အောင်မြင့်မြတ်(စစ်ကိုင်း) – ကိုယ်ပြုသည့်ကံ ပဲ့တင်သံ အပိုင်း-၁ (ဖြစ်ရပ်မှန်)

FacebookGoogle+LinkedInTwitterPinterestShare

သဖန်းပင်ရွာရဲ့ အရှေ့တောင်ထောင့်မှာ အုတ်ဖိုကျင်းတောကြီးရှိပြီး ရေကန်အကျယ်ကြီးလည်းရှိပါတယ်။ ရေပြည့်လျှံနေဲ့လများမှာဆို ငါး ၊ ပုစွန်တွေလဲ ပေါတဲ့အတွက် ငါး ၊ ပုစွန်ဖမ်းသူတွေလဲ ပေါပါတယ်။

ငါး၊ ပုစွန်ဖမ်းတဲ့အထဲတွင် “ပုလုံး” ဆိုတဲ့ ကလေးဟာ ကဏန်းလုံး(ပုစွန်လုံး) ရခဲ့ပြီဆို ညှပ်မကြီးကို ကြိုးချည်ပြီး မြေချဆွဲပြေးတတ်တာ သူ့အကျင့်။ ကြိုးနဲ့အဆွဲခံရသော ပုစွန်လုံးလေးမှာ မြေပြင်မှာ ဟိုဘက်၊ ဒီဘက်လှိမ့်လို့ ဟိုတိုက် ဒီတိုက်၊ ဟိုကျ ဒီကျနဲ့ ခြေတွေ လက်တွေကျိုး၊ အခွံမာကြီးလည်း အက်ကွဲပျော့စိသွားပြီး သေသွားတတ်သည်။

သီတင်းကျွတ်လပြည်နေ့က ပုလုံးတစ်ယောက် သူနဲ့ယဉ်ပါးနေတဲ့ ခွေးမှန်သမျှ အမြီးကို ကြိုးချည်၊ ကျန်တဲ့တစ်ဖက်မှာ နို့ဆီခွက်ကိုချည်ပြီး လွှတ်ပေးနဲ့လုပ်လို့ ကြိုးအချည်ခံလိုက်ရတဲ့ခွေးဟာ နောက်က နို့ဆီခွက် တန်းလန်းနဲ့ ကြောက်လန့်ပြီး ပြေးပေမယ့် သူကတော့ ဒါကို ဟားတိုက်ရယ်မောလျက်။ အမြီးနောက်ကို ယမ်းဗြောက်တွေ တပ်ပေးပြီး မီးရှို့လိုက်တာ ထပေါက်ကွဲပါလေရော။ တဒိုင်းဒိုင်းနဲ့ ဆက်တိုက်ပေါက်ကွဲနေတော့ ကြောက်အားပိုနေတဲ့ခွေးဟာ သေပြေး ရှင်ပြေး ပြေးသည်မှာ ဗီရိုကိုမှန်ချပ်လဲဖို့အတွက် လက်သမားကို နမူနာမှန်ဟောင်းပြမလို့ ယူလာတဲ့မှန်တစ်ချပ်နဲ့ ရွာဦးဆရာတော် ရွာအတွင်းကြွလာတဲ့အချိန် ၊ ထိန်လန့်တကြားပြေးလာတဲ့ခွေး တို့ဟာ ဘယ်လိုမှ ရှောင်ချိန်မရလိုက်ဘဲ တိုက်တိုက်ဆိုင်ဆိုင် ဝင်တိုးတဲ့အခါမှာ ဆရာတော်လဲပြိုကျသွားပြီး လက်အတွင်းကိုင်လာတဲ့ မှန်ချပ်ဟာ ကျောက်တုံးနဲ့ ရိုက်မိလို့ ကွဲသွားကာ ဆရာတော်ရဲ့ လည်မျိုကို စိုက်ဝင်သွားခဲ့တဲ့အတွက် ဆရာတော်ဟာ နေရာမှာတင် ပွဲချင်းပြီး ပျံလွန်တော်မူသွားခဲ့ပါတယ်။

