားခွင့်ပြု၍ ငွေချေးငှားခွင့်ကိုလည်း ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း သိရသည်။

Source : EMG

ပုံရိပ်(burmesehearts.com)

မြန်မာ-အမေရိကန် ကုန်သွယ်ရေး ကောင်စီရုံးများကို နှစ်နိုင်ငံရှိ မြို့သုံးမြို့တွင် တည်ထောင်မည်

| မြန်မာ့သတင်း | 2 hours ago

မြန်မာ-အမေရိကန် ကုန်သွယ်ရေး ကောင်စီ၏ ရုံးများကို အမေရိကန် ပြည်ထောင်စုနှင့် မြန်မာနိုင်ငံရှိ မြို့ကြီးသုံးမြို့တွင် တည်ထောင်လိုက်ပြီး နှစ်နိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှု တိုးတက်စေရေးအတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာ-အမေရိကန် ကုန်သွယ်ရေး ကောင်စီ၏ ထုတ်ပြန်ချက်အရ သိရသည်။

မြန်မာ-အမေရိကန် ကုန်သွယ်ရေး ကောင်စီ၏ ရုံးများကို အမေရိကန် ပြည်ထောင်စုရှိ ၀ါရှင်တန်ဒီစီ၊ နယူးယောက်နှင့် မြန်မာနိုင်ငံ ရန်ကုန်မြို့တို့တွင် တည်ထောင်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ကောင်စီရုံးများကို အမေရိကန်နှင့် မြန်မာနိုင်ငံတွင် ဖွင့်လှစ်ခြင်းကို မြန်မာသမ္မတ ဦးသိန်းစိန်၏ အမေရိကန် ခရီးစဉ်အတွင်း ဖွင့်လှစ်ခြင်း ဖြစ်သည်။

အဆိုပါ ကောင်စီအနေဖြင့် မြန်မာနှင့် အမေရိကန် နှစ်နိုင်ငံအကြား နိုင်ငံတကာ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကို မြှင့်တင်ဆောင်ရွက်သွားမည် ဖြစ်ပြီး ကုန်သွယ်ရေး ကိုယ်စားလှယ် အဖွဲ့များ စေလွှတ်ခြင်း၊ သတင်းအချက်အလက်များ ထုတ်ပြန်ခြင်း၊ အမေရိကန် ရင်းနှီးမြှုပ်နှံသူများအတွက် လိုအပ်သည့် ရင်းနှီးမြှုပ်နှံမှု သတင်းအချက်အလက်များကို အကူအညီ ပေးခြင်းများကိုလည်း ဆောင်ရွက်သွားမည်ဖြစ်သည်။

မြန်မာ-အမေရိကန် ကုန်သွယ်ရေး ကောင်စီသည် မြန်မာနိုင်ငံအပေါ် အမေရိကန်က ပိတ်ဆို့အရေးယူထားသည့် ကျန်ရှိနေသည့် ကိစ္စများကိုလည်း ဖယ်ရှားနိုင်ရန် ကြိုးပမ်းသွားမည်ဖြစ်ပြီး အမေရိကန်နိုင်ငံက ပေးအပ်သည့် GSP (ဖွံ့ဖြိုးဆဲ နိုင်ငံများအပေါ် ပေးအပ်သည့် အခွန်လျှော့ပေါ့မှု) ကိုလည်း ပြန်လည်ရရှိနိုင်ရေး ဆောင်ရွက်ပေးသွားရန် ရှိကြောင်း သိရသည်။

Source : EMG

ပုံရိပ်(burmesehearts.com)

ဒေါ်လာဈေးတက်၍ ကုန်စည်များ ဈေးစတက်

| မြန်မာ့သတင်း | 2 hours ago

လက်ရှိတွင် စက်သုံးဆီ၊ ဆေးဝါးမှစ၍ လူများစု မဖြစ်မနေ အသုံးပြုရမည့် ကုန်စည်ဈေးနှုန်းများမှာ ဈေးစတင်တက်နေပြီ ဖြစ်ကြောင်း ကုန်စည်ဈေးကွက် အတွင်းမှ သိရသည်။

