ကလေးများအား ဆုံးမသွန်သင်ခြင်း အပိုင်း(၁၁)

Mind Filter

0

Mind Filter ကို မြန်မာလို အမြန်နဲ့အလွယ်လေး  ဘယ်လိုဘာသာပြန်ရမလဲမသိဘူး။ ရေကိုစစ်တော့ ရေစစ်ပေါ့ တခြားအရာတွေကို စစ်ထုတ်ရင် ဇကာနဲ့စစ်ထုတ်တယ်လို့ ဆိုပြန်ရော။ တကယ်တော့ ကိုယ်လိုချင်တာကို သန့်စင်စစ်ထုတ်လိုက်တဲ့အရာလေးကို Filter လို့ခေါ်မလား။ ကျွန်မက စိတ်ဆိုတဲ့အရာကို သန့်စင်အောင် မလိုတဲ့ စိတ်ညစ်နွမ်းစရာတွေကို စစ်ထုတ်လိုတာမို့  Mind Filter လို့ နာမည်ပေးခဲ့တာ။

ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံးပုပ်သလိုမျိုး မကောင်းတဲ့စိတ်ကို မိမိရင်ထဲ ကိန်းအောင်းထားနေသမျှ မိမိစိတ်ဟာလည်း တဖြည်းဖြည်း ညစ်နွမ်းမှုတွေဖြစ်နေမှာပါ။ လုံးဝပုတ်စပ်စေတဲ့စိတ်ဆိုရင်တော့ စိတ်ပုတ်စိတ်ယုတ်တွေ အားမကောင်းခင် အမြန်လေး စစ်ထုတ်လိုက်တာက ပိုကောင်းမယ်။

ကြည်လင်နေတဲ့ရေထဲကို ဘာလေးပဲထည့်ထည့် အတိုင်းသားမြင်နေရတယ်။ မကောင်းတာဆို သိတာနဲ့ခပ်မြန်မြန်လေး ဖယ်ထုတ်လိုက်မှ ရေကြည်လေး မပျက်စီးသွားမှာ။ မကောင်းတာ ဝင်လာပြီဆိုတာသိအောင်လို့ သတိလေးနဲ့ စောင့်ကြပ်ရပါတယ်။ သိနေတဲ့စိတ်ကလေးဟာ သတိပေါ့။ သိစိတ်လေးနဲ့ မကောင်းတာ စစ်ဖယ်ထုတ်လိုက်တာကို Mind Filter လို့ ခေါ်မလား။

ကျွန်မတို့ အမေ့ဝမ်းထဲက ထွက်လာတုန်းက စိတ်ကလေးဟာ ကြည်လင်သန့်စင်နေတဲ့ ရေလိုပဲ ဘာဆိုဘာမှ မသိသေးပါဘူး။ ဒါကြောင့် ကလေးတွေဟာ အပြစ်ကင်းတယ် ၊ ဖြူစင်တယ်လို့ ပြောကြတာ။ နောက်ပိုင်းမှာ ဟိုဟာလိုချင် ၊ ဒီဟာလိုချင်ဆိုတဲ့ လောဘစိတ်တွေဝင်လာ ၊ ဟိုဟာအလိုမကျ ၊ ဒီဟာအလိုမကျတဲ့နောက် ဒေါသစိတ်တွေဝင်လာ ၊ ဒါတွေ မိမိစိတ်ထဲ ကိန်းအောင်းကြီးထွားလာမှန်းမသိတဲ့ မောဟစိတ်တွေကြောင့် ကျွန်မတို့စိတ်တွေဟာ စတင်ညစ်နွမ်းလာပါတယ်။