တစ်ရွာလုံးမှာရှိတဲ့ ကလေးတွေ ၊ သာမဏေတွေကို ပညာသင်ကြားပေးနေတဲ့ဆရာတော်လဲဖြစ် ၊ တစ်ရွာလုံးကိုးကွယ်နေတဲ့ ဆရာတော်ကြီးရဲ့အဖြစ်ဆိုးကို သိမြင်ရတဲ့တစ်ရွာလုံး ယူကျုံးမရ ငိုကြွေးကြသည်။ ပုလုံးကိုလဲ မိဘနှစ်ပါး အဘိုးအဘွားကအစ ဝိုင်းရိုက်ကြတာ တစ်ကိုယ်လုံး အညိုအမည်းဒဏ်ရာအစင်းတွေစွဲထင်ပြီး အဖျားဝင်သွားသည်အထိ မသေရုံမြော့မြော့ကလေးသာ ကျန်သည်။

အဲဒီအချိန်ကစပြီး ပုလုံးရဲ့ အကျင့်ဗီဇဟာရပ်တန့်သွားတယ်ထင်ပါရဲ့။ ဒါပေမယ့် လောကမှာ မရပ်တန့်တဲ့အရာတွေ အရာတွေရှိနေတယ်။ ကံကြမ္မာဝဋ်ကြွေးဟာလည်း ဘယ်သောအခါမှ မရပ်တန့်တတ်ပါ။

ပုလုံးတစ်ယောက် လူပျိုပေါက်အရွယ်ရောက်ခဲ့ပြီ။ အသားညိုညို ၊ ပုပုလုံးလုံး ၊ နာမည်နှင့် လိုက်ဖက်၍ မြတ်ရိတ် ၊ ရေခပ် ၊ တောတက် ၊ မြင်းကျောင်း ၊ နွားကျောင်း နှင့် အားကောင်းမောင်းသန်မို့ မိဘများ အားကိုးခဲ့ရပြီ။ ငယ်ငယ်ကအကျင့်ဆိုးများပျောက်လို့ ရပ်ရွာမှ အားကိုးရသည်အထိပင်ဖြစ်ခဲ့ပြီ။

တစ်နေ့ ပုလုံးဟာ မြင်းသိုးကြီးစီးပြီး မြင်းကျောင်း ထွက်လာရာ စားကျက်ကျယ်ကျယ် ကွင်းပြင်အလယ် အနီးအနားက ထန်းပင် ၊ သစ်ပင်ကြီးတွေရဲ့ အရိပ်အာဝါသလဲကောင်း ၊ ရှေးဘုရားအို စေတီပျက်တွေ ၊ အုတ်ရိုးဟောင်းတွေ ပေါများတဲ့နေရာ ၊ ညနေခင်း နေညိုချိန်ဝယ် သီလရှင်ငယ်လေးတစ်ပါးက မြေနီလမ်းအတိုင်း ခြုံလွှာဝတ်ရုံ အဝါအရောင်လေးကို လေအဝင့်မှာ ဝဲလွင့်စေပြီး ပြေးလွှားလာရာ အစာစားနေတဲ့မြင်းသိုးမှာ လန့်ပြီး တ ဟီး ဟီး အော်မြည်ကာ ဒုန်းစိုင်းပြေးလေတော့သည်။

ပုလုံးဟာ မြင်းရဲ့ ကြိုးစကို သူ့ခါးမှာ အသေချည်ထုပ်ထားမိတော့ မြင်းကြီးပြေးသွားရာနောက် အလဲလဲအပြိုပြိုနဲ့ တရွတ်တိုက်ပါသွားရှာတယ်။ မြင်သိုးကြီးရဲ့ ခန်အားဗလနဲ့ ပြေးနှုန်းဟာ မြန်ဆန်လွန်းတာကြောင့် ခါးကြိုးတန်းလန်းပါသွားသူ ပုလုံးခမျာ ထန်းပင်တွေနဲ့ တိုက်မိတယ်။ အုတ်တံတိုင်းနဲ့ရိုက်မိတယ်။ ဆူငြောင့်တွေနဲ့ ထိုးမိတယ်။

ကယ်ပါ။ ယူပါ ပင် မအော်နိုင်ရှာဘဲ ညည်းညူသံ တိုးတိုးကလေးသာ ထွက်ကျကျန်ရစ်ရှာတယ်။ ဒီမြင်ကွင်းကို မြင်တွေ့နေရတဲ့ သူတွေအားလုံး အံ့သြစွာ ငေးကြောင်လို့ ဘယ်လိုကူညီရမလဲ ၊ ဘယ်လိုလုပ်ရမလဲ စဉ်းစားချိန်တောင် မရကြဘူး။ မြန်ဆန်လွန်းတဲ့ လျှပ်တပြက် အဖြစ်အပျက်အတွင်းမှာ အံ့သြထိတ်လန့် ခြောက်ခြားစွာ ကြည့်နေမိရုံမှတပါး အခြားမရှိခဲ့။