“ဒီဇယ်သွင်းတဲ့ဈေးက ရန်ကုန်အရောက် CIF ဈေး တစ်ဂါလန်ကို ၃ ဒသမ ၈ ဒေါ်လာ ရှိတယ်။ အရင်တစ်ဒေါ်လာ ၈၆၀ တုန်းကနဲ့ တစ်ဂါလန်ကို ၃၂၆၈ ကျပ် အခု ၉၄၅ ကျပ်နဲ့ဆို တစ်ဂါ ၃၅၉၁ ကျပ်ဆိုတော့ ၃၂၃ ကျပ် ဈေးတက်သွားတယ်။ ဒါက ကုန်သွယ်လုပ်ငန်းခွန်နဲ့ Customs Duty မပါပဲ ရန်ကုန်အရောက်သွင်းတဲ့ ဈေးပေါ်မှာ တက်တာ” ဟု စက်သုံးဆီ တင်သွင်းသူ လုပ်ငန်းရှင်တစ်ဦးက ပြောပြခဲ့သည်။

ဆေးတင်သွင်းသူ လုပ်ငန်းရှင် တစ်ဦးက “၅ ရာခိုင်နှုန်းကနေ ၁၀ ရာခိုင်နှုန်း ဈေးတက်သွားတယ်။ ဒေါ်လာဈေးက ဒီအမြင့်ဈေးအတိုင်း သွားမယ်ဆိုရင်တော့ မိုးတွင်းဘက်မှာ ပိုတက်မယ်။ ဈေးကွက်အရကလည်း မိုးတွင်းဆို အကိုက်အခဲ၊ နှာစေး၊ အဖျားဖြတ်ဆေးတွေက ဈေးတက်လေ့ ရှိတယ်။ အခု ဈေးတက်တာနဲ့ ရာသီအရ ဈေးတက်တာ နှစ်ခုပေါင်းရင်တော့ ၁၀ ရာခိုင်နှုန်းမက ဈေးတက်မှာပါ” ဟု ပြောပြခဲ့သည်။

စားအုန်းဆီ ဈေးမှာလည်း တစ်ပိဿာ ၁၀၀ ကျပ် ချက်ခြင်းခုန်တက်လာပြီး အခြားသော အများပြည်သူ မရှိမဖြစ် သုံးရမည့် ပြည်ပသွင်းကုန်များ အားလုံးမှာလည်း ဒေါ်လာဈေး မြင့်တက်သည့် နှုန်းအတိုင်း အနည်းဆုံး ၁၀ ရာခိုင်နှုန်းအထက် မြင့်တက်မည် ဖြစ်သည်။

မြင့်တက်လာသည့် နှုန်းများအား ကြည့်လျှင် လပိုင်းအတွင်း၌ပင် ၁၀ ရာခိုင်နှုန်း မြင့်တက်သွားသည့်အတွက် တင်သွင်းလာသည့် ကုန်စည်များလည်း အနည်းဆုံး ၁၀ ရာခိုင်နှုန်း ဈေးမြင့်တက်လာသည်ဟု သိရသည်။

Source : EMG

ပုံရိပ်(burmesehearts.com)

မြစ်ဆုံကိစ္စနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်က တရုတ်နိုင်ငံအား စကားပါး

| မြန်မာ့သတင်း | 2 hours ago

မြစ်ဆုံကိစ္စနှင့် ပတ်သက်၍ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က မေ ၂၁ ရက်တွင် လွှတ်တော်အတွင်း ပြုလုပ်သည့် မီဒီယာတွေ့ဆုံပွဲတွင် တရုတ်နိုင်ငံသို့ စကားပါးလိုက်ကြောင်း သိရသည်။

မီဒီယာ တွေ့ဆုံပွဲတွင် Eleven Media Group မှ “တရုတ်သံရုံးနဲ့ ပတ်သက်တဲ့ အဖွဲ့အစည်းတွေက အန်တီတို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် တာဝန်ရှိသူတွေနဲ့တွေ့ရင် မြစ်ဆုံပြန်စဖို့ တောင်းဆိုလေ့ ရှိတယ်လို့ သိရပါတယ်။ အဲဒီတောင်းဆိုမှုတွေအပေါ် အန်တီအနေနဲ့ ဘယ်လိုသဘောထား ရှိပါသလဲ” ဟု မေးမြန်းရာ