ကလေးစိတ်ဆိုးရင် လူကြီးကချော့သလို ကလေးတွေ စိတ်ညစ်နွမ်းလာတာကို လူကြီးတွေက သန့်စင်ပေးရမယ့်တာဝန်ရှိပါတယ်။ နောက်ပိုင်းမှာ သူတို့စိတ်ကလေး ညစ်နွမ်းနေတာ သူတို့ကိုယ်တိုင်သိရှိပြီး သူတို့ကိုယ်တိုင် သန့်စင်နိုင်အောင် Mind Filter လေး တပ်ပေးလိုက်ရုံပေါ့။ ကျွန်မသမီးလေးကို တစ်နှစ်အောက်အရွယ်ကတည်းက သိနေတဲ့စိတ်ကလေးရယ် ၊ ကိုယ်ချင်းစာစိတ်ကလေးရယ် ၊ တန်ဖိုးထားစိတ်ကလေးရယ် ကျင့်ပေးပြီး အသက်(၆)နှစ်လောက်ကနေ ဗုဒ္ဓဘာသာကို အခြေခံလို့ မဖြစ်သင့်တဲ့ လောဘ၊ ဒေါသ၊ မောဟ တွေနဲ့ အမှားတွေ မဆက်နေအောင် သင်ပေးခဲ့တယ်။

လောဘ ၊ ဒေါသ ၊ မောဟရဲ့ သဘောကို ကောင်းကောင်းသိပြီး အဲဒါတွေ မိမိစိတ်မှာ ဖြစ်ပေါ်လာပြီဆိုတာနဲ့ အားမကြီးလာခင် စိတ်ထဲက ဖယ်ထုတ်တတ်အောင် Mind Filter လေးအကြောင်းကို သမီးကို (၇)နှစ်ကျော်လာတော့ သင်ပေးဖြစ်တယ်။ ဒီ မကောင်းတဲ့စိတ်တွေကို ဖယ်ထုတ်နိုင်ပြီဆိုရင်တော့ မိမိရဲ့ တည်ငြိမ်တဲ့စိတ်ကလေးကို ထိန်းထားနိုင်တာပေါ့။ မမှားသင့်တာတွေ ရှေ့ဆက် မမှားတော့ဘူးပေါ့။

လောဘ ၊ ဒေါသ ၊ မောဟတွေဝင်လာပြီး သူတို့ အားကောင်းလာတဲ့အခါမှာ မနာလိုစိတ်တွေ ၊ ဖျက်လိုဖျက်စီးစိတ်တွေ ၊ ခိုးယူလိုစိတ်တွေ စသဖြင့်ပေါ်လာပြီး ဒီစိတ်တွေ မထိန်းနိုင်တဲ့အချိန် အမှားတွေကျူးလွန်မိတတ်တယ်။ ဒါကိုလည်း သမီးလေးကို သူကြုံရတဲ့ တကယ့်အဖြစ်အပျက်တွေနဲ့ သင်ပေးလေ့ရှိပါတယ်။

ကျွန်မရဲ့သမီးလေးဟာ ဟိုးဘေဘီလေးကတည်းက ဆံပင်အရှည်တွေကို သိပ်သဘောကျတာ။ သူ့မှာလည်း ဆံနွယ်ဖြောင့်ဖြောင့်စင်းစင်းလေးတွေရှိတော့ ဒီဆံပင်ကို ညှပ်ရင်မကြိုက်ဘူး။ ကျွန်မကလည်း သူသဘောကျတယ် ၊ အရှည်ထားလို့လည်း လှနေတာမို့ မညှပ်စေဘဲ ထိန်းသိမ်းတာမျိုးပဲလုပ်တော့ ကလေးငယ်ပေမယ့် ဆံပင်ရှည်လေးနဲ့ ရွယ်တူတွေကြား တမျိုးထူးခြားနေတာပေါ့။

သမီးရဲ့ သူငယ်ချင်းမလေးတစ်ဦးကတော့ အမေတူဆံပင်ဖွာဖွာ ပွပွလေးတွေနဲ့မို့ သူ့အမေက အမြဲအတို နားရွက်နားလောက်ပဲ အမြဲညှပ်ပေးတယ်တဲ့။ ဒါပေမယ့် အဲဒီကလေးမလေးဟာ သမီးလေးရဲ့ဆံပင်ရှည်တွေ ညှပ်ပစ်ဖို့ ကျွန်မကိုရော သမီးလေးကိုပါ မြင်တိုင်းပြောလေ့ရှိတယ်။ တနေ့တော့ ကလေးတွေ အတူတူကစားတုန်း သမီးရဲ့ဆံပင်အရှည်ကြီးစည်းထားတာကို ဆွဲပါလေရော။ သမီးလေးကနာတယ်ပြောလည်းမလွှတ်ဘူး။ ဘာလို့ဆွဲသလဲမေးကြည့်တော့ အသည်းယားလို့တဲ့။ အဲဒါကို သမီးလေးက နားမလည်ဘူး။ ဘာကြောင့် သမီးဆံပင်တွေကို အသည်းယားသလဲမေမေတဲ့။