မြင်းကြီးက ရွာအတွင်းမှာရှိတဲ့ သူ့အိမ်ရောက်မှ ရပ်တန့်သွားတဲ့အခါ တရွာလုံး အုန်းအုန်းကျွတ်ကျွတ် ဖြစ်ကုန်ကြတယ်။ နှလုံးရောဂါသည်ဖြစ်တဲ့ ပုလုံးရဲ့အမေဒေါ်တင်စိန်ဟာ သားရဲ့ သွေးသံရဲရဲ အဖြစ်ဆိုးကို မျက်မြင်တွေ့လိုက်ရတော့

“အောင်မလေး .. ငါ့သားလေး သေ… သေ” ဆိုပြီး တက် မေ့ သွားလိုက်တာ သတိ ပြန်လည်မလာတော့ပါဘူး။ ရွာက တေးဆရာတွေနဲ့ အမျိုးမျိုးကြိုးစားကုကြပေမယ့် ဘယ်လိုမှ ကုမရဘဲ သေဆုံးသွားရှာတယ်။

ရှေ့ဆင့်နောက်ဆင့် ကွယ်လွန်သွားကြတဲ့ ဒေါ်တင်စိန်နဲ့ ပုလုံးအလောင်းနားမှာ ဆွေမျိုးတွေဟာ တစ်ပူပေါ် နှစ်ပူဆင့်လို့ ရှေ့နောက် ဝိုင်းဝိုင်းလည် ပူးဆွေးသောက ရောက်ကြရရှာတယ်။

မြင်းကြီးရဲ့ ဆွဲအားကြောင့် ခါးကြိုးအသေချည်ထားတဲ့ ပုလုံးဟာ ခါးရိုးကျိုးပြီး သစ်ငုတ် ၊ သစ်မြစ် ၊ ထန်းပင် ၊ အုတ်တံတိုင်းနဲ့ ရိုက်မိထားတဲ့ ဒဏ်ရာတွေကြောင့် ဦးခေါင်းခွံ ကွဲကြေနေတယ်။ မျက်စိနှစ်လုံး ပျောက်ဆုံးနေပြီး ခြေ လက်တွေ အပိုင်းပိုင်း ကျိုးကြေလို့ ခန္ဓာကိုယ်က အိမ်ရောက်ခဲ့ပေမယ့် လမ်းမှာတင် အသက်ပျောက်ခဲ့တာပါ။

ဖခင်ဖြစ်သူ ဦးကြည်မောင်နှင့်အတူ ကျန်သားသမီး သုံးဦးတို့ရဲ့ လွမ်းဆွေး ကြေကွဲစွာ ငိုကြွေးသံများဟာ ကြားရသူ စိတ်မချမ်းမြေ့စရာပါ။

ပုစွန်လုံးကို ကြိုးချည်ကာ ဆွဲပြေးလွှားခဲ့သော ပုလုံးကတော့ သူပြုခဲ့သော ကံတို့ဟာ ပဲ့တင်သံအဖြစ် သူ့ထံ ပြန်ရောက်လာခဲ့တာပါ။

၂၀၁၁ ဒီဇင်ဘာလထုတ် သူရဇ္ဇ မဂ္ဂဇင်း(၁၁)နှစ်ပြည့်အထူးထုတ် (အတွဲ ၁၁ ၊ အမှတ် ၁၂) စာမျက်နှာ ၁၂၄-၁၂၅ မှ ဖြစ်ရပ်မှန်အကြောင်းအရာကို စာဖတ်သူတို့ ဗဟုသုတ ရရန်အလို့ငှါ ထည့်သွင်းဖော်ပြပေးလိုက်ပါတယ်။ (မူရင်းစာမူမှ ချုံ့ဖော်ပြခြင်းဖြစ်သည်။)

ပုံရိပ်(burmesehearts.com)

 