ဒေါ်အောင်ဆန်းစုကြည်က ”အန်တီပြောချင်တာက တကယ်တော့ မြစ်ဆုံနဲ့ ပတ်သက်လို့ရှိရင် သမ္မတကြီးကိုပဲ ပြောဖို့ ရှိပါတယ်။ အန်တီတို့ အန်အယ်ဒီကိုပဲ ဘာဖြစ်လို့ လာပြောနေမှန်းကို အန်တီ မသိဘူး။ သမ္မတကြီးကိုပဲ ပြောရမှာပါ” ဟု ပြန်လည်ဖြေကြားခဲ့သည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်သည့် ကော်မရှင်ထံသို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ပြင်ဆင်လိုသည့် အချက်များကို တင်သွင်းရန်ရှိကြောင်း၊ လက်ရှိနိုင်ငံတော် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များ ငြိမ်းချမ်းရေး ကိစ္စများ ဆောင်ရွက်ရာတွင် ယခုထက် ပိုမိုပွင့်လင်းမြင်သာမှု ရှိရန်လိုအပ်ကြောင်း၊ တရားစီရင်ရေး မဏ္ဍိုင်တွင် အုပ်ချုပ်ရေးပိုင်းမှ ၀င်ရောက်စွက်ဖက်မှုကြောင့် ယိမ်းယိုင်နေကြောင်း ဒေါ်အောင်ဆန်းစုကြည်က သတင်းထောက်များ၏ မေးမြန်းမှုများကို ပြန်လည်ဖြေကြားခဲ့သည်။

ထို့ပြင် အမေရိကန်သမ္မတ အိုဘာမား ပြောသကဲ့သို့ နိုင်ငံတိုးတက်မှု အားမကောင်းသော်လည်း တိုးတက်မှုရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်က ထပ်မံပြောကြားခဲ့သည်။

Source : EMG

ပုံရိပ်(burmesehearts.com)

ပြုပြင်ပြောင်းလဲရေးကို ဆန့်ကျင်ဖျက်ဆီးလိုသူများ ရှိနေနိုင်ကြောင်း သမ္မတဦးသိန်းစိန် ပြော

| မြန်မာ့သတင်း | 2 hours ago

မြန်မာနိုင်ငံတွင် မိမိတို့၏ အကျိုးစီးပွားများ ခြိမ်းခြောက်ခံနေရ၍ ပြုပြင်ပြောင်းလဲရေးကို ဆန့်ကျင်ဖျက်ဆီးလိုသူများ ရှိနေနိုင်ကြောင်း သမ္မတဦးသိန်းစိန်က မေ ၂၀ ရက်က သမ္မတအိုဘားမားနှင့် တွေ့ဆုံအပြီး ဂျွန်ဟော့ကင်း တက္ကသိုလ်တွင် မိန့်ခွန်းပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့သည်။

ထို့ပြင် ၎င်း၏ အစိုးရသည် အပြောင်းအလဲကို ဘယ်တော့မှ လက်လျှော့မည် မဟုတ်ကြောင်း၊ အပြောင်းအလဲ အခြေအနေမှာ ခက်ခဲကြမ်းတမ်းမှုများနှင့် တွေ့ကြုံခဲ့ရကြောင်းနှင့် ပြည်သူလူထုသည် ဒီမိုကရေစီစနစ် ဖွံ့ဖြိုးလာမည်ကို တွေ့မြင်ချင်ကြကြောင်းလည်း သမ္မတ ဦးသိန်းစိန်က ပြောကြားသည်။

“ကျွန်တော်တို့ဟာ မြန်မာနိုင်ငံရဲ့ အထီးကျန်ဖြစ်မှုကို အဆုံးသတ်နိုင်အောင် ပြင်းပြင်းထန်ထန် ကြိုးပမ်းနေပါတယ်” ဟု သမ္မတဦးသိန်းစိန်က ပြောကြားသည်။

ထို့ပြင် သမ္မတ ဦးသိန်းစိန်က မြန်မာ-အမေရိကန် ဆက်ဆံရေး ခေတ်သစ်ထူထောင်ရန် ပြောကြားလိုက်ပြီး မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သော ပဋိပက္ခများ ချုပ်ငြိမ်းရေးနှင့် ပြစ်မှုကျူးလွန်ခဲ့သူများကို တရားဥပဒေကြောင်းအရ အရေးယူ အပြစ်ပေးသွားမည် ဖြစ်ကြောင်းလည်း ကတိပြု ပြောကြားသည်။