အိမ်ရောက်တော့မှ သမီးကိုရှင်းပြရတယ်။ အဲဒီကလေးမလေးဟာ သမီးလို ဆံပင်အရှည်ဖြောင့်စင်းစင်းတွေ သူ့မှာရှိနေချင်ပေမယ့် မရနိုင်တဲ့အတွက်ကြောင့်မို့လို့ ဆံပင်ရှည်ကြီးတွေ ညှပ်ပစ်ဖို့ သမီးကိုကော ၊ အမေ့ကိုပါ ပြောတယ်။ ကိုယ့်မှာမရှိနိုင်တဲ့အရာ သူများမှာရှိပြီး ကြည့်လို့လှနေတာကို မုဒိတာမပွါးနိုင်ဘဲ မနာလိုစိတ်တွေဖြစ်နေတဲ့သဘော။ သူဖြစ်စေချင်တဲ့အတိုင်း မညှပ်ပစ်တော့ အခွင့်အရေးရတုန်း ဒီဆံပင်ရှည်တွေကို ဆွဲပစ်တာ ရှိနေတဲ့သူလည်း နာစေတော့ ၊ မရှိတဲ့သူမကိုယ်တိုင်လည်း ဒီလိုလုပ်ရင်း စိတ်ပြေစေတော့ဆိုတဲ့သဘောပေါ့။ ဒါတောင် ကလေးတွေ (၆)နှစ်ကျော်နေပြီ။

ကျောင်းကအပြန် အိမ်အပြန်လမ်းကတူနေတော့ ရှောင်လို့မလွတ်တဲ့ သူတို့နှစ်ယောက်ကို အမြဲလိုကျွန်မ သတိထားကြည့်ရတယ်။ အဲဒီကလေးမလေးက သမီးလေးကို လစ်ရင်လစ်သလို အနောက်က အကြောင်းမရှိ ဆောင့်တွန်းလေ့ရှိတယ်။ အမေတွေအချင်းချင်းခင်နေတော့ စာကြည့်တိုက်သွားရင်လည်း အတူတူဆိုတော့ အဲဒီကလေးမလေးဟာ သမီးရဲ့ အိတ်မှာဆွဲထားတဲ့ အရုပ်ကလေးတွေကို ဆွဲဖြုတ်ဖျက်စီးတာ ၊ သမီးရဲ့ပစ္စည်းတွေဆို အမြဲလို ယူလုပ်ပြီး ပြန်မပေးလိုတာတွေနဲ့ လူကြီးတွေ မျက်နှာနာရတဲ့အထိ ဖြစ်လာတတ်တယ်။

ဒါတွေဟာ ဒီကလေးမလေးရဲ့စိတ်ထဲမယ် မနာလိုစိတ် အရမ်းအားကောင်းလွန်းနေတာမို့ သူမနာလိုဖြစ်နေတဲ့ သမီးလေး ချော်လဲအနာတရဖြစ်အောင် အခါအခွင့်သင့်တိုင်း နောက်ကတွန်းတာ ၊ သမီးလေးရဲ့ဆံပင်တွေဆွဲတာ ၊ သမီးလေးရဲ့ ပစ္စည်းကိုမှ ယူသုံးလိုတာ ၊ ယူသုံးလို့မရတဲ့ ပစ္စည်းတွေဆိုရင်တော့ မသိခင် ဖျက်စီးပစ်လိုက်တာတွေ ဖြစ်နေတာလို့ သမီးလေးကိုရှင်းပြရတယ်။