ကြက်ဟင်းခါးသီးကြော်

ကြက်ဟင်းခါးသီးကြော်အတွက် လိုအပ်သော ဟင်းလျာများမှာ ကြက်ဟင်းခါးသီး ၄လုံး၊ ကြက်သွန်နီ ၁လုံး၊ ကြက်သွန်ဖြူ အနည်းငယ်၊ ဆီ ထမင်းစားဇွန်း (၂)ဇွန်း၊ ငရုပ်စိမ်းမှုန့် လ္ဘက်ရည်ဇွန်း ၁ဇွန်းခွဲ၊ ပုစွန်ခြောက်မှုန့် ထမ်င်းစားဇွန်း (၁)ဇွန်း၊ ဆား ထမင်းစားဇွန်း ၁ဇွန်း၊ ငံပြာရည် ထမင်းစားဇွန်းတဝက်၊ ကြက်သားမှုန့် လ္ဘက်ရည်ဇွန်း ၁ဇွန်း တို့ ဖြစ်ပါတယ်။

ပထမဦးစွာ ကြက်ဟင်းခါးသီးကို ထိပ်ပိုင်းနှစ်ခုအား အနည်းငယ်လှီးဖြတ်ပြီး အရှည်လိုက် နှစ်ခြမ်းခွဲလှီးပါ။ ပြီးရင် အတွင်းနံရံမှာကပ်နေတဲ့ ကြက်ဟင်းခါးသီးအစေ့များအား  ပြောင်အောင်ထုတ်ပစ်ပါ (မပြောင်လျှင် ပိုခါးတတ်သည်။) အစေ့ထုတ်ပြီးသား ကြက်ဟင်းခါးသီးများကို အတွင်းရော၊ အပြင်ပါ ရေစင်စင် ထပ်မံဆေးကြောပါ။ ပုံထဲကအတိုင်းအတွင်းနံရံတွေပြောင်တဲ့အထိ ဆေးကြောရပါမယ်။

ရေစင်စင်ဆေးထားတဲ့ ကြက်ဟင်းခါးသီးများအား မထူမပါး ကန့်လန့်လှီးပါ။ ပြီးရင် ဇလုံထဲ ဆားတွေအကုန်လောင်းထည့်ပြီး ကြက်ဟင်းခါးသီးကို ဖွဖွလေးအနှံ့ သမအောင်နယ်ပေးပါ။ (အားနဲ့နယ်ရင် ကြက်ဟင်းခါးသီးတွေ ကျိုးကြေကုန်ပြီး ပုံစံပျက်သွားတတ်ပါတယ်။) နယ်ပြီးသွားတဲ့ ကြက်ဟင်းခါးသီးကို ဆယ်မိနစ်ခန့် ဒီအတိုင်းထားလိုက်ပါ။

ကြက်သွန်နီနဲ့ ကြက်သွန်ဖြူကို အခွံနွှာပြီး အနေတော်လှီးပါ။ ဆားနယ်ထားတဲ့ ကြက်ဟင်းခါးသီးကို နှံ့အောင် ထပ်နယ်လိုက်ပါ။ (ဒီတစ်ခါ အားနဲ့ထည့်နယ်နိုင်ပါတယ်။) ကြက်ဟင်းခါးသီးနဲ့ ဆားပျော်တဲ့အရည်တွေ ထွက်လာရင် ကြက်ဟင်းခါးသီးကို ရေနဲ့ဆေး၍ အရည်ညှစ်ထုတ်ပါ။ (အနည်းဆုံးသုံးကြိမ် ပြုလုပ်ပေးပါ။ နောက်ဆုံးအကြိမ် ကြက်ဟင်းခါးသီးမှာ အရည်ညှစ်ထုတ်တဲ့အခါ ရေစင်ရပါမယ်။ မစင်လျှင် ကြက်ဟင်းခါးသီးကြော်ပါက ခြောက်မနေပဲ အရည်ရွှံ့ဗွက်ကြီးဖြင့် စားမကောင်းတတ်ပါ။ ကြာရှည်မခံတတ်ပါ။ အရည်ခြောက်တဲ့အထိ မီးဖိုပေါ်ထားပါကလည်း ကြက်ဟင်းခါးသီးများ အနူးလွန်သွားတတ်ပါတယ်။)