ကချင်လက်နက်ကိုင် အဖွဲ့နှင့် အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု မကြာမီ ရရှိနိုင်မည်ဟု ယုံကြည်ကြောင်းလည်း သမ္မတဦးသိန်းစိန်က ဂျွန်ဟော့ကင်း တက္ကသိုလ်မိန့်ခွန်းတွင် ထည့်သွင်းပြောကြားသည်။

Source : EMG

ပုံရိပ်(burmesehearts.com)

အမှိုက်ပုံးအတွင်းမှ လက်နက်နှင့် ကျည်ဆန်အတောင့် ၁၀၀ ကျော် တွေ့ရှိ

| မြန်မာ့သတင်း | 2 hours ago

ကြည့်မြင်တိုင်မြို့နယ် ဗိုလ်သူရလမ်းနှင့် ပိတောက်ပင် လမ်းထောင့်ရှိ အမှိုက်ပုံးအတွင်းမှ ပစ္စတိုတစ်လက်နှင့် လက်နက်အမျိုးအစား သုံးခု ကျည်ဆန်အတောင့် ၁၀၀ ကျော် တွေ့ရှိခဲ့ကြောင်း သိရသည်။

မေ ၂၀ ရက် ညနေ ၃ နာရီ ၄၅ မိနစ်က မြို့နယ်သန့်ရှင်းရေး တာဝန်ခံရုံးမှ နေ့စားဝန်ထမ်း မသင်းမြတ်စိုး (၃၂ နှစ်) သည် ကြည့်မြင်တိုင်မြို့နယ်၊ ဈေးကြီးအရှေ့ရပ်ကွက်၊ ဗိုလ်သူရလမ်းနှင့် ပိတောက်ပင် လမ်းထောင့်ရှိ အမှိုက်ပုံးအတွင်းမှ အမှိုက်ထုပ်များကို တွန်းလှည်းပေါ်တင်၍ ကျောင်းကြီးလမ်းနှင့် ဗိုလ်သူရလမ်းထောင့်ရှိ အမှိုက်ကန်သို့ သွားရောက်သွန်ခဲ့ကြောင်း သိရသည်။

ထိုအချိန်တွင် ကြွပ်ကြွပ်အိတ်ဖြင့် ထည့်ထားသည့် အိတ်တစ်လုံးအား မသင်္ကာဖွယ် တွေ့ရှိ၍ ကမ်းနားလမ်းရှိ မြို့နယ်သန့်ရှင်းရေး တာဝန်ခံရုံးသို့ သွားရောက် အပ်နှံခဲ့ကြောင်း၊ ဌာနခွဲမှူးမှ စစ်ဆေးခဲ့ရာ ပစ္စတိုတစ်လက်နှင့် ကျည်ဆန်များကို တွေ့ရှိခဲ့ကြောင်း သိရသည်။

ထိုအခါ ဌာနခွဲမှူးမှ ကြည့်မြင်တိုင်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးသို့ အကြောင်းကြားရာ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် စခန်းမှူးတို့မှ သွားရောက် စစ်ဆေးခဲ့သည်။

အဆိုပါ တွေ့ရှိရသော လက်နက်ခဲယမ်းများမှာ ၃၈ ပစ္စတိုအသေး စတီးရောင်တစ်လက်၊ နံပါတ် ၁၇၇၃၇၄ (ဒင်အဖုံးတွင် STAR TRADE MARK စာတမ်းပါ (အကောင်း)၊ ကျည်ဘောက် စတီးရောင်တစ်ခု (အကောင်း)၊ ၎င်းသေနတ်သုံး ကျည် ၁၃ တောင့် (အဟောင်း)၊ ပစ္စတိုထည့် အိတ်အနက်ရောင် တစ်ခု၊ M-၁၆ ကျည်ကတ် အတိုတစ်ခု (အဟောင်း)၊ M-၁၆ ကျည် ၅ ဒသမ ၅၆ နံပါတ်ပါ ၅၆ တောင့် (အဟောင်း)၊ ၉ မမ ကျည် ၂၂ တောင့် (အဟောင်း) နှင့် ကာဘိုင်ကျည် ၁၁ တောင့် (အဟောင်း) တို့အား သိမ်းဆည်းရမိခဲ့ပြီး ရဲစခန်းတွင် ထိန်းသိမ်းထားကြောင်း သိရသည်။

Source : EMG

ပုံရိပ်(burmesehearts.com)

Welcome to BurmeseHearts.com




Forgot?
Register

Facebook Friends

Recent Posts

Subscribe to our mailing list