ဒါဆိုရင် မေမေက သမီးကို တစ်ခုဝယ်ပေးတိုင်း သူ့အတွက် တစ်ခုကို သမီးစုဗူးထဲက ဝယ်ပေးမယ်လေတဲ့။ ကျွန်မသမီးလေးကပြောရှာတယ်။ ကိုယ်က ငွေစိုက်ပြီး ဒီလိုဝယ်ပေးဦးတော့ သူတို့ရဲ့မနာလိုစိတ်ဟာ သူတို့ကိုယ်တိုင်လျှော့ချမှသာ လျော့ပြီး ပပျောက်မှာဖြစ်ကြောင်း ၊ ကိုယ်ဒီလိုဝယ်ပေးလိုက်လို့ ကိုယ့်ကို ချက်ချင်းအကောင်းမြင်ပြီး ပြောင်းလဲသွားမှာမျိုး မဟုတ်ကြောင်း ရှင်းပြရတယ်။ ဒါ့အပြင် ကိုယ်ဘာဝယ်ဝယ် သူ့ကိုပါ လိုက်ဝယ်ပေးနေရမယ့် အကျင့်ဟာ ရေရှည်မကောင်းဘူးဆိုတာကိုပါ ရှင်းပြရတယ်။

Mind Filter ဟာ မိမိစိတ်ထဲ ဖြစ်လာတဲ့ မကောင်းတဲ့ စိတ်တွေကို ရှင်းထုတ်တဲ့အပြင် မကောင်းတဲ့စိတ်အခြေခံနဲ့  မိမိကို မကောင်းကြံတတ်သူတွေကိုလည်း သတိထားပြီး ဖြစ်နိုင်ရင် ခပ်ဝေးဝေးနေနိုင်သမျှနေ ၊ မဖြစ်နိုင်ရင်တော့ ဒီလိုလူတွေကို သတိထားပြီးနေသင့်ကြောင်းကို Alert လုပ်ပြီး သတိပေးတယ်။

Mind Filter လေးကိုသာ အမြဲသတိထားလေ့ကျင့်ဖြစ်နေမယ်ဆို မကောင်းတဲ့စိတ်တွေ ပေါ်လာပြီဆိုတာနဲ့ ချက်ချင်းသိပြီးစစ်ထုတ်နိုင်မယ်။ ဒီမကောင်းတဲ့ စိတ်ညစ်သင်္ကေတတွေရဲ့ အခြေခံကို ကိုယ်က သိနှင့်ပြီးသားမို့ ကိုယ့်အပေါ် မကောင်းကြံနိုင်တဲ့သူတွေဆိုလည်း စိတ်ကအလိုလို သိလာတယ်။ ဒီလိုဆို အပေါင်းအသင်းမှားတာ ၊ အပေါင်းအသင်းကြောင့် ဒုက္ခရောက်တာ ၊ နောက်ကျောဓါးနဲ့ထိုးမယ့်သူတွေကို ကြိုသိပြီးရှောင်နိုင်လာမှာပေါ့။

အပေါင်းလက္ခဏာနဲ့ သင်္ကေတသဘောကို တကယ်သိနားလည်ပြီး အဖြေမရှာနိုင်သေးသမျှ အမြှောက် ၊ အစား လက္ခဏာတွေဟာ တွက်ချက်ဖို့ ခက်နေနိုင်ပါတယ်။ ဒီလိုဆိုဘယ်လိုအဖြေမှန်ရှာဖွေတွက်ချက်နိုင်မလဲနော်။ အသိစိတ်ကလေးကပ်ပြီး သတိလက်ကိုင်ထားဖို့ ခက်နေသမျှ လောဘ ၊ ဒေါသ ၊ မောဟတွေ ကိုယ့်စိတ်ထဲ ခိုးကြောင်ခိုးဝှက်ဝင်လာပြီး မိမိစိတ်ထဲ အမြစ်တွယ်လိုက်တာ သတိထားမိဖို့ ခက်နေနိုင်ပါတယ်။