ရေစင်စင်ညှစ်ထားတဲ့ ကြက်ဟင်းခါးသီးကို လျှာဖျားနဲ့ တို့ကြည့်လို့ သိပ်ပြီးငန်တဲ့ဓါတ်မရှိတော့ဘူးဆိုရင် ဒယ်အိုးထဲ ဆီထည့်ပါ။ ဆီပူလာလျှင် လှီးထားတဲ့ ကြက်သွန်နီနှင့်ဖြူကို ထည့်ပါ။ တစ်မိနစ်လောက်နေလို့ ဆီကျက်လာလျှင် မီးလျှော့ပြီး ငရုပ်စိမ်းမှုန့်ထည့်ပါ။ (မီးပြင်းလျှင် ငရုပ်စိမ်းမှုန့် ချက်ချင်းတူးသွားတတ်၍ ဟင်းအရသာ နှင့် ဟင်းအရောင် ပျက်သွားတတ်ပါတယ်။)

ငရုပ်စိမ်းမှုန့်ကျက်ပါက ပုဇွန်ခြောက်မှုန့်ကို အိုးထဲထည့်မွှေပါ။ တစ်မိနစ်လောက်မွှေပြီးပါက ကြက်ဟင်းခါးသီး၊ ကြက်သားမှုန့်၊ ငံပြာရည်တို့ကို တခါတည်း ထည့်မွှေ၍ ၂မိနစ်ခန့် အဖုံးအုပ်ထားပါ။ ပြီးလျှင် အိုးအဖုံးဖွင့်၍ ထပ်မွှေပါ။ ကြက်ဟင်းခါးသီးကို မြည်းကြည့်၍ ကိုယ်ကြိုက်တဲ့ အရသာနှင့် အနူးအကျက်ရပြီဆို ခူးခပ်၍  အဆင်သင့်စားသုံးနိုင်ပါပြီ။

 

 

 

 

 

 

 

ပုံရိပ်(burmesehearts.com)

ကြက်သားနဲ့ ဘူးသီး


 ကြက်သားနှင့် ဘူးသီးချဉ်ရည်ဟင်းအတွက် လိုအပ်သော ပစ္စည်းများမှာ ကြက်သား(၂၀၀ဂရမ်)၊ ဘူးသီး (၄၅၀ ဂရမ်)၊ ခရမ်းချဉ်သီး နှစ်လုံး၊ ကြက်သွန်နီ (၁)လုံး၊ ကြက်သွန်ဖြူ သုံးမွှာ၊ ဂျင်း လက်တဆစ်၊ စပါးပင် လက်တဝါးသာသာ၊ နံနံပင် အနည်းငယ်၊ ဆီ ထမင်းစားဇွန်း ၂ဇွန်း (ဟီဟိ- ဓါတ်ပုံရိုက်တုန်း ထည့်ရိုက်ဖို့ မေ့သွားလို့ ခွင့်လွှတ်နော်။) နနွင်းမှုန့်အနည်းငယ်၊ ငရုပ်စိမ်းမှုန့် လ္ဘက်ရည်ဇွန်း ၁ဇွန်း၊ ငံပြာရည် ထမင်းစားဇွန်း ၁ဇွန်း၊ ဆား လ္လက်ရည်ဇွန်း ၂ဇွန်း၊ ကြက်သားမှုန့် လ္ဘရည်ဇွန်း ၁ဇွန်းတို့ လိုအပ်ပါတယ်။

 

 

 ပထမဦးစွာ ကြက်သားကို အနေတော် ခုတ်ပြီး ဆားအနည်းငယ်၊ နနွင်းမှုန့်အနည်းငယ်၊ ကြက်သားမှုန့်အနည်းငယ်နဲ့ နယ်ထားပါ။ ပြီးလျှင် ဂျင်း၊ ကြက်သွန်နီ၊ ဖြူကို လှီး၍ ထောင်းထားပါ။ စပါးလင်ကိုလဲ လှီး၍ထောင်းထားပါ။ ခရမ်းချဉ်သီးလှီးထားပါ။ ဘူးသီးကိုလဲ အခွံနွှာ၍ အနေတော်လှီး၍ ရေစိမ်ထားပါ။(ရေမစိမ်ထားလျှင် ဘူးသီးကလေသလပ်၍ခြောက်ပြီး အရောင်ပြောင်းသွားတတ်ပါတယ်။) နံနံပင်ကိုလဲ အသင့်လှီးထားပ။အားလုံးအဆင်သင့် ဖြစ်ပါက စချက်၍ရပါပြီ။

အိုးထဲဆီထည့်၍ ဆီဆူလာသောအခါ ထောင်းထားသော ဂျင်း၊ ကြက်သွန်ဖြူနီကိုအရင်ထည့်ပါ။ ကြက်သွန်ဖြူနီထည့်ပြီး မိနစ်ဝက်လောက်နေမှ စပါးလင်ကို ထည့်ပါ။(စပါးလင်မထည့်ခင် မီးလျှော့ထားပါ။ မီးပြင်းလျှင် စပါးလင်တူးတတ်ပြီး ဟင်းအရသာ ခါးသွားတတ်ပါတယ်။)     ၁မိနစ်လောက်မွှေပေးပြီး ငရုပ်စိမ်းမှုန့်ထည့်ပါ။ တစ်မိနစ်လောက်နေလို့ ငရုပ်စိမ်းမှုန့်ကျက်လောက်တဲ့အခါ ခရမ်းချဉ်သီး ထည့်မွှေပါ။ ခရမ်းချဉ်သီးလိပ်သွားသည်အထိ မွှေပြီးသောအခါ ကြက်သားထည့်မွှေပါ။ ပြီးရင် ရေလ္ဘက်ရည်တစ်ခွက်စာထည့်ပြီး အဖုံးအုပ်ထားပါ။ ရေမခမ်းတခမ်းဖြစ်လာလျှင် နောက်ထပ် ရေလ္ဘက်ရည်တစ်ခွက်စာထည့်ပြီး အဖုံးပြန်အုပ်ထားပါ။ (ရေများများထည့်ပါက ကြက်သားနူးဖို့ ကြာတတ်သည်။) ကြက်သားမနူးတနူး အနေဖြစ်လာပါက ဘူးသီးကို ရေစစ်ပြီးထည့်မွှေပါ။ ပြီးရင် ရေလ္ဘက်ရည်တစ်ခွက်စာထည့်ပြီး အဖုံးအုပ်ထားပါ။ (ရေထည့်များပါက ဘူးသီးနူးဖို့ကြာတတ်သည်။) ၅မိနစ်ခန့်နေလျှင် ဘူးသီးနှင့်ကြက်သားအား ထပ်မွှေပေးပါ။ ဘူးသီးအရောင်က အဖြူရောင်အနေအထားမှ အရောက်ကြည်လာပါက ဘူးသီးကျက်နေပြီမို့ ဘူးသီးအရောင်ပြောင်းသွားပါက ကိုယ်လိုသလောက်ရေထည့်ပြီး အဖုံးအုပ်ထားပါ။

ဟင်းရည်ပွက်လာပါက ဆား၊ ကြက်သားမှုန့်၊ ငံပြာရည် စတာတွေကို လောင်းထည့်ပါ။ ဆူပွက်လာလျှင် အရသာမြည်းကြည့်ပါ။ အရသာအနေတော်ဖြစ်ပါက နံနံပင်အုပ်မီးပိတ်ပြီး အဖုံးအုပ်ထားပေးပါ။ ၂မိနစ်လောက်နေလျှင် ဘူးသီးနှင့် ကြက်သား ချဉ်ရည်ဟင်းအား အသင့်ခူးခပ်စားလို့ရပါပြီ။

ပုံရိပ်(burmesehearts.com)

ချဉ်ပေါင်ကြော် စားမလား

 

 

 

 

 

 

 

 

 

ချဉ်ပေါင်ကြော်အတွက် လိုအပ်သောပစ္စည်းများမှာ ဆီ ထမင်းစားဇွန်း နှစ်ဇွန်း၊ ချဉ်ပေါင် (၅၀၀)ဂရမ်၊ မျှစ်(၁၅၀)ဂရမ်၊ နံနံပင် အနည်းငယ်၊ ငရုပ်သီးစိမ်းအနည်းငယ်၊ ငံပြာရည် ထမင်းစားဇွန်း တစ်ဇွန်း၊ ငရုပ်အစိမ်းမှုန့် လ္ဘက်ရည်ဇွန်း(၁)ဇွန်း မောက်မောက်၊ ပုစွန်ခြောက်မှုန့် ထမင်းစားဇွန်း(၁)ဇွန်း၊ ဆား လ္ဘက်ရည်ဇွန်း(၁)ဇွန်း၊ ကြက်သားမှုန့် လ္ဘက်ရည်ဇွန်း(၁)ဇွန်း တို့လိုအပ်ပါတယ်။