အပေါင်းအသင်းတစ်ယောက်မှ မရှိရင်တောင် မိမိတစ်ယောက်တည်း ပျော်အောင် နေထိုင်ပြီး မိမိဝါသနာတွေနဲ့ အဖော်ပြုနေထိုင်တတ်ဖို့ သမီးလေးကို ကျွန်မသင်ပေးထားတယ်။ အပေါင်းအသင်းမှားပြီး ဒုက္ခရောက်တာထက်စာရင် မိမိတစ်ယောက်တည်း သီချင်းနားထောင်နေတာ ၊ ပန်းချီဆွဲနေတာ ၊ တူရိယာတခုခုတီးနေတာ ၊ စာဖတ်နေတာတွေက မိမိအတွက် ပိုအကျိုးရှိလို့ပါ။

ကိုယ့်လက်ထဲဘာမှမရှိရင်နေ ၊ ကံငါးပါးကျူးလွန်ပြီး ရလာတဲ့အရာတွေနဲ့ မပျော်မွေ့တတ်ဖို့ ကျွန်မသင်ထားတယ်။ ကိုယ့်ဘာသာမှန်မှန်ကြိုးစား ၊ ကံငါးပါးလုံပြီး ကြိုးစားလို့ရလာတာတွေကမှ ကိုယ့်ကြိုးစားမှုနဲ့ ထိုက်တန်တာ။ သူများကိုနင်းပြီးမှ ကိုယ်တက်ရမယ်ဆို အဲဒီနေရာကို ဘယ်တော့မှမသွားနဲ့။ ဘာဖြစ်လို့လဲဆို အခြေမခိုင်ဘဲ ခွကျော်တက်ခဲ့တဲ့ကိုယ့်ကို နင်းပြီးတက်မယ့်သူတွေလည်း ဒီနေရာအတွက် ချောင်းရင်းစောင့်နေကြတယ်ဆိုတာ ပြောပြခဲ့တယ်။

ရတာလေးနဲ့ ကျေနပ်တတ်ဖို့ ၊ ရှိတာလေးနဲ့ ပျော်အောင်နေထိုင်တတ်ဖို့ ၊ မိမိစိတ်လုံစွာနဲ့ အိပ်စက်တတ်ဖို့ ၊ မိမိကြိုးစားမှုနဲ့ ထိုက်တန်တာကိုပဲမက်ဖို့ ၊ ဘဝကို အချောင်မလိုက်ဖို့ ၊ တပါးသူတွေကို ခြေထိုးမခံဖို့ ၊ မှန်ကန်တဲ့ အတွေးအခေါ်နဲ့ ဖြောင့်မတ်စွာ ပြောဆိုလုပ်ကိုင်ဆောင်ရွက်တတ်ဖို့ ၊ မကောင်းမှုရှောင် ကောင်းမှုဆောင်ဖို့ဆိုတာတွေဟာ ကျွန်မတို့ ဗုဒ္ဓဘာသာမှာ အသေးစိတ်ပါဝင်နေပါတယ်။

ကျွန်မရေးသားခဲ့တဲ့ ကလေးများအား ဆုံးမသွန်သင်ခြင်း အပိုင်း(၁) ကနေ အပိုင်း(၁၁)အထိ ဖတ်ပြီး ကလေးတွေကို သင်ပေးနိုင်ရင်ကို အတော်တရားမျှမျှတတ တွေးခေါ်လုပ်ကိုင်နိုင်နေပြီ။ အဲဒီအချက်တွေဟာလည်း ဗုဒ္ဓဘာသာကို အခြေခံပြီး ရေးသားထားတဲ့ အချက်တွေချည်းပဲမို့ ဒါတွေလုပ်ကိုင်နိုင်သူမှန်သမျှဟာ တရားရိပ်နဲ့ စိတ်ထဲမှာ အတော်အေးချမ်း ကြည်လင်နေမှာပါ။