ပထမဦးစွာ ချဉ်ပေါင်ကိုသင်ပြီး ရေဆေးထားပါ။ အရွက်ကြီးကြီးဖြစ်နေတာ မကြိုက်တဲ့သူတွေက ရေမဆေးခင် ချဉ်ပေါင်ကို လိုတဲ့အနေလောက်ကလေးတွေ ကတ်ကြေးနဲ့ ညှပ်ထားလို့ရပါတယ်။ ပြီးရင် မျှစ်ကို ကိုယ်စားချင်တဲ့ အဝိုင်၊ အရှည် လိုသလိုလှီး၍ဆေးထားပါ။ ငရုပ်သီးကိုလဲ အညှာခြွေပြီး အလယ်က ထက်ခြမ်းခွဲထားပါ။

နံနံပင်ကို ရေဆေးပြီး မကြီးမသေးလှီးထားပါ။ အခုဆို စချက်လို့ရနေပါပြီ။

(ချဉ်ပေါင်ကြော်ကို ကြာကြာခံအောင် သိမ်းမထားဘဲ အစုံထည့်ချင်သူတွေကတော့ ကြက်သွန်နီ အနေတော်တစ်လုံး၊ ကြက်သွန်ဖြူ အရွယ်တော်(၄)မွှာ၊ ရုံးပတီသီး(၁၀၀)ဂရမ် တို့ကို ကိုယ်ကြိုက်တဲ့အရွယ်အစားလှီးထားရပါမယ်။)

မီးဖိုပေါ်တင်ထားတဲ့ အိုးပူလာရင် ဆီထည့်ပါ။ (ကြက်သွန်နီ၊ ဖြူ ပါသူတွေက ဆီဆူလာရင် ကြက်သွန်နီ၊ ဖြူထည့်ပါ)။ မီးပြင်းနေရင် နည်းနည်းလျှော့ပြီး ငရုပ်စိမ်းမှုန့်ကိုထည့်ပါ။ (မီးပြင်းလွန်းရင် ငရုပ်စိမ်းမှုန့်က ထည့်တာနဲ့ မည်းတူးသွားတတ်ပါတယ်။ အဲဒီအခါ အနံ့အရသာပျက်သွားတတ်ပါတယ်။) ငရုပ်စိမ်းမှုန့်ကျက်လာရင် မျှစ်ကိုထည့်မွှေပါ။

မျှစ်ထည့်ပြီး (၂)မိနစ်လောက် မီးဖိုပေါ်မွှေပြီးရင် ငရုပ်သီးစိမ်းတောင့် ထက်ခြမ်းခွဲလှီးထားတာထည့်ပါ။ (ငရုပ်သီးစားလို့ ဗိုက်နာတတ်သူတွေအတွက်ပါ။ ငရုပ်သီးအစိမ်းတောင့် ကျက်သွားရင် ဗိုက်မနာတတ်ပါဘူး။) ပြီးရင် ပုစွန်ခြောက်မှုန့်ထည့်ပါ။ ခဏရောမွှေပြီးတာနဲ့ ချဉ်ပေါင်ထည့်ပါ။ (ဒီမှာသတိထားရမှာက ချဉ်ပေါင်မထည့်မီ မီးပြင်းနေပါက မီးအားနည်းနည်းလျှော့ချပေးပါ။ မီးအားကြောင့် ထည့်ထည့်ချင်း ချဉ်ပေါင်တွေ အိုးကပ်သွားတတ်ပါတယ်။)

ချက်တဲ့အိုးက သေးနေပါက ချဉ်ပေါင်ထည့်လိုက် မွှေလိုက်နဲ့ နည်းနည်းစီထည့်မွှေပေးပါ။ ချဉ်ပေါင်အကုန်ထည့်ပြီးရင် ဆား၊ ငံပြာရည်၊ ကြက်သားမှုန့်တို့ကို ထည့်ပြီးမွှေပေးပါ။ မြန်မြန်နူးအောင် အဖုံးအုပ်ပြီး ခဏခဏဖွင့်မွှေပေးပါ။ (၁၀)မိနစ်လောက်မွှေပြီးတဲ့အခါမှာ ချဉ်ပေါင် နူးအိလာပါလိမ့်မယ်။ အဲဒီအခါမှာ နံနံပင်(ရုံးပတီသီး၊ ငရုပ်သီးစိမ်း မနူးတနူးကိုက်စားချင်သူတွေက ငရုပ်သီးစိမ်းကိုအခုမှ)ထည့်၊ ပြန်မွှေပြီး အဖုံးအုပ်ထားပါ။ (၂)မိနစ်လောက်နေရင် မီးပိတ်လိုက်ပါ။ အဲဒီအခါမှာ အသင့်စားလို့ရပြီဖြစ်တဲ့ ချဉ်ပေါင်ကြော်ကို ရပါမယ်။