ကျွန်မရဲ့သမီးလေး ခုမှ(၇)နှစ်ကျော်ရုံပဲရှိသေးတယ်။ ရှေ့လျောက် လောကဓံဆိုတာနဲ့ လူအမျိုးမျိုးကို ကြုံရဦးမှာပါ။ အခြေမခိုင်ရင် စိတ်တွေယိုင်မှာစိုးတဲ့အတွက် စိတ်အခြေ ခိုင်မာအောင် ဗုဒ္ဓဘာသာကို အခြေခံပြီး သင်ပေးထားပါတယ်။ သိအောင်သင်ပြီးရင် ၊ ကျင့်အောင်လည်း တိုက်တွန်းရပါတယ်။ သိပြီးကျင့်ပါမှ တကယ်နားလည်တတ်မြောက်သွားတာပါ။ သိရုံနဲ့ မကျင့်ဘူးဆိုရင် အဲဒီအသိဟာ မခိုင်မာပါဘူး။ မကောင်းတဲ့စိတ် အားကောင်းတဲ့အခါမှာ အဲဒီကောင်းတဲ့အသိလေးဟာလည်း မှိန်ဖျော့သွားနိုင်ပါတယ်။

ကျွန်မသမီးကို ခေတ်ပေါ်အတတ်ပညာ ၊ အသိပညာတွေ သင်ကြားပေးရဦးမှာဖြစ်သလို ဗုဒ္ဓအဆုံးအမအောက်မှာ စိတ်ငြိမ်းချမ်းတဲ့ မိန်းကလေးတစ်ယောက်အဖြစ် မကောင်းမှုရှောင် ၊ ကောင်းမှုတွေလုပ်ဖို့ သင်ပေးရဦးမယ်။ တနေ့တစ်နာရီလောက် ကိုယ်ပိုင်အားလပ်ချိန်လေးမှာ ကျွန်မကိုယ်တိုင်လည်း လေ့လာချင်တာတွေကို ဆက်လေ့လာရဦးမယ်။ သင်စရာတွေက သေတဲ့အထိ မကုန်နိုင်ဘူးကိုး။ သင်ယူလိုစိတ်ရှိနေသမျှ သင်ယူစရာတွေအရမ်းများပါတယ်။

ကျွန်မရေးသားထားခဲ့တဲ့ ကလေးများအား ဆုံးမသွန်သင်ခြင်း အပိုင်း(၁) ကနေ အပိုင်း(၁၀)အထိကို အောက်မှာလင့်ခ်တွေနဲ့ ပြန်ဖော်ပြပေးလိုက်ပါတယ်။ မဖတ်ရသေးရင် လင့်ခ်တွေပေါ် ကလစ်နှိပ်ပြီးဖတ်ရှုနိုင်ပါတယ်။ အပိုင်း(၁၀)မှာ ပြောထားခဲ့သလို ကျွန်မဒီပို့စ်ရေးပြီးရင် စာရေးတာ ခဏနားဦးမယ်။ စာဖတ်သူတွေ ကျွန်မရဲ့စာတွေ ဖတ်ရှုပြီး အကျိုးရှိသွားတယ်ဆို ကျွန်မပျော်ရွှင်ကျေနပ်ပါတယ်။ ရေးစရာလေးတွေ ချမှတ်ထားပြီး များလာရင် ထပ်ဆုံကြတာပေါ့။ အားလုံး စိတ်၏ချမ်းသာခြင်း ၊ ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံကြပါစေလို့ ဆုတောင်ပေးလိုက်ပါတယ်။

ရတု  (Burmesehearts.com)

 

ကလေးများအား ဆုံးမသွန်သင်ခြင်း အပိုင်း(၁) 

ကလေးများအား ဆုံးမသွန်သင်ခြင်း အပိုင်း(၂)

ကလေးများအား ဆုံးမသွန်သင်ခြင်း အပိုင်း(၃)

ကလေးများအား ဆုံးမသွန်သင်ခြင်း အပိုင်း(၄)

ကလေးများအား ဆုံးမသွန်သင်ခြင်း အပိုင်း(၅)

ကလေးများအား ဆုံးမသွန်သင်ခြင်း အပိုင်း(၆)

ကလေးများအား ဆုံးမသွန်သင်ခြင်း အပိုင်း(၇)

ကလေးများအား ဆုံးမသွန်သင်ခြင်း အပိုင်း(၈)

ကလေးများအား ဆုံးမသွန်သင်ခြင်း အပိုင်း(၉)

ကလေးများအား ဆုံးမသွန်သင်ခြင်း အပိုင်း(၁၀)

You might also like
Leave a comment