ပုံရိပ်(burmesehearts.com)

Cover Letter ကောင်းတစ်ခုဖြစ်ဖို့

အလုပ်တစ်ခုလျှောက်ပြီဆိုရင် Cover Letter ကောင်းကောင်းတစ်ခု ရေးထားနိုင်တဲ့အခါ အလုပ်ခန့်မယ့်သူရဲ့ စိတ်အာရုံဟာ ကိုယ့်အလုပ်လျှောက်လွှာကို ပိုဦးစားပေး စဉ်းစားလာကြတယ်လို့ သိရပါတယ်။

အထူးသဖြင့် ကိုယ့်ရဲ့ Cover Letter မှာ ကိုယ်လုပ်နိုင်တဲ့အရာတွေကို highlight ပြနိုင်ရပါမယ်။ ဥပမာအားဖြင့် ကိုယ်လျှောက်တဲ့ ရာထူးနေရာကို ကိုယ်ဘယ်လောက် ပိုင်နိုင်ကျွမ်းကျင်စွာလုပ်ခဲ့သလဲ၊ လုပ်နိုင်သလဲဆိုတာကို တိုတိုတုတ်တုတ်၊ ရှင်းလင်းရေသားဖော်ပြထားခဲ့ရင် ကိုယ့်ရဲ့ ကိုယ်ရေးရာဇဝင်အရှည်ကြီးဖတ်နေစရာမလိုတော့ပဲ ဒီရာထူးဟာ ကိုယ်နဲ့သာအကိုက်ညီဆုံးလို့ ခန့်မယ့်သူက သတိထားမိအောင် ရေးထားဖို့ ဆိုလိုတာပါ။

ကိုယ်ရေးတင်မယ့် Cover Letter ဟာ အထူးသဖြင့် တိုတိုတုတ်တုတ်နဲ့ ဆိုလိုရင်းကို ရှင်းရှင်းလင်းလင်းဖော်ပြထားရပါမယ်။

ဒီ  Cover Letter ထဲ ဘာတွေပါရမလဲဆိုတော့

  • ကိုယ်ဘယ်နေရာ၊ ရာထူးလျှောက်တယ်ဆိုတာ ဖော်ပြထားရပါမယ်။
  • ဖြစ်နိုင်ရင် ဒီနေရာဟာ ကိုယ့်အတွက်ဘာကြောင့် အသင့်တော်ဆုံးလဲဆိုတာကို အကြောင်းအရာသုံးမျိုးနဲ့ ဖော်ပြထားနိုင်ရင် အကောင်းဆုံးပါ။
  • ဒီလိုနေရာ၊ ရာထူးကို ကိုယ်ဘယ်နေရာမှာ ဘယ်လောက်ကာလ အချိန်အတိုင်းအတာအထိ လုပ်ခဲ့သလဲဆိုတာကို ဖော်ပြထားရပါမယ်။ ဖြစ်နိုင်ရင် အလုပ်သုံးခု၊ အများဆုံးလေးခုလောက်သာ ဖော်ပြထားရမှာပါ။
  • သင့်ကို ဆက်သွယ်လို့ရမယ့် ဖုန်းနံပါတ်နဲ့ အီးမေးလ် လိပ်စာတွေကို ထည့်သွင်းဖော်ပြထားရပါမယ်။
  • အထူးသဖြင့်ကတော့ ရှုပ်ရှုပ်ထွေးထွေး ရေးသားခြင်းတွေကို ရှောင်ကြဉ်ပြီး ရှင်းရှင်းလင်းနဲ့ professional ကျကျ ဖော်ပြပေးထားရမှာပါ။

Cover Letter ရေးသားနည်းကို ဒီက ဆီလျော်အောင် ဘာသာပြန် ကူးယူဖော်ပြခြင်းဖြစ်ပါသည်။

ပုံရိပ်(burmesehearts.com)